သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပညာရေးအသုံးစရိတ်တိုးပေးဖို့ ဆန္ဒပြတဲ့ ရတနာပုံကျောင်းသားတချို့ ကျောင်းထုတ်ပယ်ခံရ


ပညာရေးအသုံးစရိတ်တိုးပေးဖို့ ရတနာပုံတက္ကသိုလ်ကျာင်းသားတွေ ဆန္ဒပြ (သတင်းဓာတ်ပုံ- ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ)
ပညာရေးအသုံးစရိတ်တိုးပေးဖို့ ရတနာပုံတက္ကသိုလ်ကျာင်းသားတွေ ဆန္ဒပြ (သတင်းဓာတ်ပုံ- ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ)

ပညာရေးအသုံးစရိတ်မြင့်တင်ပေးဖို့ မန္တလေး ရတနာပုံ ကျောင်းဝင်းနဲ့ စာသင်ခန်းတွေမှာ ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ ဆန္ဒပြကျောင်းသားအချို့ကို ကျောင်းစည်းကမ်းဖောက်ဖျက်မှုနဲ့ ရတနာပုံတက္ကသိုလ်က ကျောင်းထုတ်ပယ်လိုက်တယ်လို့ ရတနာပုံတက္ကသိုလ်ကထိကတဦးက ပြောပါတယ်။ စစ်အသုံးစရိတ်ထက် ပညာရေးအသုံးစရိတ်ပိုမိုသုံးစွဲဖို့ တောင်းဆိုခဲ့ကြတဲ့သူတွေကို ကျောင်းကအခုလို ထုတ်ပယ်လိုက်တာဟာ အရပ်သားအစိုးရလက်ထက် လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့် ဆုံးရှုံးပြီး ဒီလုပ်ရပ်ဟာ ဒီမိုကရေစီစံနှုန်းနဲ့မညီဘူးလို့ ကျောင်းသားအရေးလှုပ်ရှားသူတွေက ဝေဖန်လိုက်ပါတယ်။ မဆုမွန် ဆက်ပြောပြပါမယ်။

ပညာရေးအသုံးစားရိတ်တိုးမြင့်ပေးဖို့အတွက် မန္တလေးတိုင်း ရတနာပုံတက္ကသိုလ်မှာ ရတနာပုံ တက္ကသိုလ် ကျောင်းသားတွေ ဦးဆောင်ပြီးတော့ ဇန်နဝါရီလ ၂၂ရက်နေ့မှ စတင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။

ရတနာပုံတက္ကသိုလ်က ဆန္ဒပြကျောင်းသားတွေကို ဇန်နဝါရီ ၂၅ရက်နေ့ မနက်ပိုင်းမှာ မန္တလေးတိုင်းအစိုးရအဖွဲ့က ထိန်းသိမ်းပြီး မိဘလက်ထံ ပြန်အပ်နှံခဲ့ပြီးတဲ့နောက်မှာတော့ ဒီကနေ့ ဇန်နဝါရီလ ၂၆ရက်နေ့ ရက်စွဲနဲ့ ဆန္ဒပြပွဲကို ဦးဆောင်ခဲ့တဲ့ ရတနာပုံတက္ကသိုလ်ကျောင်းသားတချို့ကို ရတနာပုံတက္ကသိုလ် ပါမောက္ခချုပ်ကိုယ်စား သင်တန်းရေးရာဌာနမှုးကနေ၂၀၁၇-၂၀၁၈ ပညာသင်နှစ်မှစပြီး ထုတ်ပယ်ကြောင်း ပါမောက္ခချုပ် ၊ ဌာနမှူး၊ ကျောင်းအုပ်တွေအားလုံးကို အကြောင်းစာပေးပို့ခဲ့ပါတယ်။

ဆန္ဒပြကျောင်းသားတချို့ ဘာကြောင့် ထုတ်ပယ်ခံရပါသလဲဆိုတာကိုတော့ မန္တလေး ရတနာပုံတက္ကသိုလ်က အင်္ဂလိပ်စာဌာနက ကထိက ဦးသုတက ဗွီအိုအေမြန်မာပိုင်းကို အခုလိုပြောပါတယ်။

"၂၀၁၇-၁၈ ပညာသင်နှစ်မှစလို့ ရပ်စဲလိုက်သည်လို့ပဲ ပါပါတယ် သူတို့ဘက်က ပြန်ပြီး complain လုပ်လို့ရပါတယ်။ နှစ်ဘက်ပြေလည်မယ့် နည်းလမ်းကို ကျနော်တို့လည်း ဘေးကနေ ဝိုင်းပြီးတော့ ကြိုးစားပေးခဲ့တယ် ဒါပေမဲ့ ကျောင်းသားတွေက လက်မခံခဲ့ဘူး။ အဲ့တော့ တိုင်းဒေသကြီးအစိုးရက ငြင်ငြင်သာသာနဲ့ ကိုင်တွယ်လိုက်တယ်။ ကိုင်တွယ်လိုက်တဲ့အခါမှာ သူတို့က ကျောင်းကိုပြန်လာတယ် ပြန်လာပြီးတော့မှ ရုံးခန်းကို ပြန်သိမ်းလိုက်တဲ့အချိန်မှာပဲ သူတို့က သော့ဖွင့်ပြီးတော့ သူတို့ရုံးခန်းဆိုပြီးတော့ ပြန်တက်တယ်ပေါ့။ အဲ့မှာ အခြေအနေက ကျောင်းထုတ်ရမယ့် အခြေအနေရောက်သွားတာကိုး ။ သူတို့ကလည်း သူတို့ရုံးခန်းကို ပြန်သိမ်းရတယ်ဆိုတာ သူတို့ကို ကျောင်းဘက်က စာထုတ်တယ်ပေါ့။ အဲ့တာကို သူတို့က လက်မခံတာပေါ့ လက်မခံပဲနဲ့ ရုံးခန်း ပြန်လည် သိမ်းပိုက်ခြင်းတွေ ဘာတွေ ဆိုပြီး လုပ်တယ်ဆိုပြီး ကျနော်တို့ ကနဦးသတင်းတွေ ကြားတယ်ခင်ဗျ။ အဲ့တော့ ကျောင်းက သူ့ဥပဒေအရ အရေးယူတော့မှာပေါ့ ကျောင်းပစ္စည်းတွေ ဖျက်ဆီးခြင်းဆိုရင် ဘယ်လောက် ဘယ်လောက်နဲ့ အရေးယူမယ်ပေါ့ အဲ့တာကြောင့် သူတို့ ဒါ လွှတ်တော်ကို သွားလိုက်မယ်ဆိုရင် နှစ်ဘက်စလုံး အဆင်ပြေနိုင်မယ့် လမ်းကြောင်းကို မလျှောက်ခဲ့လိုက်တဲ့အတွက် ကျနော်တို့ စိတ်မကောင်းဖြစ်ရတယ် ဝမ်းနည်းရတာပေါ့နော်။"

အခုလို ကျောင်းသားတွေကို ကျောင်းက ထုတ်ပယ်လိုက်တာဟာ အရပ်သားအစိုးရလက်ထက် ကျောင်းသားတွေရဲ့ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်မှုကို ဟန့်တားနှောင့်ယှက်တာဖြစ်ပြီး ဒါဟာ ဒီမိုကရေစီစံနှုန်းနဲ့ မညီဘူးလို့ အရင်အစိုးရလက်ထက်က ဒီမိုကရေစီပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး ဦးဆောင်ဆန္ဒထုတ်ဖော်ခဲ့သူတဦးဖြစ်တဲ့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားသမဂ္ဂက ကိုမင်းသွေးသစ်က အခုလိုဝေဖန်လိုက်ပါတယ်။

" ရတနာပုံက ဒီနေ့ စထွက်တယ် နောက်ကျောင်းတွေ ဘာတွေ လာမလားတော့ မသိဘူး။ အခုက ကျောင်းသားကို ကျနော်တို့ခေတ်ကလို ထောင်တွေ တန်းတွေ ချပြိးတော့ ဖိနှိပ်တာမျိုးမဟုတ်ပဲနဲ့ ပုံစံတမျိုးနဲ့ ဖိနှိပ်တယ်လို့ ကျနော်တို့က ယူဆပါတယ်။ ဒီဥစ္စာ လက်ခံလို့မရပါဘူး။ ကျောင်းသားတယောက်ကို ပညာသင်ခွင့် ရပ်စဲလိုက်တယ်ဆိုတာ သူ့အနာဂတ်ကို ရိုက်ချိုးပြီး ဖျက်ဆီးလိုက်တာနဲ့ အတူတူပါပဲ။ တကယ်တမ်းကျတော့ ကျောင်းသားက ကျောင်းသားအလုပ်လုပ်တာပါ။ ကိုယ့်ပညာရေးအတွက် ကိုယ်တောင်းဆိုတာဖြစ်တယ် ပြီးတော့ စစ်အသုံးစရိတ် ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အသုံးစရိတ်ကို အသုံးချပြီးမှ ပညာရေးကို တိုးသုံးပေးဖို့ တောင်းတာဖြစ်တယ်။ ပြီးတော့ ကျနော်တို့ မတန်တဆ ရာခိုင်နှုန်း တောင်းတာမဟုတ်ဘူး။ ကာကွယ်ရေး ၁၄% သုံးလို့ရှိရင် ပညာရေး ကျန်းမာရေးဘက်မှာလည်း ရာခိုင်နှုန်းတိုးသုံးပေးဖို့ ဆိုတာ ကျနော်တို့ တောင်းဆိုတာဖြစ်တယ်။ ဒီဟာအပေါ်မှာ ကျောင်းသားက ကျောင်းသားအလုပ်လုပ်တာပါ ဆူချင်ပူချင်လို့ လုပ်တာလည်းမဟုတ်သလို ဘယ်သူ့ကိုမှ ကန့်လန့်တိုက်ချင်လို့ လုပ်တာလည်း မဟုတ်ဘူး။ ကျနော်တို့က ကိုယ့်အလုပ်ကိုယ်လုပ်တဲ့အပေါ် ကိုယ့်တောင်းဆိုချက် ကိုယ်တောင်းဆိုတဲ့အပေါ်မှာ ဒါမျိုး ဖိနှိပ်တာကိုတော့ လက်ခံလို့မရပါဘူး။"

ပညာရေးအသုံးစရိတ်မြင့်တင်ပေးရေး ရတနာပုံတက္ကသိုလ်ကျောင်းသားတွေရဲ့ ဆန္ဒထုတ်ဖော်မှုအပေါ် ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန တက္ကသိုလ်တာဝန်ရှိသူတွေ၊ မန္တလေးမြို့မိမြို့ဖတွေနဲ့ ဆရာ၊ ဆရာမတွေဘက်က ကြားဝင်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပေမဲ့လို့ အခြေအနေက အခုလို အနေအထားဖြစ်သွားရတယ်လို့ လည်း ရတနာပုံတက္ကသိုလ်က အင်္ဂလိပ်စာဌာနက ကထိက ဦးသုတက ရှင်းပြပါတယ်။

"မန္တလေးမှာ သြဇာတိက္ကမကြီးတဲ့ စာရေးဆရာ ညီပုလေးတို့ပေါ့နော် သူကိုယ်တိုင် ညကြီး လာပြီးတော့ အချိန်ယူ ဆွေးနွေးတယ်။ အပြင်ကလူတွေ စကားနားထောင်မလားပေါ့ ဆရာညီပုလေးတို့ဆိုလည်း ဘာပဲပြောပြော ကျောင်းသားသမဂ္ဂအပိုင်းမှာရော မိဘဖိုးဘွား လက်ထက်ကတည်းက နိုင်ငံရေးသမိုင်းမှာ နာမည်ကောင်းတဲ့ ပုဂ္ဂိုလ်တွေကလည်း သူတို့က လာပြီး ဖြောင်းဖြတာရှိတယ်။ ကျောင်းသားတွေကိုယ်တိုင် ကျောင်းသားသမဂ္ဂခေါင်းဆောင်တွေကိုယ်တိုင်ကိုက လက်မခံတာပါခင်ဗျ။"

ရတနာပုံတက္ကသိုလ်ကျောင်းသားတွေရဲ့ ပညာရေး အသုံးစရိတ်မြင့်တင်ပေးရေး ကော်မတီတရပ်အနေနဲ့ လှုပ်ရှားမှုတွေလုပ်ဖို့ ဆန္ဒထုတ်ဖော်မှုကို ပဲခူး၊ ရမည်းသင်းနည်းပညာတက္ကသိုလ်၊ မြင်းခြံဒီဂရီကောလိပ်စတဲ့ ကျောင်းတွေက ကျောင်းသားတွေကလည်း ထောက်ခံဆန္ဒပြခဲ့ကြပါတယ်။ အခုလို ရတနာပုံတက္ကသိုလ်ကျောင်းဝန်းအတွင်း ပညာရေးအသုံးစရိတ်တိုးမြှင့်ပေးရေး တောင်းဆိုဆန္ဒပြပွဲတွေမှာ ဦးဆောင်ပါဝင်တဲ့ ကျောင်းသားသမဂ္ဂရဲဘော်တွေကို တက္ကသိုလ်က ကျောင်းထုတ်ပယ်လိုက်တဲ့အပေါ် ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ(ဗကသ)များ အဖွဲ့ချုပ်က ကန့်ကွက်ကြောင်း ကြေညာချက်ထုတ်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG