မလေးရှားနိုင်ငံမှာ ဆယ်စုနှစ်နဲ့ချီ အုပ်ချုပ်လာတဲ့ အာဏာရပါတီကို ဝန်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက် ဦးဆောင်တဲ့ အတိုက်အခံ ညွန့်ပေါင်း အင်အားစုတွေက ရွေးကောက်ပွဲမှာ အနိုင်ရသွားပါပြီ။ ဒေသတွင်းက ထူးခြားတဲ့ နိုင်ငံရေး အခြေအနေတွေကို စိတ်ဝင်တစား စောင့်ကြည့်နေကြတဲ့ မြန်မာ့အရေး အကဲခတ်တွေကတော့၊ မလေးရှားနိုင်ငံရေး အပြောင်းအလဲကနေ မြန်မာ့နိုင်ငံ အနေနဲ့ သင်ခန်းစာယူစရာတွေ ရှိနေတယ်လို့လည်း မြင်ကြပါတယ်။ အပြည့်အစုံကိုတော့ ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်။
မလေးရှားနိုင်ငံက ရွေးကောက်ပွဲမှာ တချိန်က ဝန်ကြီးချုပ်အဖြစ် ကိုယ်စားပြုတာဝန်ယူခဲ့ဖူးတဲ့ အာဏာရပါတီကို ဆန့်ကျင်ပြီး၊ ဝန်ကြီးချုပ်ဟောင်း Mahathir Mohamad အနိုင်ရလိုက်တဲ့အတွက် ကြီးမားတဲ့ နိုင်ငံရေး အပြောင်းအလဲတခု ဖြစ်ခဲ့တာပါ။ မလေးရှားနိုင်ငံမှာ လွတ်လပ်ရေးရခဲ့တဲ့ ၁၉၅၇ ခုနှစ်ကတည်းက တိုင်းပြည်ကို အုပ်ချုပ်လာခဲ့တဲ့ အာဏာရ Barisan National ညွန့်ပေါင်းအစိုးရကိုတော့ မဟာသီယာ ဦးဆောင်တဲ့ Alliance of Hope မျှော်လင့်ချက် ညွန့်ပေါင်းအဖွဲ့လို့ အမည်ပေးထားတဲ့ အတိုက်အခံ အင်အားစုက အနိုင်ရခဲ့တာလည်း ဖြစ်ပါတယ်။ ဒီလိုမလေးရှားနိုင်ငံက နိုင်ငံရေး အပြောင်းအလဲတွေကနေ မြန်မာနိုင်ငံအနေနဲ့ သင်ခန်းစာယူနိုင်တာတွေ ရှိတယ်လို့ ဆိုသူကတော့ မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအဖွဲ့ (မြန်မာနိုင်ငံ) က ဦးအောင်သူငြိမ်း ဖြစ်ပါတယ်။
"အထူးသဖြင့်တော့ Maharhir ကိုကြည့်မယ်ဆိုရင်တချိန်တုန်းကလည်း အာဏာရှင်ပဲခင်ဗျ။ အရင်တုန်းကလည်း အန်နဝါကို သူကိုယ်တိုင် အရေးယူခဲ့တာရှိတယ်ပေါ့နော် အခု ကျတော့ ပြန်လက်တွဲနိုင်တယ်။ နောက်တခုကျတော့ လက်ရှိအစိုးရကို ဖြုတ်ချဖို့ အတိုက်အခံပါတီဝင်တွေနဲ့ သူတို့ စည်းရုံးနိုင်တယ်ပေါ့နော် ဒါတွေကတော့ ကျနော်ထင်တယ် သင်ခန်းစာယူသင့်တဲ့ ကိစ္စလို့ ကျနော်ထင်ပါတယ်။"
ဝန်ကြီးချုပ်ဟောင်း နာဂျစ်ဘ် ရွေးကောက်ပွဲမှာ အရေးနိမ့်သွားရတဲ့ အဓိကအကြောင်းထဲမှာ 1MDB လို့လူသိများတဲ့ နိုင်ငံပိုင် ရင်းနှီးမြှုပ်နှံမှု ဘဏ္ဍာတွေကို အကြီးအကျယ် အလွဲှသုံးစားလုပ်မှုအပြင်၊ ကျေးလက်ဆင်းရဲသားတွေ ပိုပြီးထိခိုက်စေမယ့် ကုန်ရောင်းခွန် ကောက်ခံတဲ့ကိစ္စ တွေလည်း ပါဝင်ပါတယ်။
တကယ်တော့ နိုင်ငံရေးမှာ အမြဲတမ်းမိတ်ဆွေ အမြဲတမ်းရန်သူမရှိပဲ၊ နိုင်ငံနဲ့ ပြည်သူလူထုအကျိုးကို ရှေ့ရှုကြမယ်ဆိုရင် ဆန့်ကျင်ဘက် အုပ်စုတွေ သဘောထားကြီးစွာ နိုင်ငံရေးမှာ ပူးပေါင်းလုပ်ဆောင်ဖို့ လိုတယ်ဆိုတာကို မလေးရှားရွေးကောက်ပွဲကနေ သင်္ခန်းစာယူမိတယ်လို့ ထောက်ပြလာသူကတော့ ညီမျှခြင်းမြန်မာ လူ့အခွင့်အရေးလှုပ်ရှားမှုအဖွဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်း ဖြစ်ပါတယ်။
"မလေးရှားမှာ ဝန်ကြီးချုပ်ဟောင်း မဟာသီယာ ပြန်ပြီးတော့ တက်လာတယ်။ တိုင်းပြည်ကောင်းကျိုးကိုမျှော်မှန်းပြီးတော့ အရင်တုန်းက သူနဲ့ သိပ်အဆင်မပြေတဲ့ Anwar Ibrahim ကို လက်တွဲလုပ်ဆောင်မယ်ဆိုတဲ့ဟာကို ကျနော်တွေ့လာတယ်။ နောက်ပြီးတော့ ဘာမြင်ရသလဲဆိုတော့ တိုင်းပြည်အခြေအနေကို ပကတိအတိုင်း ရှုမြင်တယ် နောက်ပြီးတော့ တိုင်းပြည်အတွက်အကောင်းဆုံးဘယ်လိုလုပ်နိုင်မလဲဆိုတဲ့ လမ်းကြောင်းကို ချပြီးတော့ ပြည်သူအတွက်အကျိုးရှိမယ့်ဟာကို သူ့အနေနဲ့ ဖော်ဆောင်သွားတယ်လို့ ယူဆတယ်။ နိုင်ငံရေးကအဲဒီအတိုင်းပါပဲခင်ဗျ။ တခါတလေကျရင် အရင်တုန်းကဖြစ်ခဲ့တာတွေရှိတယ် ။ အဲဒါတွေက ထာဝရ ရန်သူမဖြစ်နိုင်သလို၊ ထာဝရမိတ်ဆွေလည်း မဖြစ်နိုင်ဘူး။"
မြန်မာ့နိုင်ငံရေး အခြေအနေကိုကြည့်ရင် ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေအတွက် ပြုပြင်ပြောင်းလဲမှုတွေ လုပ်သွားမယ်လို့ ကတိပေးခဲ့တဲ့ အာဏာရ NLD ပါတီရဲ့ ရွေးကောက်အလွန်ကာလ လုပ်ဆောင်ချက်တွေအပေါ် ပြည်သူလူထုရဲ့ အားမလိုအားမရ အပိုင်းတွေ မြင့်တက်လာနေပါတယ်။ ဒါပေမယ့်လည်း ဒေါ်အောင်ဆန်းစုကြည်အပေါ် ထောက်ခံမှုတွေ ဆက်ရှိနေသေးတာကြောင့် လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ မလေးရှား ရွေးကောက်ပွဲလို သိသိသာသာကြီး ရှုံးနိမ့်သွားမယ့်အလားအလာ မရှိသေးဘူးလို့ ဦးအောင်သူငြိမ်းက သုံးသပ်ပါတယ်။
"ကျနော်မြင်တာကတော့ အခုအစိုးရအနေနဲ့ စွမ်းဆောင်မှုအားနည်းတာမျိုးတွေရှိမယ်။ ခုနက အကျဉ်းသားကိစ္စတွေ ငြိမ်းချိမ်းရေးမအောင်မြင်တာတွေ ဒါတွေရှိနိုင်ပါတယ်။ ဒါပေမယ့် ကျနော်မြင်တာက ပြည်သူတွေမဲပေးတာက သူတို့ Perception လို့ခေါ်တဲ့ ထင်မြင်ချက်ပေါ့နော် ။ ဒီအစိုးရက သိပ်ပြီးတော့ အကျင့်ပျက်ချစားနေတယ်ဆိုရင်တော့ ဒီလူတွေက မကြိုက်ဘူးခင်ဗျ ။ နောက်တခုကအထူးသဖြင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုပေါ့နော်။ စီးပွားရေး သိပ်ကျပ်လာရင်တော့ လမ်းပေါ်ထွက်လာနိုင်တဲ့ အနေအထားရှိတယ်ပေါ့နော်။ အဲဒီတော့ ကျနော်ထင်တယ် ခုနကပြောတဲ့ ပြဿနာမျိုးလောက်နဲ့တော့ ပြည်သူတွေက NLD ကိုပစ်ပယ်ပြီး တခြားပါတီရွေးဖို့ဆိုတာကလည်း ခက်သေးတယ်ခင်ဗျ။ ဆိုတော့ လက်ရှိအစိုးရထဲမှာ အကျင့်ပျက်ချစားတယ် ၊ စီးပွားရေးက မအောင်မြင်ဘူး ကျပ်တည်းလာတယ်ဆိုရင်တော့ ပြည်သူတွေအနေနဲ့ တောက်တမျိုး စဉ်းစားလာမှာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။"
တကျော့ပြန် ဝန်ကြီးချုပ် ဖြစ်လာတဲ့ မဟာသီယာဟာ မလေးရှားနိုင်ငံကို ၁၉၈၁ ခုနှစ်ကနေ ၂၀၀၃ ခုနှစ်အထိ အုပ်ချုပ်ခဲ့ဖူးပြီး တိုင်းပြည်စီးပွားရေး ကောင်းအောင် စီမံနိုင်ခဲ့တဲ့အတွက် ချီးကျုးခံရသူ ဖြစ်ပေမဲ့ နိုင်ငံရေး အတိုက်အခံတွေနဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုတွေကို ဖိနှိပ်သူအဖြစ်နဲ့လည်း ဝေဖန်ခံရသူ ဖြစ်ပါတယ်။
Your browser doesn’t support HTML5