မလေးရှားဝန်ကြီးချုပ်သစ် Mahathir Mohamad က ရွေးကောက်ပွဲကာလတွေအတွင်း သူပေးထားခဲ့တဲ့ ကတိအတိုင်း အတိုက်အခံခေါင်းဆောင် Anwar Ibrahim လွတ်ငြိမ်းချမ်းသာခွင့်ရအောင် ဆောင်ရွက်သွားဖို့ အဆင်သင့်ရှိကြောင်း ပြောကြားလိုက်ပါတယ်။
“သူ့ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးရေးအတွက် အမြန်ဆုံးဆောင်ရွက်ရေး ကျနော်တို့အားလုံး သဘောတူထားကြပြီးသားပါ။ သူဟာ မကြာခင်ပြန်လည် လွတ်မြောက်လာတော့မှာပါ။ ဒါပေမယ့် ဘုရင်က သူ့ကို အပြည့်အ၀ လွတ်ငြိမ်းချမ်းသာခွင့်ပေးတာကို ကျနော်တို့ လိုချင်ပါတယ်။ အဲဒီလိုမှလဲ သူ့ဆန္ဒရှိတဲ့အတိုင်း နိုင်ငံရေးကို လွတ်လပ်စွာ လုပ်နိုင်မှာဖြစ်ပါတယ်။”
အတိုက်အခံခေါင်းဆောင် Anwar ဟာ အဂတိလိုက်စားမှု၊ လိင်တူခြင်းဆက်ဆံတို့နဲ့ အကျဉ်းကျခံနေရတာဖြစ်ပါတယ်။ ဒါပေမယ့် သူ့အပေါ် တင်ထားတဲ့ စွဲချက်တွေဟာ နိုင်ငံရေးရည်ရွယ်ချက်နဲ့ လုပ်ဆောင်ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
Anwar ဟာ ဒုတိယဝန်ကြီးချုပ်နဲ့ ဘဏ္ဍာရေးဝန်ကြီးတို့အဖြစ် Mahathir အစိုးရမှာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ၁၉၉၉ ခုနှစ်မှာ ရာထူးက ဖယ်ရှားမခံရခင်အထိ Mahathir ရဲ့ ဝန်ကြီးချုပ်ရာထူးကို ဆက်ခံမယ့်သူလို့ တစ်ပေးခံထားရသူ ဖြစ်ပါတယ်။ ဒါပေမယ့် သူ့ကို ဖမ်းဆီး ထောင်ချဖို့အတွက် Mahathir Mohamad ကဘဲ အမိန့်ပေးခဲ့တာပါ။
၁၉၈၁ ခုနှစ်ကနေ ၂၀၀၃ ခုနှစ်အထိ မလေးရှားဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ Mahathir Mohamad ဟာ သူဦးဆောင်တဲ့ အတိုက်အခံပါတီ ရွေးကောက်ပွဲမှာ အနိုင်ရလိုက်တဲ့အတွက် ဝန်ကြီးချုပ်အဖြစ် တကျော့ပြန် တာဝန်ထမ်းဆောင်ဖို့ မနေ့ မေလ ၁၀ ရက်နေ့မှာ ကျမ်းသစ္စာ ကျိန်ဆိုလိုက်ပြီ ဖြစ်ပါတယ်။
မလေးရှားနိုင်ငံ လွတ်လပ်ရေးရပြီးကတည်းက ကနေ့အချိန်အထိ နှစ်ပေါင်း ၆၀ ကျော်ကြာ ဆက်တိုက် အုပ်ချုပ်လာခဲ့တဲ့ အာဏာရ Barisan National ပါတီနဲ့ ညီညွတ်သောမလေးအမျိုးသားအစည်းအရုံး UMNO ညွန့်ပေါင်းအဖွဲ့ကို အတိုက်အခံ အုပ်စုတွေက ဗုဒ္ဓဟူးနေ့မှာ ကျင်းပတဲ့ အထွေထွေရွေးကောက်ပွဲအတွင်း ဖြုတ်ချလိုက်နိုင်တာပါ။
Mahathir ဟာ နိုင်ငံရေးကနေ နှစ်ပေါင်းမျာစွာ အနားယူထားရာက ပြန်ထွက်လာပြီး အာဏာရပါတီနဲ့ ဝန်ကြီးချုပ် Najib Razak တို့ကို ဖြုတ်ချနိုင်ရေးအတွက် တချိန်က သူ့ရဲ့ ပြိုင်ဘက်ပါတီဖြစ်ခဲ့ပြီး Anwar Ibrahim ပါ ပါဝင်တဲ့ Parakan Harapan ညွန့်ပေါင်းအဖွဲ့နဲ့ ပူးပေါင်းပြီး သူ့ရဲ့ တပည့်အရင်း Najib Razak ကို စိန်ခေါ်ခဲ့တာ ဖြစ်ပါတယ်။ သူ့အနေနဲ့ လက်ရှိမှာ ဝန်ကြီးချုပ်ရာထူးကို တာဝန်ထမ်းဆောင်မှာ ဖြစ်ပေမယ့် ထိန်းသိမ်းခံထားရတဲ့ Anwar Ibrahim ပြန်လည် လွတ်မြောက်ရေးအတွက် ကြိုးပမ်းပြီး သူ့ကို တချိန်မှာ အာဏာ လွဲပြောင်းပေးသွားမယ်လို့ Mahathir က ပြောပါတယ်။