မလေးရှားနိုင်ငံ အလယ်ပိုင်း ကင်မရွန်း ကုန်းမြင့်ဒေသ (Cameron Highlands) က Kuala Terla အရပ်မှာ မြေပြိုမှု ဖြစ်ပွားခဲ့တဲ့အတွက် မြန်မာနိုင်ငံသား ၃ ဦး သေဆုံးခဲ့ရတယ်လို့ မလေးရှားကလာတဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
သေဆုံးသူတွေဟာ အသက် ၂၃ နှစ်အရွယ်တွေ ဖြစ်တဲ့ ကိုအောင်သောင်းနဲ့ ဇနီး မနိုင်ဝေ၊ သူတို့ရဲ့မိတ်ဆွေ အသက် ၃၄ နှစ်အရွယ် မမူအေးအေး ဖြစ်ကြောင်း ကင်မရွန်းကုန်းမြင့်ဒေသ ရဲက ပြောပါတယ်။
သူတို့တွေဟာ တောင်ယာအလုပ်သမားတွေ ဖြစ်ပြီး တနင်္ဂနွေနေ့ မနက် ၃ နာရီလောက် မြေပြိုမှု ဖြစ်ပွားချိန်က အိပ်ပျော်နေကြ တယ်လို့ ပြောပါတယ်။ အဲဒီဒေသမှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့တာမို့ မြေပြိုကျတာဖြစ်ပြီး သူတို့နေထိုင်ရာ တဲအိမ်ဟာ လမ်းဘေးက တောင်စောင်းမှာ တရားမဝင်ဆောက်လုပ်ထားတဲ့ အိမ်ဖြစ်ကြောင်း လည်းပြောပါတယ်။
မနက် ၁၁ နာရီထိုးခါနီးမှ အိမ်ပြိုကျတဲ့ သတင်းရခဲ့ကြောင်းနဲ့ ရဲတွေ မီးသတ်နဲ့ ကယ်ဆယ်ရေးတွေ သွားရောက် ချိန်မှာတော့ ပြိုကျတဲ့ မြေအောက်ကနေ ၂ ယောက်ကို သူတို့ရဲ့ သူငယ်ချင်းတွေက တူးထုတ်ထားခဲ့တာ ဖြစ်ပြီး ၂ ဦးလုံးသေဆုံးနေပြီ လို့လည်း ရဲကပြောပါတယ်။ နောက်တဦၤးကိုတော့ နေ့လည် တနာရီခွဲလောက်မှာ ပြန်တူးထုတ်နိုင်ခဲ့တာပါ။ အလောင်းတွေကို အနားက ဆေးရုံကို ပို့ပြီး ဆေးစစ်ချက် ယူမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။
Your browser doesn’t support HTML5