ကချင်ပြည်နယ် ဖားကန့်ဒေသက ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းမှာ မြေပြိုကျရာက လူအများအပြား သေဆုံးခဲ့ရပြီးနောက် အခုအခါ ရှာဖွေကယ်ဆယ်ရေးတွေကို ရပ်လိုက်သလို အခင်းဖြစ်ရာနေရာကိုလည်း ယာယီပိတ်ထားလိုက်ပါတယ်။ ဒါပေမဲ့လည်း ဒေသခံ တက်ကြွလှုပ်ရှားသူတွေကတော့ အန္တရာယ်ရှိတဲ့ လုပ်ကွက်တွေကို အပြီးတိုင် ပိတ်ပစ်ဖို့နဲ့ ကျောက်မျက်ဥပဒေကို ပြင်ဆင်ပြီး တင်းတင်းကျပ်ကျပ် ထိန်းချုပ်ဖို့လည်း တိုက်တွန်းလိုက်ကြပါတယ်။ မဆုမွန် စုစည်းတင်ပြထားပါတယ်။
ပြီးခဲ့တဲ့ဇူလိုင်လ ၁၄ရက်နေ့ စနေနေ့ မွန်းလွဲ ၂နာရီလောက်က ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် လုံးခင်းအုပ်စု ဆန်ခါကျေးရွာအနီးက “ မဟာအစပထမ ကျောက်စိမ်းတူးဖော်ရေး” ကုမ္မဏီရဲ့ ကျောက်စိမ်းလုပ်ကွက် ကမ်းပါးနံရံပြိုကျမှုဖြစ်ပွားခဲ့လို့ ရေမဆေးကျောက်ရှာဖွေနေသူ အမျိုးသမီးတွေအပါအဝင်အနည်းဆုံး လူ၁၅ဦး သေဆုံးခဲ့သလို လူပေါင်း ၇၀ကျော်လောက် ထိခိုက်ဒဏ်ရာရခဲ့တဲ့အတွက် လုံးခင်းဆေးရုံ၊ ဖားကန့်ဆေးရုံနဲ့ မြစ်ကြီးနားဆေးရုံတွေကို အရေးပေါ်ပို့ဆောင်ဆေးကုသမှုပေးခဲ့ကြရပါတယ်။ မြေစာပုံအောက် လူအတော်များများပျောက်ဆုံးသွားဖွယ်ရှိပေမဲ့လို့ ရာသီဥတုနဲ့ မြေစာပုံလုပ်ငန်းခွင်အနေအထားအရ ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို ရပ်တန့်ထားလိုက်ပြီလို့ ဖားကန့်ဒေသခံတလည်းဖြစ် နယ်မြေခံသတင်းသမားတဦးလည်းဖြစ်တဲ့ ကိုဇော်မိုးထက်က မြေစာပုံပြိုကျမှု နောက်ဆုံးအခြေအနေကို အခုလိုပြောပြပါတယ်။
"အဲဒီနေ့မှာပဲ ရှာဖွေမှုရပ်ဆိုင်းဆိုတော့ နောက်နေ့မှာ ရှာမရတော့၊ ဒီနေ့လည်း ရှာတာ ရပ်ဆိုင်းပြီပေါ့ နောက်လည်းရှာလို့ရမှာမဟုတ်တော့ဘူး ။ ဘာဖြစ်လို့လဲဆိုတော့ ပြိုပြီးသား မြေစာကမ်းပါးက နောက်ထပ်ကျန်တာတွေလည်း မိုးရွာတဲ့အခါကျတော့ ထပ်ပြီးပြိုနေတာပေါ့နော် ။ အဲဒီတော့ ပြိုတဲ့နေရာကို သွားပြီးတော့ တူးဆွပြီးရှာဖွေလို့လည်းမရတော့ဘူး ။ ဘာဖြစ်လို့လဲဆိုတော့ ရေတွေရှိတဲ့အထဲကို ကမ်းပါးက ပြိုတယ်ဆိုတော့ နွံတွေလိုသွားဖြစ်နေတာလေ။ မိုးကလည်း ရွာနေတော့ ရှာလို့မရဘူး ။ သေဆုံးသူ အလောင်းရတာကတော့ ၁၆ လောင်း ၊ ဖြစ်ဖြစ်ချင်းကတော့ ၁၅ လောင်း အဲဒီ နောက် ၁၆ရက်နေမှာ ၁ လောင်း။ မြစ်ကြီးနားဆေးရုံကိုသွားရင်းနဲ့ လမ်းမှာ သေတာက ၂ လောင်း၊ လူပြောက်တိုင်တာက ၆ ယောက် အားလုံးပေါင်း ၂၄ ယောက်စာရင်းပြုစုလို့ ရသလောက်ဆိုရင်။ မြစ်ကြီးနားဆေးရုံကိုပို့လိုက်တာက ၁၉ ယောက် အဲဒီမှာ ၂ ယောက်ဆုံးသွားတယ်ပေါေ့နာ် လုံးခင်းဆေးရုံမှာတော့ ၁၃ ယောက် ၊ ဖားကန့်ဆေးရုံမှာ ၁၃ ယောက် ၊ ဖားကန့်ဆေးရုံမှာတော့ အတွင်းလူနာ ၉ ယောက် ။ မြို့နယ်ဆရာဝန်ကိုမေးတာကတော့ အသက်အန္တရာယ်စိုးရိမ်ရတာကတော့ မတွေ့ရပါဘူးတဲ့။ လောလောဆည် ဆေးကုသမှုခံယူနေတဲ့ လူနာတွေထဲမှာပေါ့နော် "
အခုလို ဖားကန့်ဒေသ ကျောက်စိမ်းတူးဖော်တဲ့ဒေသတွေမှာ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းခွင်တွင်းက စွန့်ပစ်မြေစာပုံတွေမှာ ရေမဆေးကျောက်ရှာဖွေသူတွေ မြေစာပုံတွေပြိုကျလို့ လူအစုလိုက်အပြုံလိုက်သေဆုံးမှုတွေ မကြာခဏဖြစ်နေရတဲ့အတွက် အစိုးရတာဝန်ရှိသူတွေဘက်က အန္တရာယ်များတဲ့ အန္တရာယ်ရှိတဲ့ နေရာတွေကို လုံးဝပိတ်သိမ်းပစ်လိုက်သင့်ပြီလို့ကချင်ပြည်နယ် တရားဥပဒေစိုးမိုးရေးနဲ့ တရားမျှတမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီရဲ့တာဝန်ခံဒေါ်ဒွဲဘူက တိုက်တွန်းလိုက်ပါတယ်။
"ဖားကန့်အခြေအနေအရကတော့ အလုပ်လုပ်လို့တော့မဖြစ်ဘူး ကျမတို့ ကြည့်တာပေါေ့နာ်။ ဒီဥပဒေပေါ်ထွက်လာတဲ့အထိ လုပ်ငန်းခွင်ကိုရပ်လိုက်တာကတော့ အကောင်းဆုံးပဲ ။ ဘယ်နေရာကမှ လုံခြုံစိတ်ချရတယ်ဆိုတာ မရှိတော့ဘူး။ အဲဒါကြောင့်မို့လို ပိတ်သိမ်းလိုက်တာ အန္တရာယ်အကင်းဆုံးလို့မြင်တယ်။ ပိတ်လိုက်ပြီးမှ နောင်လုပ်မယ်ဆိုရင်လည်း ပြန်လည်စမ်းစစ်ပြီးမှ လုပ်သင့်တယ်လို့မြင်တယ်။"
ကျောက်စိမ်းတွင်းမှာ အလွန်အကျွံစည်းကမ်းမဲ့တူးဖော်မှုတွေကြောင့် ဒီလိုလူသေဆုံးရတာ၊ သဘာဝပတ်ဝန်းကျင်နဲ့ ဂေဟစနစ်တွေ ဆိုးဆိုးဝါးဝါး ထိခိုက်မှုတွေဖြစ်လာနေတာတွေကို ဟန့်တားကာကွယ်နိုင်ဖို့အတွက် ခိုင်မာတဲ့ ကျောက်မျက်ဥပဒေပြဋ္ဌာန်းနိုင်ဖို့ ပြည်ထောင်စုလွှတ်တော်နဲ့ လွှတ်တော်တာဝန်ရှိသူတွေဘက်က အရေးတကြီး ဆောင်ရွက်သင့်ပြီလို့လည်း ကချင်ပြည်နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းတဦးလည်းဖြစ်ခဲ့ဖူးတဲ့ ဒေါ်ဒွဲဘူက ပြောပါတယ်။
"လက်ရှိပြည်ထောင်စုလွှတ်တော်မှာ ကျောက်မျက်ဥပဒေပြသင်တယ်။ အဲဒီ ကျောက်မျက်ဥပဒေကို အမြန်ဆုံးရေးဆွဲပြီးမှ နည်းဥပဒေရေးဆွဲဖို့လိုတယ်။ ဒါမှပဲ ဥပဒေတွေ နည်းဥပဒေတွေထွက်လာပြီဆိုရင် ကျမတို့ ကချင်ပြည်နယ်မှာ အသေးစားကျောက်မျက် ထုတ်လုပ်ခွင့်နဲ့ ပတ်သက်ပြီးတော့ ဥပဒေပြဌာန်းနိုင်မှာဖြစ်တယ်။"
ဇူလိုင်လ ၁၄ရက်နေ့မြေပြိုကျမှုဖြစ်စဉ်ဟာ ၂၀၁၈ခုနှစ်အတွင်း အဆိုးဝါးဆုံး လူသေဆုံးမှုဖြစ်ရတဲ့အပေါ် တိုက်ရိုက်ပတ်သက်နေတဲ့ ကျောက်မျက်ကုမ္မဏီတွေရဲ့ ယမ်းအလွန်အကျွံသုံးစွဲမှုတွေကြောင့်ဖြစ်ရပြီး အခုလို ဖားကန့်နယ်မြေတွင်း မိမိနိုင်ငံသားတွေ ဒုက္ခရောက်နေရတဲ့အဖြစ်ကို နိုင်ငံတော်အစိုးရဘက်က ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးပြီး ကာကွယ်နိုင်ဖို့ ပိုပြီးတော့ ထိရောက်တဲ့ မူဝါဒတွေချမှတ်ဆောင်ရွက်ဖို့လိုတယ်လို့လည်း မြစ်ကြီးနား ဒူကထောင်အခြေစိုက် ကချင်အမျိုးသားကွန်ကရက်ပါတီက တိုက်တွန်းပါတယ်။ ကာကွယ်နိုင်ရေး အရေးကြီးဆုံးကတော့ ခိုင်မာတဲ့ ကျောက်မျက်ဥပဒေပြဋ္ဌာန်းမှုရှိဖို့ပဲဖြစ်တယ်လို့ ကချင်အမျိုးသားကွန်ကရက်ရဲ့ တွဲဖက်အတွင်းရေးမှူး ဦးဆင်ဝါးလက ပြောပါတယ်။
"အရင်တုန်းကလည်း ကျောက်စိမ်းမူဝါဒနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ တင်သွင်းတာတွေရှိပါတယ်။ ၆ ချက်ရှိတဲ့ အဲဒီ ၆ ချက်ကနေမှ ၃ ချက်ကတော့ လွှတ်တော်မှာ လက်ခံပေးတဲ့အနေအထားရှိတယ်။ ဆက်လက်ပြီးတော့ သံယံဇာတ တူးဖော်မှု မူဝါဒတွေကိုလည်း ဒေသခံတွေနဲ့ လိုက်လျောညီထွေမှုရှိအောင် ဖြစ်လာတဲ့ ပြဿနာ သဘာဝဆိုးကျိုးတွေကအစ တာဝန်ခံ တာဝန်ယူမှုအပိုင်းကို လုပ်ငန်းရှင်ကြီးတွေ ဘက်ကနေလုပ်ပေးစေချင်တယ် ပြီးတော့ အစိုးရဘက်ကနေလည်း အဲဒါကို သေသေချာချာ စနစ်တကျလေး စီစဉ်ထားစေချင်ပါတယ်။"
ဖားကန့်ဒေသလံ သတင်းသမားကိုဇော်မိုးထက်ကတော့- အခုလိုဖြစ်စဉ်တွေ နောင်မဖြစ်အောင်ဆိုရင်တော့- အစိုးရပိုင်းနဲ့ ကုမ္မဏီတွေဘက်မှာလည်း တာဝန်ရှိသလို ရေမဆေးကျောက်သမားတွေအနေနဲ့ ကိုယ့်အသက်ကိုယ်တန်ဖိုးထားဖို့ ဖားကန့်ဒေသထဲ အန္တရာယ်များလွန်းတဲ့နေရာတွေမှာ သွားရောက်ကျောက်ရှာဖွေတာတွေမလုပ်ဖို့ ကိုယ့်ကိုကိုယ်သတိထားနေကြဖို့ အရေးကြီးတယ်လို့ သတိပေးပါတယ်။
"ကျနော်တို့ အပြစ်တင်ခဲ့တာလည်း နှစ်တွေလည်းမနည်းတော့ဘူး ။ ကျနော်တို့ အပြစ်သာတင်နေတာ ပြောင်းလဲမှုတွေ၊ သေဆုံးမှုတွေ လျော့မသွားဘူး။ ဒီနေ့ဆိုရင် အရမ်းမြင့်တက်လာတယ်။ နှစ်ဝက်ပဲရှိသေးတယ် ၊ လူ ၁၀၀ ကျော်သွားပြီ ဒါတောင်မှ မတော်တဆ ပြုတ်ကြလို့ တဦး နှစ်ဦးသေတာတွေကို စာရင်းမယူထားဘူး။ အစုလိုက်သေတာတွေကိုပဲ စာရင်းပြုစုထားတယ်။ ကျနော်တို့ အပြစ်မတင်ပဲနဲ့ ကျနော်တို့ ဘာလုပ်နိုင်သလဲ ဆိုတာ တဦးချင်းစီမှာ နီးစပ်ရာအဖွဲ့အစည်းတွေက ဒီလိုအန္တရာယ်ရှိတဲ့ နေရာတွေကို မတူးဖို့ တားမြစ်ရမယ်ပေါ့နော် ။ ကျနေ်ာတို့ အဓိကတော့ ကိုယ့်လူတွေကို တားရတော့မယ်ပေါ့နော် ၊ ဒီနေရာအန္တရာယ်ရှိတယ် မတူးနဲ့ဆိုတာမျိုး၊ ကိုယ့်လူတွေကို မတားဘူးဆိုရင် သေဦးမှာ။ "
ကချင်ပြည်နယ် ဖားကန့်ဒေသတွင်းမှာ ကျောက်စိမ်းရှာဖွေနေတဲ့လုပ်ငန်းခွင်က စွန့်ပစ်မြေစာပုံတွေမှာ ထောင်သောင်းချီတဲ့ ရေမဆေးကျောက် ရှာဖွေသူတွေဟာ အသက်နဲ့ရင်းပြီး ရှာဖွေကြလေ့ရှိပြီး မကြာခဏ မြေစာပုံတွေ ပြိုကျတဲ့အတွက် လူရာနဲ့ချီသေဆုံးလေ့ရှိပေမဲ့လို့ အခုအချိန်ထိ ပြည်ထောင်စုအစိုးရ ကချင်ပြည်နယ်အစိုးရ၊ လွှတ်တော်နဲ့ သက်ဆိုင်တ ဲ့တာဝန်ရှိသူတွေဘက်က ကျောက်စိမ်းတွင်း လုပ်ငန်းခွင်လုံခြုံရေးအတွက် ထိထိရောက်ရောက် ဆောင်ရွက်ပေးနေတာမရှိသေးဘူးလို့လည်း ဖားကန့်ဒေသခံတွေကပြောပါတယ်။