ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ၄ မိုင်းလားမြို့မှာ ကျင်းပတဲ့ ငြိမ်းချမ်းရေးနှစ် ၃၀ပြည့်အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည်က ပေးပို့တဲ့ သဝဏ်လွှာမှာ အပစ်ရပ်စာချုပ် NCA ကိုလက်မှတ်ရေးထိုးပြီး နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်နဲ့အညီ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ အထူးဒေသ ၄ မိုင်းလားဒေသရဲ့ ခေါင်းဆောင် ဦးစိုင်းလင်းကလည်း ဒီအခမ်းအနား အဖွင့်မိန့်ခွန်းမှာ NCA
သဘောတူညီချက်နဲ့အညီ နိုင်ငံရေးဆွေးနွေးပွဲကတစ်ဆင့် ထာဝရငြိမ်းချမ်းရေးလမ်းစဉ်ကို လျှောက်လှမ်းသွားမှာဖြစ်ကြောင်း ပြောကြားပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။
အထူးဒေသ ၄ ရဲ့ ငြိမ်းချမ်းရေးနှစ်၃၀ ပြည့်အခမ်းအနားကို မိုင်းလားမြို့ ငြိမ်းချမ်းရေးရင်ပြင်မှာ ဒီကနေ့မနက် ၈နာရီမှာ စတင်ကျင်းပတာဖြစ်ပါတယ်။
ငြိမ်းချမ်းရေးနှစ် ၃၀ ပြည့်အခမ်းအနားကို ပြည်ထောင်စုငြိမ်းချမ်းရေးနဲ့ ပြန်လည် သင့်မြတ်ရေး ဗဟိုဌာနရဲ့ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က သဝဏ်လွှာပေးပို့ခဲ့ရာမှာ ငြိမ်းချမ်းရေးကော်မရှင် ဒုဥက္ကဌ ဦးသိန်းဇော်က ဖတ်ကြားခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့သဝဏ်လွှာမှာ မိုင်းလားအဖွဲ့ကို တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်မှာ ပါဝင် လက်မှတ်ထိုးဖို့အတွက် ဖိတ်ခေါ် ထားပါတယ်။
“ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများအား တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် Nationwide Ceasefire Agreement (NCA )ပါ ပြဌာန်းချက်များနှင့် အညီ ကျင်းပလျှက်ရှိသဖြင့် အထူးဒေသ၄ မိုင်းလားအနေဖြင့် NCA တွင် ပါဝင်လက်မှတ်ရေးထိုးပြီး နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်များနှင့် အညီ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကို အတူတကွဖော်ဆောင်ရန် ဖိတ်ခေါ်ပါသည်။”
NCA စာချုပ်ကနေတစ်ဆင့် ထာဝရငြိမ်းချမ်းရေးတည်ဆောက်ဖို့ကိုလည်း အခုလို တိုက်တွန်းထားပါတယ်။
“ အပြန်အလှန်စောင့်ထိန်းမှုဖြင့် လက်ရှိ တည်ဆောက်ထားသော ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက်များအပေါ် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အဆင့်သို့ တက်လှမ်းကာ စစ်မှန်ပြီး ရေရှည်တည်တံခိုင်မြဲသော ထာဝရ ငြိမ်းချမ်းရေးတည်ဆောက်ရန် အလေးအနက် တိုက်တွန်းလိုပါသည်။”
ဒေါ်အောင်ဆန်းစုကြည်ဟာ ဧပြီလ အတွင်းက ကျင်းပတဲ့ ဝပြည်နယ်သွေးစည်းညီညွတ်ရေးပါတီရဲ့ ငြိမ်းချမ်းရေးနှစ် ၃၀ပြည့်အခမ်းအနားကိုလည်း အလားတူ တိုက်တွန်းခဲ့ဖူးပါတယ်။
မိုင်းလားအဖွဲ့ရဲ့ ဥက္ကဌ ဦးစိုင်းလင်းက ဒီကနေ့ အခမ်းအနားအဖွင့်မိန့်ခွန်းကို မိန့်ခွန်းပြောကြားရာမှာ သူတို့အဖွဲ့ရဲ့ သဘောထားကို အခုလို ထည့်သွင်း ပြောကြားပါတယ်။
“ နိုင်ငံတော်ရဲ့ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်မှာ ၂၁ရာစု ပင်လုံညီလာခံ
စိတ်ဓါတ်ဖြင့် NCA သဘောတူညီချက်ကို စောလျင်စွာ ရရှိပြီး နိုင်ငံရေးဆွေးနွေးပွဲမှ တစ်ဆင့် ထာဝရငြိမ်းချမ်းရေးလမ်းစဉ်ကို လျှောက်လှမ်းသွားမှာ ဖြစ်ပါတယ်။ အဖွဲ့အသီးသီးမှ အခြေအနေများကို ထည့်သွင်းစဉ်းစား၍ တဘက်ဘက်နဲ့ ပြေလည်စွာဆွေးနွေးပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို တက်ကြွစွာပါဝင်ခြင်းဖြင့် ကျနော်တို့ ဒေသ ငြိမ်းချမ်းရေးရေရှည် တည်တံခိုင်မြဲရေးအတွက် အာမခံချက်ရရှိအောင် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ”
တစ်ဆက်တည်းမှာပဲ စီးပွားရေးနဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အလေးပေးဆောင်ရွက်မှာဖြစ်ကြောင်း၊ အိမ်နီးချင်းနိုင်ငံ အထူးသဖြင့် တရုတ်နိုင်ငံနဲ့ အကျိုးတူလုပ်ငန်းတွေကို ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သလို အစိုးရအသိအမှတ်ပြုတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်အောင် ကြိုးစားသွားမှာဖြစ်ကြောင်းလည်း ပြောကြားပါတယ်။
အခမ်းအနားမှာ အငြိမ်းစားသမ္မတ ဦးသိန်းစိန်၊ စစ်ထောက်လှမ်းရေး ဒုဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွှန့်၊ ဝအထူးဒေသ၂ နဲ့ကိုးကန့်ခေါင်းဆောင် ဖုန်ကြားရှင်တို့သဝဏ်လွှာတွေကို ဖတ်ကြားခဲ့ပါတယ်။
ဒီကနေ့အခမ်းအနားကို အစိုးရကိုယ်စားလှယ်အဖွဲ့ကို ဦးသိန်းဇော်က ဦးဆောင်တက်ရောက်ခဲ့သလို တရုတ်နိုင်ငံက အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာ ဆွန်ကော့ရှန်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့က ခေါင်းဆောင်တွေ ၊ရှမ်းပါတီတွေက ခေါင်းဆောင်တွေ၊ ပြည်ထောင်စုကြံခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီက ခေါင်းဆောင်တွေနဲ့အတူ ပြည်သူ ထောင်နဲ့ချီ တက်ရောက်ခဲ့ပါတယ်။
Your browser doesn’t support HTML5