အဆိုတော်မက်ဒေါနားရဲ့ ၆၅ နှစ်မြောက် မင်္ဂလာမွေးနေ့ 

နယူးယောက် အနုပညာဆုပေးပွဲတခုမှာတွေ့ရတဲ့ မက်ဒေါနား (မေ ၄၊ ၂၀၁၉)

ကမ္ဘာ့ဂီတစင်မြင့်မှာ Queen of Pop ပေါ့ပ်ဂီတ ဘုရင်မရယ်လို့ ကျော်ကြားတဲ့ အမေရိကန်အဆိုတော် မက်ဒေါနားတယောက် ဩဂုတ်လ ၁၆ ရက်နေ့မှာပဲ အသက် ၆၅ နှစ်ပြည့်ပါပြီ။ Madonna Louise Veronica Ciccone ဆိုတဲ့ ကောလိပ်ကျောင်းသူလေးတယောက် မစ်ရှီဂန်တက္ကသိုလ်ကနေ ၆ လ အကသင်တန်းအတွက် ပညာသင်ဆုရပြီး နယူးယောက်မြို့ကို ပြောင်းလာတော့ ၁၉၇၀ ပြည့်လွန်ကုန်ပိုင်းကပါ။

၁၉၈၁ ခုနှစ်မှာ သီချင်းစထွက်နိုင်ပြီး ၁၉၈၂ မှာတော့ အကသီချင်းအကောင်းဆုံးစာရင်းထဲ ဝင်နိုင်ခဲ့ပါပြီ။ အဲဒီကနေ သိပ်မကြာလိုက်ပါဘူး တကမ္ဘာလုံး သူ့နာမည် ကျော်သွားခဲ့ပါတယ်။

၁၉၈၃ မှာ ဖြန့်ချီတဲ့ သူ့ရဲ့ ပထမဆုံးတေးဓာတ်ပြား Madonna ဟာ အမျိုးသားအဆိုတော်တွေ လွှမ်းမိုးထားတဲ့ အကောင်းဆုံးပေါ့ပ်သီချင်းစာရင်းကို ထိုးဖောက်နိုင်ခဲ့ပါတယ်။ Boderline တို့၊ Lucky Star တို့၊ Holiday တို့ ဆိုတဲ့သီချင်းတွေက အကောင်းဆုံးတေးစာရင်းဝင် သီချင်းတွေ ဖြစ်ပါတယ်။ သူ့ရဲ့ ဒုတိယမြောက်တေးဓာတ်ပြား Like A Virgin ကတော့ ၁၉၈၅ ခုနှစ်မှာ တကမ္ဘာလုံးမှာ အထူးကိုအောင်မြင်ခဲ့ပြီး ခေါင်းစဉ်သီချင်းက သူ့သီချင်းတွေထဲ အအောင်မြင်ဆုံးသီချင်းဖြစ်ပါတယ်။

အဲဒီနှစ်မှာတင် သူဖျော်ဖြေရေးခရီးထွက်ခဲ့ပြီး သူ့သီချင်း ၁၇ ပုဒ်က Billboard အကောင်းဆုံးတေး ၁၀ ပုဒ်စာရင်း ဝင်ခဲ့တာပါ။ အဲဒီလို ဂီတခရီးအစမှာကတည်းက အောင်မြင်မှုတွေ ရခဲ့တဲ့ မက်ဒေါနားဟာ တဘက်တလမ်းကလည်း စီးပွားရေးတွက်ချက် လုပ်ကိုင်တတ်သူ ဖြစ်ပါတယ်။

၂၀၀၈ ခုနှစ်မှာ Forbes မဂ္ဂဇင်းကြီးက မက်ဒေါနားကို ဂီတနယ်ပယ်မှာ အချမ်းသာဆုံး အမျိုးသမီး အနုပညာရှင်လို့ ပြောပါတယ်။ သူပါဝင်တဲ့ H&M ဖက်ရှင်အဝတ်အထည်လုပ်ငန်းကရော၊ သူ့ရဲ့ Confessions on a Dancefloor ဖျော်ဖြေရေးခရီးစဉ်ကရော ရရှိတဲ့ ဝင်ငွေနဲ့ဖြစ်ပါတယ်။ မက်ဒေါနားဟာ အိမ်ထောင် ၂ ခါကျ၊ ၂ ခါလုံး ကွာရှင်းခဲ့ပြီး သမီးတယောက်၊ သားတယောက် ရှိပါတယ်။ နောက်သူက မာလာဝီနိုင်ငံက ကလေး ၄ ဦးကို မွေးစားထားတာပါ။

သူက အသက် ၆၅ နှစ်ရှိပြီဆိုပေမယ့် အထူး သန်တုန်းမြန်တုန်းဖြစ်ပြီး ပြီးခဲ့တဲ့ ရက်ပိုင်းကမှ နေမကောင်းဖြစ်ပြီး ဆေးရုံတက်ရလို့ လောလောဆယ် သူ့ရဲ့ ဖျော်ဖြေရေးခရီးစဉ်ကို ဖျက်ထားရတာပါ။ သူက အခုတော့ ခဏတာ အနားယူနေပြီး အောက်တိုဘာ ၁၄ ရက်နေ့မှာတော့ လန်ဒန်မြို့ကပွဲနဲ့ ဥရောပ ဖျော်ဖြေရေးခရီးစဉ်ကို စတင်မှာ ဖြစ်ပါတယ်။