မဘသအဖွဲ့ နိုင်ငံရေးမှာ ပါဝင် ပတ်သက်မည် မဟုတ်

အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (ဗဟို) သတင်းစာရှင်းလင်းပွဲ။

အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ) အနေနဲ့ နိုင်ငံရေး လုပ်ငန်းစဉ်တွေမှာ ပါဝင်ပတ်သက်ခြင်းမရှိဘူးလို့ မဘသ (ဗဟို)ရဲ့ သတင်းနဲ့ ပြန်ကြားရေး တာဝန်ယူထားတဲ့ ငါးကျမ်းပြန်ဆရာတော်က မိန့်ပါ တယ်။ သတင်း အပြည့်အစုံကိုတော့ ဗွီအိုအေသတင်းထောက် မမြင့်မြင့်ခိုင်က တင်ပြပေးပါမယ်။

အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (ဗဟို) ရဲ့ ပင်မလမ်းစဉ်ဖြစ်တဲ့ အမျိုးသားရေးကိစ္စတွေ ကိုသာ ဆက်လက် လုပ်ဆောင်သွားမှာဖြစ်ပြီး နိုင်ငံရေးမှာ ပါဝင် ပတ်သက်ခြင်း မရှိသလို မကြာခင် ကျင်းပမယ့် ရွေး ကောက်ပွဲနဲ့ ပတ်သက်တဲ့ မဲဆွယ်စည်းရုံးရေး လုပ်ဆောင်ချက်တွေဟာလည်း မဘသ(ဗဟို)နဲ့ သက်ဆိုင်ခြင်း မရှိဘူးလို့ မဘသ (ဗဟို)ရဲ့ သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ဒေါက်တာ အရှင် ဓမ္မပီယက မိန့်ပါတယ်။

" မဘသက တခုတည်းပဲ။ ညီညွတ်မျှတငြိမ်းချမ်းရေး ဖော်ဆောင်မှုတွေ နဲ့ နှစ်နှစ်လောက် ကြိုးစားခဲ့ရတဲ့ ဒီ အောင်ပွဲတခုကို ဆောင်ရွက်ပေးတာ။ တကယ်တမ်းကျတော့ ဒီဟာကို ဆောင်ရွက်တဲ့အတွက်ကြောင့် မဘသကြောင့် ဒီလူတွေ သေပျောက်တာ၊ မဘသကြောင့် အတိုက်အခံတွေ ဒီခိုက်ရန်မှုတွေဖြစ်တယ်ဆိုတာ မရှိပါဘူး။ မဘသဆိုတာ အမျိုးသားရေး ဂုဏ်သိက္ခာကို ပြုလုပ်ရင်းနဲ့ ဒီအသင်းအဖွဲ့ဟာ မသိမသာ ကြီးလာတာ ရှိတဲ့အခါမှာ တခါတလေကျတော့ ဒီဘက်ကလည်းပဲ တချို့ပုဂ္ဂိုလ်တွေက အလွန်အကျွံပြောတဲ့ စကားမျိုးတွေ ထွက်တာမျိုူးတွေရှိပါတယ်။ ဒီမဘသမှာရှိတဲ့ ပုဂ္ဂိုလ် တဦးတယောက်က ပြောတဲ့ စကားသည် သူ့ရဲ့individual စကားသည် အဖွဲ့က ပြောတဲ့ ကိုယ်စားအနေနဲ့ ကြားရတဲ့သူတွေက အဖွဲ့ကို အတိုက်အခံလုပ်တယ်။

ဒီအဖွဲ့ကတော့ ဘယ်အဖွဲ့ကိုနိုင်စေ၊ ဘယ်အဖွဲ့ကို ရှုံးစေ-ဆိုတာ မရှိဘူး။ ဘုန်းဘုန်းတို့ အဖွဲ့အစည်းက အားလုံးကို လက်ခံပြီးတော့ ကိုယ့်အလုပ်ကိုယ် လုပ် ကိုယ့်လမ်းစဉ်နဲ့ကိုယ်တော့ သွားရမှာပဲ။ ကိုယ့်ရဲ့ အမျိုးသားရေးစိတ်ဓာတ်ကိုတော့ ဒီအဖွဲ့အစည်းက ချဲ့ထွင်မယ်။ နိုင်ငံရေးနဲ့ Politic ကိုတော့ အဖွဲ့အစည်းက ဘာမှ ပါဝင်ပတ်သက်ခြင်းမရှိဘူးလို့ ဘုန်းဘုန်းတို့ Position ကို ဒီလိုပဲပြောပါမယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီကို မဲမပေးဖို့၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီကိုသာ မဲပေးဖို့ဆိုပြီး တနင်္သာရီတိုင်းနဲ့ ဧရာဝတီတိုင်းတို့မှာ လက်ကမ်း စာစောင်တွေဖြန့်ဝေတဲ့ လုပ်ရပ်ဟာ မဘသ (ဗဟို) ရဲ့ မူဝါဒမဟုတ်ဘဲ မဘသ အဖွဲ့ဝင်တစ်ဦးခြင်းရဲ့ ပုဂ္ဂိုလ်ရေး ခံစားချက်သက်သက်သာ ဖြစ်တယ်လို့ အင်းစိန်ရွာမ ကျောင်းတိုက် မှာ ဒီကနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တရားဝင် ပြောဆိုလိုက်တာဖြစ်ပါတယ်။

မဘသ (ဗဟို)အနေနဲ့ မဘသ အဖွဲ့ဝင်တစ်ဦးရဲ့ လုပ်ဆောင်ချက်တွေကို ကျင့်ဝတ်အရ မလုပ်သင့်ဘူး လို့ တားမြစ်ပေမယ့်လည်း အာဏာ မသက်ရောက်တဲ့အခါ လွန်ကျူးသွားတဲ့ အခြေအနေမျိုးတော့ရှိတယ်လို့ ဒေါက် တာ အရှင်ဓမ္မပီယက မိန့်ပါတယ်။

မဘသရဲ့လုပ်ရပ်ကြောင့် တိုင်းပြည်မငြိမ်မသက်ဖြစ်ရင် မဘသအနေနဲ့ ထိန်းသိမ်း မှာဖြစ်ပြီး အခြား အဖွဲ့အစည်းကြောင့် တိုင်းပြည် မငြိမ်မသက် မှုဖြစ်ရင်လည်း ကိုယ့်ဘာသာ ကိုယ်ထိန်းပါလို့ ဒေါက်တာ အရှင်ဓမ္မပီယက အခု လို မိန့်ပါတယ်။

" ပါတီတိုင်းမှာဖြစ်တဲ့အရာကို ဘုန်းဘုန်းတို့ဘက်က သိပ်ဆိုးရွားလာရင် တိုင်းပြည်ကို လှုပ်လာရင် ဘုန်းဘုန်းတို့က ကိုယ့်ဘက်ကို ကိုယ် ထိန်းမယ်။ ဒါပေမဲ့လို့ တိုင်းပြည် လှုပ်လာတဲ့ အရာတိုင်းကို မဘသ ကြောင့် မဟုတ်ဘူးဆိုတာ ပြောချင်တယ်။ တိုင်းပြည်အတွက် မငြိမ်မသက်ဖြစ်စေတဲ့ အရာမျိုးဆိုရင် မဘသကြောင့်ဖြစ်ပေါ်မယ် ဆိုရင် ဘုန်းဘုန်းတို့ မဘသက ထိန်းမယ် တခြားပါတီတွေကလည်း သူတို့ကြောင့်ဖြစ်ပေါ်မယ့် အရာဆို သူတို့ကလည်း ထိန်းမယ်။ လက်ရှိအစိုးရ ကလည်း သူတို့ကြောင့် ဖြစ်ပေါ်မယ့် အရာတွေကို သူတို့ထိန်းမယ်ဆိုရင် ငြိမ်းချမ်းရေးကို ဦးတည်သွားပါလိမ့်မယ်။ ဒါပေမဲ့လို့ ဒီတသင်း တဖွဲ့ကို ပြသနာရှာပြီးတော့ တသင်းတဖွဲ့ကို highlight လုပ်တာမျိုးကိုတော့ ဘုန်းဘုန်းတို့က Fair ပေါ့ မျှတစေချင်တယ် ညီညွတ်စေချင်တယ်။ နားလည်ပေးစေချင်ပါတယ်။"

မဘသ (ဗဟို)အနေနဲ့ မျိုးစောင့်ဥပဒေပေါ်ပေါက်တဲ့ အထိမ်းအမှတ်အောင်ပွဲ လုပ်ဆောင်တာမျိုးတွေပဲ ရှိပြီး လာမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ လှုပ်ရှားမှုတွေ လုပ်ဖို့ မတိုက်တွန်းထားသလို တစ်အိမ်တက်ဆင်း မဲဆွယ်မှုတွေလည်း မဘသ (ဗဟို) အနေနဲ့ လုပ်ဆောင်တာမရှိဘူးလို့ ငြင်းဆိုပါတယ်။

လာမယ့် ရွေးကောက် ပွဲမှာ NLD ပါတီပဲဖြစ်ဖြစ်၊ ပြည်ခိုင်ဖြိုးပါတီပဲဖြစ်ဖြစ်၊ ဘယ်ပါတီပဲ နိုင်ပါစေ ကြိုဆိုတယ်လို့ မိန့်ပါတယ်။

" ပုဂ္ဂိုလ်ရေးရေးရာနဲ့ အဖွဲ့အစည်းရဲ့ကိုယ်စား အဲ့ဒီ့နှစ်ခုကို သဲသဲကွဲကွဲ နားလည်စေချင်ပါတယ်။ အဲ့တာကို ထပ်ခါ ထပ်ခါ ပြောပါတယ်။ ပုဂ္ဂိုလ် တဦးတယောက် ရဲ့ သူပြောချင်တဲ့စကားကိုပြောတိုင်း၊ ဘုန်းဘုန်းတို့က ဆန်စင်ရာ ကျည်ပွေ့ လိုက်နေရရင် ဘုန်းဘုန်းတို့လိုချင်တဲ့ ငြိမ်းချမ်းရေးက ဘယ်တော့မှ ရမှာမဟုတ်ဘူး။ ပြည်ခိုင်ဖြိုးပဲ နိုင်နိုင်၊ NLD ပဲ နိုင်နိုင် ဘုန်းဘုန်းတို့က ကိုယ့်အစိုးရ ကိုယ် Welcome ပဲ။ အဲ့ဒီ့တော့ ဘာလုပ်ရမလဲ။ တရားသဖြင့် ယှဉ်ပြိုင်ရမယ်။ တယောက်နဲ့ တယောက် ချစ်ခင်ညီညွတ်မှုရှိရမယ်။ "

မဘသအဖွဲ့ဝင်တွေအနေနဲ့ ဧရာဝတီတိုင်းက မြောင်းမြ၊ တနင်္သာရီတိုင်း စတဲ့ ဒေသတွေမှာ NLD ကို ပါတီကို မဲမထည့်ဖို့ ပြောဆိုစည်းရုံးမှုတွေ၊ လက်ကမ်းစာစောင်ဖြန့်ဝေတာတွေရှိခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အနေနဲ့ ဒီကိစ္စတွေနဲ့ ပတ်သက်လို့ အချက်အလက်တွေ သေချာ စုဆောင်းပြီး ရွေးကောက်ပွဲကော်မရှင်ကို တင်ပြသွား မယ်လို့ ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ရက်နေ့တုန်းကတော့ မန္တလေး ကို ရွေးကောက်ပွဲအောင်နိုင်ရေး အတွက် မဲဆွယ်စည်းရုံး ရေးဆင်းလာတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရ ဦးတင်ဦးဟာ မန္တလေး မစိုးရိမ် ကံတက်ကုန်း ကျောင်းတိုက်ကိုရောက်ရှိနေခိုက်မှာ မဘသ ဦးဆောင် ဆရာတော်တပါးဖြစ်တဲ့ ဦးဝီရသူ နဲ့ တွေ့ဆုံခဲ့ပြီး ဦးဝီရသူ က NLD အပေါ် သူ့ရဲ့ အမြင်ကို မိန့်ခဲ့ပါသေးတယ်။