ဖားကန့်အနီး တိုက်ပွဲတွေကြောင့် ဒေသခံရွာသားတွေတိမ်းရှောင်

ဂြိုလ်တုကနေတွေ့ရတဲ့ ကချင်ပြည်နယ် ကာမိုင်းမြို့ဝေဟင်မြင်ကွင်း (ဩဂုတ် ၂၃၊ ၂၀၂၃)

ကချင်ပြည်နယ် ဖားကန့်ဘက်ကို ချီတက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ကာမိုင်းမြို့အနီးမှာ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA နဲ့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးတဲ့နောက် ကာမိုင်းနဲ့ ဖားကန့်အကြားမှာ ရှိတဲ့ ကျေးရွာ ၅ ရွာက ပြည်သူတွေ နေရပ်စွန့်ခွာတိမ်းရှောင်နေကြပါတယ်။ နှစ်ဘက်တပ်တွေအကြား လတ်တလော စစ်ရေး တင်းမာနေသလို ဖားကန့် - ကာမိုင်းလမ်းကိုလည်း ပိတ်ထားတာကြောင့် မော်တော်ယာဉ် ရာနဲ့ချီ လမ်းခရီးမှာ ပိတ်မိနေပါတယ်။ ရန်ကုန်က ပေးပို့လာတဲ့ ဖားကန့်မြို့နယ်က နောက်ဆုံး အခြေအနေကို ကိုငြိမ်းချမ်းက တင်ပြထားပါတယ်။

ကာမိုင်းက ထွက်လာတဲ့ အင်အား ၁၀၀ ခန့်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ကာမိုင်းအထွက် မအူပင်ရွာအနီးမှာ အင်္ဂါနေ့မနက်က KIA နဲ့ တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။ ဒီစစ်ကြောင်းဟာ မနေ့က နမ့်ယားမှာ ရပ်နားနေပြီး ဖားကန့်ဘက်ကို ဆက်တက်လာဖို့ ရှိတာကြောင့် အနီးအနားကျေးရွာက ပြည်သူတွေ တိမ်းရှောင်နေရကြောင်း ဒေသခံတဦးက ဗွီအိုအေကို ခုလိုပြောပါတယ်။

“မနေ့က ကာမိုင်းက ထွက်သွားတဲ့ စစ်ကြောင်း၊ မအူပင် ဟိုဘက်မှာ တိုက်ပွဲဖြစ်လို့ အခုက ဒီစစ်ကြောင်းက နမ့်ယား စခန်းမှာ ဝင်နေတယ်။ ဒါကြောင့်မို့ သူတို့က ရွာသားတွေကိုပဲ ကာဗာ လုပ်ပြီးတော့၊ ရှေ့တန်းတင်ပြီးမှ ခေါ်သွားတယ်ဆိုတော့ ပြည်သူလူထုတွေ ကြောက်ပြီးတော့ အခု ပြေးနေကြတယ်။ အခုလောလောဆယ် ကမ်မှော်၊ ဆိုင်းဖရာ၊ ကွမ်ဆိုင်ဇွပ်၊ တံတားညီနောင်၊ ဂေါ်လူယန် အဲဒီဘက်က လူတွေက အကုန်လုံး စစ်ရှောင်နေတယ်။”

နောက်ထပ် ဒေသခံတယောက်ကလည်း အင်္ဂါနေ့ တိုက်ပွဲ ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် နမ့်ယားရွာက ကလေးတဦးကို ထိမှန်ခဲ့ကြောင်း ပြောပါတယ်။

“လက်နက်ကြီးက မနေ့ကတော့ တနေကုန်ပဲ။ နမ့်ယားကရောပစ်။ ဟို ကာမိုင်း ဗျူဟာကရော ပစ်တာပဲ။ တနေကုန်ပဲ။ နမ့်ယားမှာ အဲဒီ ကလေး တယောက် ထိတယ်လို့ ပြောတယ်။ နမ့်ယား ရွာထဲကို ကျတာ။ ရွာအတွင်းကို ကျတာ လက်နက်ကြီးက။ တိုက်ပွဲတွေရော၊ တနေကုန်နီးပါး ဖြစ်နေကြတာ။”

ဒီကနေ့ မနက်ပိုင်းမှာတော့ KIA က နမ့်ယားနဲ့ ကာမိုင်းကြားက ကျောက်ထုနဲ့ ၊ နမ့်ယားနဲ့ ဖားကန့်ကြားက ဂေါ်လိုယန် နှစ်နေရာကို ပိတ်ထားလိုက်ပါတယ်။ နမ့်ယားရဲ့ အထက်အောက် နှစ်နေရာကို ပိတ်လိုက်တာကြောင့် နမ့်ယားမှာ မော်တော်ယာဉ် အစီး ၁၀၀ နီးပါးလောက် ပိတ်မိနေကြောင်းလည်း ဒေသခံက အခုလို ပြောပြပါတယ်။

“ပိတ်တာကတော့ ဒီနေ့ မနက်ပိုင်းကနေ စပိတ်တာ။ ကားတွေက ကျတော့ အဆင်းတွေက ကျတော့ ပြန်ခေါက်တယ်။ မနေ့ကနေ ဆင်းသွားတဲ့ ခရီးသည်တင် ယာဉ်တွေကျတော့ နမ့်ယားမှာ ပိတ်မိနေတယ်လို့ ပြောနေကြတာ။ ကားတွေကတော့ များတယ်။ နမ့်ယားတရွာလုံး ပြည့်နေတယ်လို့ ပြောနေကြတာ။ လမ်းက အောက်ဘက်လည်း ဆင်းလို့မရ။ အပေါ်ဘက်လည်း တက်လို့ မရ။ ၁၀၀ တော့ မနည်းဘူး ထင်တယ်။”

ဒီနှစ် ဧပြီလ ၁၈ ရက်နေ့ကလည်း ဆိုင်းဖရာရွာက ဒေသခံ ၅၀ လောက်ကို စစ်ကောင်စီတပ်က စစ်ကြောင်းနဲ့အတူ အတင်းအကျပ် ခေါ်ဆောင်ခဲ့ပါတယ်။ KIA က ဂေါ်လူယန်ရွာအနီး ကြားဖြတ် တိုက်ခိုက်ရာမှာ တိုက်ပွဲအတွင်း အရပ်သား ၆ ဦး ထိမှန်ပြီး ၁ ဦး သေဆုံးခဲ့ပါတယ်။ ဒီလ ၇ ရက်နေ့က ဖားကန်မြို့နယ်အတွင်းက စစ်ကောင်စီရဲ့ ကသိုဏ်းတောင်နဲ့ နမ့်မှော်စခန်းတွေကို KIA နဲ့ PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ပြီးတဲ့နောက် ဖားကန့်ဒေသအတွင်းမှာ စစ်ရေးတင်းမာမှုအရှိန် ပိုမိုမြင့်တက်လာနေတာ ဖြစ်ပါတယ်။