သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထီးချိုင့်မှာ စစ်ကောင်စီနဲ့ KIA ပူးပေါင်းတပ်တွေကြား တိုက်ပွဲပြင်းထန်


ယခင်မှတ်တမ်းရုပ်ပုံ | တောတွင်းတနေရာက ကချင်လွတ်မြောက်ရေး (KIA) တပ်သားများ
ယခင်မှတ်တမ်းရုပ်ပုံ | တောတွင်းတနေရာက ကချင်လွတ်မြောက်ရေး (KIA) တပ်သားများ

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ် ကွင်းကြီးကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ PDF နဲ့ KIA ပူးပေါင်းတပ်တွေအကြား တနင်္ဂနွေနေ့က တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က တရက်တည်းမှာတင် လေကြောင်းက နှစ်ကြိမ် တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့မှာတော့ ထိခိုက်ဒဏ်ရာရသူတွေကို ရေလမ်းက တဆင့် ထီးချိုင့်မြို့ကို ပြန်လည် သယ်ယူနေကြောင်းလည်း ပြောပါတယ်။ ထီးချိုင့်မြို့နယ်က တိုက်ပွဲအခြေအနေကို ကိုခင်မောင်စိုးမင်းက တင်ပြထားပါတယ်။

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်မှာ ဇီးကုန်းရွာ ဘက်ကနေ ကွင်းကြီးရွာ ဘက်ကို ချီတက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ဒေသခံ PDF နဲ့ KIA ပူးပေါင်း တပ်တွေက တနင်္ဂနွေနေ့ မနက်ပိုင်း ကြားဖြတ် တိုက်ခိုက်ခဲ့ကြတာပါ။ တိုက်ပွဲဟာ တနေကုန်နီးပါး ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်တွေ ပိတ်မိနေတာကြောင့် လေကြောင်းအကူ ယူပြီး မနေ့က တနေ့တည်း ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ထီးချိုင့်ဒေသခံ တဦးက ဗွီအိုအေကို ပြောပါတယ်။

“ အလယ်တောနဲ့ ထီးချိုင့်ကြား။ ကွင်းကြီးတောင်ရိုးမှာ ဖြစ်တာ။ ဖြစ်တာကတော့ မနက်ကတည်းက ဖြစ်တာပဲ။ ညနေ ၃ နာရီခွဲ လောက်ထိ။ လေယာဉ်နဲ့ လာကြဲ သွားတာလေ။ သူတို့ ပိတ်မိတော့။ စစ်တပ်က ပိတ်မိတော့။ လေယာဉ်နဲ့ မနက်ပိုင်းမှာကိုပဲ ၄ လုံး ကြဲသွားတယ်။ ညနေပိုင်း တခါ ကြဲတယ်။ ဒီကနေ့ အခြေအနေ ကတော့ အဲဒီ ဒဏ်ရာရတဲ့ဟာတွေကို ကျောက်မှော်ရွာကို ကဲ့ပြီးတော့ သံခွံလေ။ ရေကြောင်းနဲ့ ပြန်သယ်သွားတယ်။ ထီးချိုင့်ကို ပြန်သယ်သွားတယ်။ အထိအခိုက်ကတော့ များတယ်။ အတိအကျတော့ ကျနော်လည်း မသိဘူး။”

လေကြောင်းက ဗုံးကြဲတိုက်ခိုက်တဲ့ နေရာတွေဟာ တောတွင်းမှာဖြစ်တာကြောင့် ကျေးရွာတွေ နဲ့ အရပ်သားတွေ ထိခိုက်တာ မရှိကြောင်းလည်း ပြောပါတယ်။ ထီးချိုင့် PDF နဲ့ နီးစပ်သူ တဦးကတော့ စစ်ကောင်စီတပ် ဘက်က အထိအခိုက် ၄၀ လောက် ရှိကြောင်းနဲ့ လက်နက်ခဲယမ်း အများအပြားကို ဆုံးရှုံးခဲ့ကြောင်း ပြောပါတယ်။

“ပြင်းတယ်ဗျ။ တိုက်ပွဲက တော်တော်လေး။ လေယာဉ်ကို မနက်ကော၊ ညနေကော လေယာဉ် ၅ စီး၊ ၆ စီးလောက် လမ်းကြောင်း ပိတ်နေလို့ ကူပြီးတော့ ဖွင့်ပေးရတာ။ မြို့ပေါ်ကိုတော့ ကားနဲ့ ၁၀၀ လောက် ပြန်ရောက်လာပြီတဲ့။ ဒီနေ့ နေ့လည် ၁ နာရီလောက်က။ အထိအခိုက်တွေကတော့ သူတို့ စစ်ကောင်စီဘက်က ၄၀ လောက် ပြုတ်တယ်တဲ့ စစ်ကြောင်းမှူး အပါအဝင်။ လက်နက်ခဲယမ်းတွေရော၊ ၆၀ သီးတွေရော တော်တော်များများ ရလိုက်တယ်တဲ့။ အဲလိုတော့ သိရတယ်။”

နှစ်ဘက် ထိခိုက်၊ ကျဆုံးမှုစာရင်းကို ဗွီအိုအေက သီးခြား အတည် မပြုနိုင်ပါဘူး။ ထီးချိုင့် PDF အဖွဲ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာတော့ တနင်္ဂနွေနေ့ မနက် ၁၁ နာရီလောက်က ကွင်းကြီးရွာနဲ့ ဇီးကုန်းရွာအကြားမှာ ဂျက်တိုက်လေယာဉ် ၂ စီး လာရောက် ဗုံးကြဲခဲ့ကြောင်းနဲ့ ညနေ ၃ နာရီ ၂၀ မိနစ်နဲ့ ၃ နာရီ ၄၂ မိနစ်လောက်မှာလည်း ဂျက်တိုက်လေယာဉ် ၁ စီးနဲ့ ၂ ကြိမ်၊ စုစုပေါင်း ၃ ကြိမ် ဗုံးကြဲခဲ့ကြောင်း ဖော်ပြပါတယ်။ ထီးချိုင့် တိုက်ပွဲအခြေအနေ၊ အကျအဆုံးတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ ထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

ပြီးခဲ့တဲ့ မတ်၊ ဧပြီ၊ မေလ အတွင်းကလည်း စစ်ကောင်စီနဲ့ KIA ၊ PDF ပူးပေါင်းတပ်တွေအကြား ထီးချိုင့်မြို့နယ်အတွင်းမှာ တိုက်ပွဲ ပြင်းထန်ခဲ့ပါတယ်။ ဒီ တိုက်ပွဲတွေကြောင့် ထောင်နဲ့ချီတဲ့ ရွာသားတွေ တိမ်းရှောင်ခဲ့ရဖူးပါတယ်။ ထီးချိုင့်မြို့နယ်ဟာ ဧရာဝတီမြစ် အနောက်ဘက်ကမ်းမှာ တည်ရှိပြီး မြစ် အနောက်ခြမ်းက ရွှေဘို-မြစ်ကြီးနား ကားလမ်းနဲ့ အရှေ့ခြမ်းက မန္တလေး-ဗန်းမော် ကားလမ်းနှစ်ခုကို ဆက်သွယ်ထားတဲ့ လမ်းကြောင်းပေါ်မှာ တည်ရှိတာကြောင့် ဆက်သွယ်ရေးအရ အရေးပါတဲ့မြို့လည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG