ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်းမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကြား နယ်မြေအငြင်းပွားမှုတွေကို အခြေခံပြီး တိုက်ပွဲတွေ ဒီကနေ့အထိ ဆက်လက် ဖြစ်ပွားနေပါတယ်။ တိုက်ပွဲကြောင့် ဒေသခံတွေ ဘေးလွတ်ရာ တိမ်းရှောင်နေကြရပြီး တိုက်ပွဲတွေ အမြန်ဆုံး ရပ်ဆိုင်းနိုင်ဖို့ တိုက်တွန်းမှုတွေလည်း ထွက်ပေါ်နေပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုမိုးဇော် ကတင်ပြထားပါတယ်။
နမ္မတူမြို့နယ်အတွင်းမှာ SSPP နဲ့TNLA၊ ရှမ်းနဲ့ ပလောင်တပ်ဖွဲ့ ပါဝင်တဲ့ မြောက်ပိုင်း မဟာမိတ် အဖွဲ့နဲ့ RCSS တောင်ပိုင်းရှမ်းတပ်ဖွဲ့အကြားမှာ တိုက်ပွဲဖြစ်ပွားနေတာ ဒီနေ့ဆို ၃ ရက်ရှိပြီဖြစ်ပါတယ်။
ဒီကနေ့ နောက်ဆုံးအခြေအနေကို တိုက်ပွဲဖြစ်ပွားရာဒေသအနီး မန်စံရွာက ဒေသခံ တဦးက အခုလို ပြောပါတယ်။
“ဒီကနေ့ ၂ နေရာ၊ ၃ နေရာလောက်ဖြစ်တယ်။ မန်စံရဲ့ အနောက်မြောက်ဘက်ပေါ့နော်၊ နမ့်ဆန်မြို့နယ်ဘက်က တောင်ပေါ်တက်တဲ့လမ်းမှာ နောင်ကန်၊ မိုင်းဟွေသွားတဲ့လမ်းမှာ ဖြစ်တာ။ အဲဒါ မနေ့နေ့လည်တည်းက ဖြစ်တာ။ အခုလည်း အသံကတော့ ကြားနေ တုန်းပဲ။ ဒီနေ့ မနက် ၅ နာရီ စောစောတည်းက စဖြစ်နေတာခင်ဗျ။ အဲဒီနေရာက ရွာတွေနဲ့ သိပ်မကပ်တော့လေ- စစ်ရှောင်သလိုမျိုးရှောင်ထွက်လာတာတော့ အခုထိ မကြားသေး ဘူးခင်ဗျ။ နမ္မတူမြို့နယ် မန်လီကျတော့ ကျေးရွာနဲ့ တော်တော်နီးတဲ့နေရာမှာဖြစ်တယ်လို့ ပြောတယ်။ ဒါကြောင့် ဒီနေ့လည်း ထပ်ပြီးတော့ စစ်ရှောင်တွေ ရှောင်တယ်လို့ ပြောပါ တယ်။ တနေရာက ကျနော် confirm မဖြစ်သေးလို့ အဲဒါကျတော့ ပန်လုံရွာရဲ့ မြောက် ဘက်နေရာလောက်ပေါ့။ ပန်ဟိုက်ကျေးရွာရဲ့ အနောက် ဘက် နေရာလောက်ပေါ့။ အဲဒါလည်း နမ္မတူမြို့နယ်ပဲ။ ၃ နေရာမှာ ကြားရတယ်ခင်ဗျ။”
ပြီးခဲ့တဲ့လတည်းကတော့ ကျောက်မဲ၊ သီပေါ၊ နမ္မတူ မြို့နယ်တွေအတွင်းမှာ တောက်လျှောက် တိုက်ပွဲတွေ ဖြစ်ပွားနေခဲ့တာဖြစ်ပြီး စစ်ရှောင်ပြည်သူတွေဟာ တိုက်ပွဲလွတ်ရာနေရာတွေကို တိမ်းရှောင်နေကြရပါတယ်။
သီပေါမြို့က နယ်စည်းမခြားပရဟိတအဖွဲ့က ကိုမျိုးကတော့ နမ္မတူမြို့နယ် မန်လီကျေး ရွာကနေ လူ ၃ဝဝလောက်ကို ကားနဲ့ သွားရောက် ခေါ်ယူလာ ခဲ့ကြောင်းအခုလို ပြောပါတယ်။
“၂၇ ရက်နေ့။ ၂၇ ရက်နေ့ကတည်းက စပြီးတော့ ထုတ်လိုက်တယ်။ အဲဒါ ဒီနေ့မနက်ကျ ထပ်ပြီးတော့ တိုက်ပွဲက ပြင်းထန်နေတဲ့အတွက်ကြောင့် ရွာမှာ ကျန်နေတဲ့ အဖိုး အဖွားတွေ၊ လူနာတွေပေါ့နော်။ လူနာတွေဆိုတာက လေဖြတ်တဲ့လူနာ၊ ရိုးရိုး သာမန် လူနာပေါ့နော်၊ အဲဒါတွေကျနော်တို့ သွားပြီးတော့ ထပ်ထုတ်လိုက်တာပေါ့။ ဒီနေ့ကတော့ ကျနော်တို့ ၅ဝ ကျော်လောက်ပါလာတယ်။ မန်လီရွာ တရွာတည်းပေါ့။ ပထမရက်ကတော့ ၂၁၂ ဦးပေါ့။ ဒီနေ့ ထပ်တိုးတာနဲ့ ဆို ၃ဝဝ နီးပါးရှိမယ်။ သီပေါမြို့နယ် မိုးတေ ကျေးရွာ အုပ်စု ကွန်စံလိတ်မှာ ထားထားတာပေါ့နော်။”
ရှမ်းနိုင်ငံရေးပါတီ၊ လက်နက်ကိုင်အဖွဲ့တွေနဲ့ လူမှုအဖွဲ့တွေ စုစည်းထားတဲ့ ရှမ်းပြည် ညီညွတ်ရေးကော်မတီ CSSU ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းကတော့ တိုက်ပွဲတွေ ရပ်ဆိုင်းဖို့ ရှမ်းတပ်ဖွဲ့ ၂ ဖွဲ့လုံးက ခေါင်းဆောင်တွေဆီကို စာပေးပို့ထားသလို ပြည်သူတွေနဲ့ ရဟန်းသံဃာတွေက တောင်းဆိုတဲ့နောက်မှာ နှစ်ဘက်ခေါင်းဆောင်တွေက တွေ့ဆုံဆွေးနွေးဖို့ သဘောတူခဲ့ကြောင်း ပြောပါတယ်။
ဒီလအတွင်းကျင်းပမယ့် CSSU အစည်းအဝေးမှာတော့ နှစ်ဘက်ခေါင်းဆောင်တွေ ဆွေးနွေးဖို့ တိုက်တွန်းသွားမှာဖြစ်ကြောင်း ပြောပါတယ်။
“ စီစဉ်ထားတာရှိပါတယ်။ မတ်လထဲမှာ။ ကျနော်တို့ကလည်း တိုက်တွန်းမှာပဲလေ။ ခေါင်းဆောင်ကြီး ၂ ဦးကနေပြီးတော့ တွေ့ဆုံဆွေးနွေးဖို့။ လက်နက်ကိုင်ပြီးတော့ ပဋိပက္ခကို ဖြေရှင်းတာက အဖြေမပေါ်ပါဘူး။ အဖြေမထွက်ဘဲနဲ့ တပ်သားတွေရော၊ အဖွဲ့ဝင်တွေရော၊ ပြည်သူလူထုရော ဒုက္ခရောက်တယ်။ သေကျေဒဏ်ရာရမယ်။ စစ်ဘေးဒုက္ခသည်တွေလည်း များမယ်။ လုံးဝအကျိုးမရှိဘူးလေ။ ရှမ်းတိုင်းရင်းသားတွေ အတွက်ရော၊ ရှမ်းပြည်အတွက်လည်း မကောင်းဘူးလေ။ ပြည်ထောင်စုအတွက်လည်း မကောင်းဘူး။ ”
တိုက်ပွဲတွေ ရပ်ဆိုင်းဖို့နဲ့ စစ်ရှောင်တွေဘေးကင်းလုံခြုံရေးနဲ့ပတ်သက်ပြီးတော့ ဦးစိုင်းအိုက်ပေါင်းက အခုလို ဆက်ပြောပါတယ်။
“ဒါက ရှမ်းတိုင်းရင်းသားတွေ၊ ရှမ်းပြည်သူလူထုတွေတင် တာဝန်ရှိတာမဟုတ်ဘူး။ နိုင်ငံတော်အစိုးရမှာလည်း ရှိတယ်။ ပြည်သူလူထုရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်ပေးရမယ်။ နိုင်ငံတော်အစိုးရမှာ တာဝန်ရှိတယ်လေ။ တပ်မတော်မှာလည်း တာဝန်ရှိတာပဲ တကယ်တန်းကျရင်။ နိုင်ငံတော်နဲ့ နိုင်ငံတော်အစိုးရနဲ့ တပ်မတော် မှာလည်း တာဝန်ရှိတယ်။ တနိုင်ငံလုံးကို လွှမ်းခြုံထားတယ်လေ။ မဟုတ်ဘူးလား ခင်ဗျားတို့ မီဒီယာမှာလည်း တာဝန်ရှိတယ်။”
ပြီးခဲ့တဲ့ ကြာသပတေးနေ့ကတော့ သီပေါမြို့နယ် က နားမခေါ်၊ ကျင်သီ၊ နမ့်လန်-မန်လီ၊ မိုးတေ-ကွန်စံလိတ်ဘုန်းတော်ကြီးကျောင်းတွေမှာ စစ်ရှောင်ပြည်သူ ၁၁၀၀ ကျော် ရှိကြောင်း သီပေါမြို့ က နယ်စည်းမခြားပရဟိတအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Your browser doesn’t support HTML5