တိုင်းရင်းသားညီနောင်မဟာမိတ်တွေနဲ့ ပူးပေါင်းအဖွဲ့တွေရဲ့ ၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ စတင်ပြီး ရက်ပေါင်း ၂၀ ကျော်အတွင်း လက်နက်ထိမှန်သေဆုံးသူဦးရေ ၇၀ နီးပါးရှိနေပြီလို့ ဒေသတွင်း အဖွဲ့အစည်းတွေက ပြောပါတယ်။ ညီနောင်မဟာမိတ် တဘက်တည်းကပဲ ၄ ရက်ကြာ အပစ်အခတ်ရပ်စဲကြောင်းကြေညာထားပေမဲ့ လားရှိုးနဲ့ ကျောက်မဲစတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။ ရှမ်းမြောက်ဒေသ လက်ရှိတိုက်ပွဲနဲ့ အရပ်သားထိခိုက်သေဆုံးတဲ့အခြေအနေ ရန်ကုန်က ပေးပို့တဲ့သတင်းကို အခြေခံပြီး ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။
ညီနောင်မဟာမိတ်အဖွဲ့တွေက တရုတ်နိုင်ငံရဲ့စိုးရိမ်ပူပန်မှုကို လေးစားတဲ့အနေနဲ့ ဒီလ ၁၄ရက်နေ့က စတင်ပြီး ၄ ရက်ကြာ တဖက်သတ် အပစ်အခတ်ရပ်စဲကြောင်း တနင်္ဂနွေနေ့က ကြေညာထားတာပါ။
ဒီလို အပစ်ရပ်ကြောင်း ကြေညာထားပေမဲ့ လားရှိုးမြို့မှာတော့ ဒီနေ့အထိ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ မြို့ခံတဦးက ဗွီအိုအေကို ပြောပါတယ်။
“ ဒီနေ့ကတော့ ဟိုးမူဆယ်ဘက်ကနေ မယ်ဟန်ဘက်ရယ်၊ မြို့ ရှောင်လမ်းဘက်ကို လှမ်းပစ်တယ်။ ၄- ၅ချက်ပါပဲ။ ၄- ၅ချက် ပြီးရင် ပြီးပြီ။ ဒီနေ့ကတော့ ကင်းထောက်တွေ မလာဘူး။ ဘာလေယာဉ်မှ မလာဘူး။ မနေ့ကတော့ အကြမ်းဆုံးပေါ့။ ”
ကျောက်မဲမြို့မှာလည်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့ဝင် တဦးက ပြောပါတယ်။
“ မနေ့ကနဲ့ ဒီနေ့ကတော့ တိုက်ပွဲတော်တော် ပြင်းထန်တယ်။ မနေ့က နေ့လည်ပိုင်းကနေ ဒီနေ့မနက်ထိတော့ တညလုံး တိုက်ပွဲတွေတော်တော်ပြင်းထန်တာပေါ့။ မြို့ ပေါ်တော့မဟုတ်ဘူး။ မြို့ရဲ့ ပတ်ဝန်းကျင်ကတော့ တိုက်ပွဲတွေ တော်တော်ပြင်းထန်ပြီး သေနတ်သံတို့၊ ဗုံးသံတို့ ကြားနေရတယ်။ ဒီနေ့မနက်တော့ အခုချိန်ထိ လေယာဉ်ပျံတော့ ရှိတယ်။ ၂စီးလောက်ရှိပြီ လေယာဉ်ပျံဝဲနေတာ။ ”
ကျောက်မဲ၊ နောင်ချို စတဲ့မြို့တွေ ဇွန်လ ၂၅ရက်နေ့က တိုက်ပွဲစတင်ခဲ့တာဖြစ်ပြီး ညီနောင်မဟာမိတ်ရဲ့ ၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ စတင်တဲ့ ၂၂ ရက်တာ ကာလအတွင်း ကျောက်မဲ တမြို့တည်းမှာတင် အရပ်သား ထိခိုက် သေဆုံးသူဦးရေ ၇၀ နီးပါးရှိကြောင်း သူက ဆက်ပြောပါတယ်။
“ ဒီနေ့တော့ မရှိဘူးဗျ။ မနေ့ကတော့ ကားဝပ်ရှော့မှာ တလုံးကျတာ ကား ၃စီးပျက်ဆီးသွားတယ်ပေ့ါ။ နောက်ပြီးတော့ ဟိုမုန်းရွာဘက်မှာ တလုံးကျတယ်။ ၃ယောက်သေတယ်ပေါ့။ ၂၅ရက်ကနေ စပြီးတော့ ဒီလ ၄ရက်နေ့အထိ သေဆုံးသူက ၅၉ယောက်ပေါ့။ ၅ရက်၊ ၆ရက်ကနေ ဒီ ၁၆ရက်နေ့အထိ မပါသေးဘူး။ အဲဒီမှာ ကြိုကြား ကြိုကြား သေတာတော့ ၁ယောက် ၂ယောက် အဲဒီဝန်းကျင်သေတာတော့ အဲဒီဝန်းကျင်ကိုက ကြားမိသလောက် ၁၅ယောက်လောက်ဆိုရင်တော့ ကျနော်ထင်တာ ၇၀လောက်တော့ ရှိသွားလောက်ပြီ။ ”
ထိခိုက်သေဆုံးရသူတွေဟာ တိုက်ပွဲအတွင်းသေဆုံးတာဖြစ်ကြောင်းနဲ့ ဘယ်ဘက်ကပစ်တဲ့လက်နက်ကြောင့် သေဆုံးရတယ်ဆိုတာကိုတော့ အသေးစိတ် ပြောဆိုတာမရှိပါဘူး။ သေဆုံးသူအရေအတွက်နဲ့ ပတ်သက်လို့ ဗွီအိုအေအနေနဲ့ သီးခြားစုံစမ်းလို့မရသေးပါဘူး။
ရှမ်းပြည်နယ်က ဒေသတွင်း လူ့အခွင့်အရေးအခြေအနေကို စစ်တမ်းကောက်ယူနေတဲ့ တအာင်းအမျိုးသမီးအဖွဲ့ TWO အဖွဲ့ရဲ့ စစ်တမ်းကောက်ယူချက်တွေအရ ၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ စတင်ပြီး ရက်ပိုင်း ၂၀ ကျော်ကာလအတွင်း သေဆုံးသူ ၆၀ နီးပါးနဲ့ ထိခိုက်ဒဏ်ရာရသူ ၆၀ ကျော်ရှိကြောင်း ဗွီအိုအေကို ပြောပါ တယ်။
“ကျမတို့ ကောက်တဲ့စာရင်းအရ ၁၂၄ဦး။ သေဆုံးတဲ့သူက စုစုပေါင်း ၅၉ဦးရယ်၊ ပြီးတော့ ဒဏ်ရာရတဲ့သူက ၆၂ဦးရှိတယ်။ နောက်ထပ် ၃ဦးကျတော့ စကစ က အခုချိန်ထိ ဖမ်းဆီးထိန်းသိမ်းထားတဲ့ ၃ ဦးလည်းရှိတယ်။ ဒီ ဇွန် ၂၅ကနေ ဇူလိုင် ၁၅ရက်နေ့အထိ ရထားတဲ့ စာရင်းဖြစ်ပါတယ်။ ဒီ ၁၂၄ထဲမှာ အများဆုံးက လားရှိုးနဲ့ ဒုတိယ အများဆုံးက မိုးကုတ်ဖြစ်တယ်။ ကျန်တဲ့မြို့နယ်တွေကျတော့ ကျောက်မဲပါတယ်။ သီပေါဘက်က အနည်းအကျဉ်းပါတယ်။ နောင်ချိုဘက်မှာလည်း ပါတယ်ရှင့်။”
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ရဲ့ ပြန်ကြားရေးဌာနကတော့ ဒီလ ၁၆ရက်နေ့က စစ်ကောင်စီဘက်က အတွဲလိုက်ဒုံး ပစ်ခတ်မှုကြောင့် မိုးကုတ်မြို့မှာ ကလေးတဦးအပါအဝင် ၂ဦးသေဆုံးပြီး ၅ဦး ထိခိုက်ဒဏ်ရာရကြောင်း ၊ အပစ်ရပ်ထားတဲ့ ၂ရက်အတွင်း စစ်ကောင်စီက လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တာကြောင့် အရပ်သား ၃ ဦး သေဆုံးပြီး ၈ဦး ဒဏ်ရာရကြောင်း ဖော်ပြထားပါတယ်။
တိုက်ပွဲ ၂၂ရက်တာကာလအတွင်း အရပ်သားသေဆုံးသူ ၆၉ ဦးရှိပြီး ထိခိုက်ဒဏ်ရာရသူ ၁၁၁ ဦးရှိကြောင်း လည်း TNLA က ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီဘက်ကတော့ MNDAA နဲ့ ပူးပေါင်းတပ်တွေက ဒီလ ၃ ရက်နေ့ကစတင်ပြီး လားရှိုးမြို့ကို ရှော့တိုက်ဒုံးတွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်တာကြောင့် အရပ်သား ၁၈ ဦးသေဆုံးပြီး ၂၂ ဦး ဒဏ်ရာရခဲ့ကြောင်း ဇူလိုင် ၉ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။
Your browser doesn’t support HTML5