ကန့်ဘလူမှာ မြေမြှုပ်မိုင်းကြောင့် ရွာသားတွေ သေဆုံး ထိခိုက် 

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်အတွင်းက လက်ပတောင်းတောင်ကြေးနီတူးဖော်ရေးအနီး ဖော်ထုတ်တွေ့ရှိခဲ့တဲ့ မြေမြှုပ်မိုင်းများ (သြဂုတ် ၁၉၊ ၂၀၂၂)

စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်နေတဲ့ ဒေသတွေမှာ မြေမြှုပ်မိုင်း အသုံးပြုမှုတွေရှိနေတာကြောင့် ဒေသခံပြည်သူတွေ သေဆုံး ထိခိုက်မှုတွေဖြစ်နေပါတယ်။ စစ်ရေးလှုပ်ရှားမှုတွေရှိတဲ့ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်ထဲမှာ ဖေဖော်ဝါရီလက ဒေသခံ ၉ ယောက်မိုင်းနင်းမိခဲ့လို့ ၈ တန်းကျောင်းသားတယောက် နေရာမှာတင် သေဆုံးခဲ့ပါတယ်။ မြေမြှုပ်မိုင်းကြောင့် ကလေးငယ်တွေအပါအဝင် သေဆုံးနေတဲ့အကြောင်း ပေးပို့တဲ့သတင်းကို မစုမြတ်မွန်က တင်ပြပါမယ်။

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ညောင်ဇင်ကျေးရွာမှာ ဖေဖော်ဝါရီ ၂၅ ရက်နေ့ မနက်ပိုင်းက ရွာသား ၄ ယောက်နဲ့ ကာဘိုးစံပြကျေးရွာကနေ ဈေးလာရောင်းတဲ့ ဈေးသည် လင်မယား ၂ ယောက် မိုင်းနင်းမိခဲ့ကြပါတယ်။ ညနေပိုင်းမှာတော့ သင်ပေါင်းကျင်းရွာက နွားကျောင်းသွားကြတဲ့ ကလေး ၃ ယောက် မိုင်းနင်းမိခဲ့ကြတာမှာ ၁ ယောက်ကတော့ နေရာမှာတင် သေဆုံးခဲ့တယ်လို့ ကန့်ဘလူဒေသတွင်း သတင်းပြန်ကြားရေးအဖွဲ့က ကိုအနန္တက VOA ကို ပြောပါတယ်။

“ဖေဖော်ဝါရီ ၂၅ ရက်နေ့ မနက်ပိုင်းက ကာဘိုးစံပြရွာကနေ ဈေးလာရောင်းတဲ့ လင်မယား ၂ ယောက်ရယ်၊ ပြီးတော့ အဲ့ဒီ ညောင်ဇင်ရွာထဲက အရပ်သားပြည်သူ ၃ ဦးပေါ့ဗျာ။ မနက်ခင်းပိုင်းမှာ ၅ ယောက်ထိတယ်ဗျ မနက်ခင်း အစောကြီးပေါ့ဗျာ။ ပြီးတော့ မနက် ၉ နာရီခွဲလောက်မှာ နောက်ထပ်တစ်ယောက်ထပ်ထိတယ်ဗျ၊ ညောင်ဇင်ရွာထဲက သူကလည်း အရပ်သားပဲဗျ။ အဲ့မှာ စုစုပေါင်း ၆ ယောက်၊ အဲ့နေ့မှာပဲ ညနေမှာ ညောင်ဇင်ရွာရဲ့ နောက်က ၂ ဖာလုံလောက်ဝေးတာပေါ့ဗျာ။ သင်ပေါင်းကျင်းရွာက ကလေး ၃ ယောက်ပေါ့ ကလေး ၃ ယောက်က နွားကျောင်းသွားရင်းနဲ့ မိုင်းထိတာ ညနေ ၄ နာရီလောက်မှာလေ။ အဲ့မှာပဲ ၈ တန်း ကျောင်းသား ကလေးတစ်ယောက်က နေရာမှာပဲ ဆုံးသွားတယ်လို့ ပြောတယ်ဗျ။ စုစုပေါင်းက အဲ့နေ့မှာတင်ပဲ မနက်ခင်းမှ ၆ ယောက် ညနေပိုင်းမှာ ၃ ယောက်ဆိုတော့ အဲ့နေ့မှာတင် ၉ ယောက်ထိတာဗျ။ ကလေး ၃ ယောက်ထိတာက ကျန်တဲ့ ၂ ယောက်က ညီအစ်ကို ၂ ယောက်ပေါ့ သူတို့က တပြိုင်တည်း ထိတဲ့ ပုံစံဗျ၊ အဲ့မှာလည်း ညီလေးဖြစ်တဲ့ ၄ တန်း ကျောင်းသားလေးက ဒဏ်ရာ တော်တော် ပြင်းထန်တယ်ပေါ့ဗျာ။”

မိုင်းထိတဲ့ ကလေးတွေက သင်ပေါင်းကျင်းရွာက အသက် ၁၅ နှစ်အရွယ် မောင်ဖြိုးဝေအောင်၊ မောင်ပိုင်ပိုင်စိုးနဲ့ အသက် ၁၀ နှစ်အရွယ် မောင်တုတ်ပေါတို့ဖြစ်ပြီး မောင်ဖြိုးဝေအောင်က မိုင်းထိတဲ့ နေရမှာတင် သေဆုံးခဲ့တာပါ။ သူ့ရဲ့ ညီဖြစ်တဲ့ မောင်တုတ်ပေါကတော့ ဒဏ်ရာ အပြင်းအထန်ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မိုင်းထိတဲ့ လူနာတွေဟာ ကန့်ဘလူ ကုတင် ၁၀၀ ဆေးရုံမှာ ဆေးကုသမှု ခံယူနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အခုမြေမြှုပ်မိုင်းပေါက်ကွဲခဲ့တဲ့ ကျေးရွာတွေဘက်မှာ တိုက်ပွဲဖြစ်တာမျိုး မရှိပေမဲ့ စစ်တပ်ရဲ့စစ်ရေးလှုပ်ရှားမှုတွေတော့ ရှိနေပါတယ်။ ပေါက်ကွဲခဲ့တဲ့ မိုင်းတွေကို ဘယ်လိုသူထောင်သလဲဆိုတာကိုတော့ အတိအကျ မပြောနိုင်ပါဘူး။ ဒေသခံတွေ အပြောအရတော့ ညောင်ဇင်ရွာနဲ့ သင်ပေါင်းကျင်းကျေးရွာတွေဟာ ပျူစောထီးကျေးရွာတွေဖြစ်တယ်လို့လည်း ဆိုပါတယ်။

“အဲဒီနေ့မှာပဲ မိုင်းထိပြီးတဲ့နောက်မှာ ပျူတွေက အစည်းအဝေးချက်ချင်းကောက်လုပ်ပြီးတော့ ရွာသူရွာသားတွေကို ရွာပြင်ကို လုံးဝမထွက်ခိုင်းဘူးပေါ့ဗျာ။ ကျွန်တော်တို့ လိုက်မေးရသလောက်ဆိုရင် နယ်ခံတွေက ပြောတာပေါ့ဗျာ နယ်ခံတွေက ပြောတာတော့ ပျူတွေထောင်တာလို့ပဲ ပြောတာ၊ ကျွန်တော်တို့ကတော့ အတည်ပြုလို့မရဘူးပေါ့ဗျာ။ ကာကွယ်ရေးအဖွဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက လုပ်တယ်ဆိုလို့ရှိရင်တော့ ဘယ်နေရာ ဘယ်နေရာမသွားနဲ့ မိုင်းထောင်ထားတယ်ပေါ့ဗျာ။ ဒါပေမယ့် ခု ညောင်ဇင်နဲ့ သင်ပေါင်းကျင်းနားမှာ ဖြစ်သွားတဲ့ ကိစ္စကတော့ ဘာမှ သတိပေးထားတာမရှိဘူးပေါ့ဗျာ။”

ဖေဖော်ဝါရီ ၂၆ ရက်နေ့ကတည်းက ညောင်ဇင်ရွာနဲ့ သင်ပေါင်းကျင်းရွာက ဒေသခံတွေကို ရွာပြင်ကို မထွက်ကြဖို့ ပျူစောထီးတွေက ပြောပြီး ကျေးရွာထဲမှာ မနေရဲလို့ ထွက်သွားတဲ့သူတွေကိုလည်း ဖမ်းဆီးမှုတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ခုလို ဒေသခံပြည်သူတွေ မိုင်းထိ သေဆုံးတာတွေ ရှိတာကြောင့် ရွာသူ ရွာသားတွေကတော့ ကြောက်လန့်နေကြတယ်လို့ ကိုအနန္တက ခုလိုပြောပါတယ်။

“ခုရက်မှာ ညောင်ဇင်တို့မှာ ခုလိုဖြစ်သွားတဲ့ နောက်ပိုင်းမှာ သူတို့ ရွာပြင်ကို မထွက်ရဲဘူးပေါ့ဗျာသူတို့။ တချို့ကလည်း ရွာမှာ မနေရဲလို့ ထွက်သွားမယ်လုပ်တဲ့ ထိတောင်ဖြစ်တယ်ပေါ့နော။ ရွာထဲကတော့ ပျူတွေက လုံးဝကို ရွာသူရွာသားတွေကို ရွာထဲကနေ အထွက်မခံဘူး။ ပြီးတော့ တခြားနေရာတွေကိုလည်း သွားမခံဘူးလို့ ပြောတယ်ပေါ့ဗျာ။ ရွာသူရွာသားတွေကို ချုပ်ထားတဲ့ သဘောပေါ့ဗျာ။”

ဖေဖော်ဝါရီ ၁၃ ရက်နေ့လောက်က ကန့်ဘလူမြို့နယ် အင်းလယ်ကြီးကျေးရွာကို ဝင်ခဲ့တဲ့ မြန်မာစစ်တပ်ဟာလည်း ကျေးရွာက ပြန်ထွက်ချိန် လူနေအိမ်တွေမှာ မြေမြှုပ်မိုင်းတွေ ထောင်ထားခဲ့တာကြောင့် စစ်ကောင်စီတပ်တွေ ပြန်ထွက်သွားပြီးချိန်မှာ ဒေသခံတွေ ရွာကို ပြန်ဝင်ခိုင်းဖို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းတွေကို ရှင်းလင်းခဲ့ကြရပါတယ်။ ဒေသခံကာကွယ်ရေးအဖွဲ့တွေဘက်ကလည်း မြေမြှုပ်မိုင်းထောင်တာတွေရှိပေမဲ့ သူတို့ မိုင်းထောင်တယ်ဆိုရင် ပြည်သူတွေကို မိုင်းရှိတဲ့ နေရာတွေကို မသွားဖို့ သတိပေးတယ်လို့ ဒေသခံတွေက ပြောပြပါတယ်။

Your browser doesn’t support HTML5

ကန့်ဘလူမှာ မြေမြှုပ်မိုင်းကြောင့် ရွာသားတွေ သေဆုံး ထိခိုက်

{Unicode}








