ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့အနီးမှာ ဒီနေ့ နေ့ခင်းပိုင်းက အစိုးရတပ်မတော်နဲ့ မြောက်ပိုင်းအဖွဲ့တွေ အကြား တိုက်ပွဲထပ်မံဖြစ်ပွားခဲ့တာကြောင့် ကွတ်ခိုင်မြို့ပေါ်က ကျောင်းတွေပိတ်ခဲ့ရပါတယ်။ လောလောဆည် မှာ မူဆယ်၊ နမ့်ခမ်းနဲ့ သိန္နီဘက်တွေမှာ ငြိမ်သက်နေပြီး ဒုက္ခသည်အချို့ နေရပ်ပြန်တာတွေ ရှိပေမဲ့ တရုတ် -မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကတော့ သွားလာလို့ မရသေးပါဘူး။ ရှမ်းပြည်နယ်မြောက်ပိုင်းက နောက်ဆုံး အခြေအနေကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။
တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းတစ်လျောက် ဒီလ ၁၅ရက်နေ့က စတင်ခဲ့တဲ့ တိုက်ပွဲတွေ ၁၀ရက်ကျော်ကြာမြင့်လာချိန်အထိ ဆက်လက် ပြင်းထန်နေဆဲရှိနေပါတယ်။
ဒီကနေ့ နေ့ခင်းပိုင်းမှာတော့ ကွတ်ခိုင်မြို့၊ ဂေါက်ကွင်းအနီးမှာ တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့တာကြောင့် မြို့ပေါ်က ကျောင်းတွေ ပိတ်လိုက်ရကြောင်း ကွတ်ခိုင်မြို့က ကူညီကယ်ဆယ်ရေးဆောင်ရွက်နေသူတစ်ဦးက ပြောပါတယ်။
“ ဂေါက်ကွင်းဘက်မှာ ဖြစ်တာဗျ။ ကျနော်တို့ မူဆယ်အဆင်းဘက်။ အခုလည်း ချနေတုံးပဲဗျ။ ကျောင်းတွေ ပိတ်တာက ဟုတ်တယ်။ အဖေ၊ အမေတွေက စိုးရိမ်လို့ ပြန်လာခေါ်ကြတာလေ။ အသံတွေ အဲလိုမျိုးကြားရတော့ အဖေ၊ အမေတွေက လာခေါ်တော့ ဆရာမတွေလည်း ပေးထည့်ပေးတယ်။ ကျောင်းလည်း ပိတ်ပေးလိုက်တယ်။ ဈေးကတော့ ပုံမှန်ပါပဲ။ နည်းနည်း လန့်တဲ့သူကတော့ ပိတ်ကြတာပေ့ါ။ လူကတော့ ဒီလို သွားသွားလာလာ ရှိတယ်ဗျ။”
ဒီနေ့ တိုက်ပွဲဖြစ်ပွားတာနဲ့ပတ်သက်ပြီး တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေကို မေးမြန်းဖို့ ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။
မူဆယ်နဲ့ ကွတ်ခိုင်အကြားမှာ ဒီလ ၁၅ရက်နေ့ တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့တဲ့နောက် ကားအသွားအလာတွေ ရပ်ဆိုင်းခဲ့ရာက ဒီလ ၂၅ရက်နေ့ ညနေပိုင်းမှာတော့ နမ့်ဖတ်ကာနဲ့ ကွတ်ခိုင်အကြား ကားတွေ စတင်ပြေးဆွဲခဲ့ပါတယ်။
ဒီကနေ့ နောက်ဆုံးအခြေအနေကိုတော့ ကွတ်ခိုင်မြို့နယ် အုပ်ချုပ်ရေးမှုး ဦးကျော်လွင်က အခုလို ပြောပါတယ်။
“ ကွတ်ခိုင်- လားရှိုးလမ်းကတော့ အသွားအလာတော့ ရှိပါတယ်။ ဒါပေမဲ့ တပ်မတော်စစ်ကြောင်းတွေ နည်းနည်းလေး လွတ်တဲ့နေရာလေးတွေမှာ တစ်ဖက်အဖွဲ့ကနေပြီးတော့ ခဏတဖြုတ်ပေါ့ အဲလိုဟာမျိုးလေး တွေတော့ ရှိပါတယ်။ ကွတ်ခိုင်နဲ့ မူဆယ်နဲ့ကတော့ မပွင့်တပွင့်အနေအထားလို့ပဲ ပြောရမှာပဲ။ ပြတ်တောင်းပြတ်တောင်းလေးတွေတော့ ဟိုဘက် ဒီဘက် သွားနေကြတယ်ဗျ။ ကားလေးတွေပေါ့။”
မူဆယ်မြို့မှာတော့ အခြေအနေဟာ အေးချမ်းနေပြီးကားငယ်လေးတွေဟာ တာမိုးညဲဘက်က တစ်ဆင့် ကွတ်ခိုင်ဘက်ကို သွားတာတွေ ရှိပေမဲ့ ကုန်တင်ကားကြီးတွေ သွားလာတာ မရှိကြောင်း မူဆယ်မြို့ခံတွေကပြောပါတယ်။
လောလောဆည် နမ့်ခမ်းဘက်မှာလည်း တိုက်ပွဲတွေ ငြိမ်သက်နေပြီး ၂၂ရက်နေ့က ဖြစ်တဲ့ တိုက်ပွဲကြောင့် ကောင်းဝိုင်းရွာကနေ နမ့်ခမ်းမြို့ပေါ်ကို တိမ်းရှောင်လာသူတွေဟာ တနင်္ဂနွေနေ့က နေရပ်ပြန်ကြပြီးဖြစ်ကြောင်း နဲ့ ကျောင်းတွေလည်း ပုံမှန်ပြန်ဖွင့်ပြီဖြစ်ကြောင်း နမ့်ခမ်းမြို့ခံတစ်ဦးက ပြောပါတယ်။
“ စစ်ဘေးဒုက္ခသည်က မနေ့က နေ့လည်ရွာကို ပြန်လွှတ်လိုက်ပြီ။ ဒီနမ့်ခမ်းဘက်တော့ အေးအေး ဆေးဆေး ဖြစ်နေပြီ။ ကျောင်းက ပုံမှန်ပြန်ဖွင့်ပြီ။ အခုလောလောဆည်တော့ ငြိမ်နေတယ်။ တစ်မြို့နယ်လုံး ဘာမှ သတင်း မကြားဘူး။”
တပ်မတော်ထုတ်ဝေတဲ့ မြဝတီသတင်းစာမှာ လားရှိုး- သိန္နီ- မူဆယ် လမ်းမှာလားရှိုးကနေ နမ့်ဖတ်ကာအထိ နယ်မြေလုံခြုံရေး ဆောင်ရွက်နိုင်ပြီးနမ့်ဖတ်ကာနဲ့ မူဆယ်အကြားလမ်းပိုင်းကို ဆက်လက်ရှင်းလင်းနေကြောင်း ဖော်ပြထားပါတယ်။
အခြား နယ်စပ်ကုန်သွယ်ရေးလမ်းဖြစ်တဲ့ လားရှိုး၊ သိန္နီ၊ ကွမ်းလုံလမ်းပိုင်းက ဖျက်ဆီးခံခဲ့ရတဲ့ တံတားတွေကို ပြန်လည်ပြင်ဆင်နိုင်ခဲ့ပြီဖြစ်တာကြောင့် တနင်္ဂနွေနေ့ကစတင်ပြီး ယာဉ်ကြီး၊ ယာဉ်ငယ်တွေ သွားလာနေပြီဖြစ် ကြောင်း ဒီနေ့ထုတ်မြဝတီသတင်းစာမှာ ဖော်ပြပါတယ်။
ဒီလ ၂၄ရက်နေ့က လားရှိုးနဲ့ သိန္နီအကြားက ရေပူစစ်ဆေးရေးဂိတ်ကို TNLA တအန်း (ပလောင်)၊ MNDAA ကိုးကန့်၊ AAရခိုင် အဖွဲ့တွေ ပူးပေါင်းထားတဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ပြည်သူ့စစ်တစ်ဦးသေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။
Your browser doesn’t support HTML5