[[Zawgyi/Unicode]]
၈၈ မျိုးဆက်ခေါင်းဆောင် ကိုဂျင်မီနဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်အမတ်ဟောင်း ကိုဖြိုးဇေယျာသော်အပါအဝင် (၄) ဦးကို နောက်ဆုံးအဆင့် သေဒဏ်အတည်ပြုထားနဲ့ပတ်သက်လို့ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဆီ ရှင်းလင်းချက် ပေးပို့လိုက်တဲ့အကြောင်း မြန်မာစစ်ကောင်စီက VOA ကို ပြောပါတယ်။
“ကျနော်တို့အနေနဲ့ကတော့ သေဒဏ်ချမှတ်မှုနဲ့ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲမှာ တချို့မီဒီယာတွေကိုလည်း ပြောပြီးသားဖြစ်တယ်။ သူတို့ရဲ့ကျူးလွန်ခဲ့တဲ့ပြစ်မှု တွအရ ဆောင်ရွက်ရတာဖြစ်တယ်။ သူတို့ဆောင်ရွက်ခဲ့တဲ့ပြစ်မှုတွေ၊ ဒလန်လို့ စွပ်စွဲပြီးသတ်ဖြတ်ခဲ့တာတွေ၊ သူတို့စီစဉ်ခဲ့တာတွေ၊ လက်နက်ခဲယမ်းပံ့ပိုးပေးခဲ့မှုတွေ၊ သက်သေခံအထောက်အထားတွေကို ကမ္ဘောဒီးယားဝန်ကြီးချုပ်ဆီကို စနေနေ့ ၁၁ ရက်နေ့ညက အစုံအလင်ပေးလိုက်ပါပြီဗျ။”
အတိုက်အခံတွေကို သေဒဏ်စီရင်ဖို့ ပြင်ဆင်နေတာကို ပြန်စဉ်းစားဖို့ အာဆီယံအလှည်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားဝန်ကြီးချုပ်က စစ်ကောင်စီကို ပြီးခဲ့တဲ့ ရက်ပိုင်းက တောင်းဆိုခဲ့တာပါ။ ဒီသေဒဏ်အစီအစဉ်ကို လက်တွေ့လုပ်လိုက်မယ်ဆိုရင်တော့ နိုင်ငံတကာမှာ ကျယ်ကျယ်ပြန့်ပြန့် ဆန့်ကျင်တုံ့ပြန်မူတွေ ဆက်ဖြစ်စေလိမ့်မယ်လို့လည်း ဝန်ကြီးချုပ်ဟွန်ဆန်က ထောက်ပြထားပါတယ်။
အလားတူပဲ တရုတ်နိုင်ငံက ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်တို့အမှုကိစ္စအတွက် ကြားဝင် ပြောဆိုတာမျိုးရှိတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာနဲ့ပတ်သက်လို့တော့ သူ့အနေနဲ့သိရှိထားခြင်းမရှိကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက တုံ့ပြန်ခဲ့ပါတယ်။
ကိုဂျင်မီနဲ့ ကိုဇေယာသော်အပါအဝင် အတိုက်အခံတွေကို သေဒဏ်စီရင်ဖို့လုပ်နေတယ်ဆိုတဲ့ သတင်းတွေဟာ စစ်ကောင်စီရဲ့ လူ့အခွင့်အရေးနဲ့ တရားဥပဒေစိုးမိုးရေးအပေါ် ဂရုမစိုက်ဘူးဆိုတာ ထပ်မံ ပြသလိုက်တာဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနပြောခွင့်ရ Ned Price က မကြာသေးခင်ကပဲ Twitter လူမှုကွန်ယက် မှာ ရေးသားခဲ့ပါတယ်။
ကုလအတွင်းရေးမှုးချုပ်ရုံး ပြောခွင့်ရ Stephane Dujarric ကလည်း ဒါဟာ နိုင်ငံတကာ လူ့အခွင့်အရေး ကြေညာစာတမ်းရဲ့ အပိုဒ် ၃ မှာ ဖော်ပြထားတဲ့ ဘဝရှင်သန်မှု၊ လွတ်လပ်မှုနဲ့ လုံခြုံရေးဆိုင်ရာ အခွင့်အရေးတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာလို့ ပြောဆိုထားပါတယ်။
Your browser doesn’t support HTML5
=============
[[Unicode]]
=============