ရိုဟင်ဂျာတွေ ဌာနေပြန်ခွင့်ပြုဖို့ The Elders တိုက်တွန်း

The Elders at 10

ရခိုင်ပြည်နယ်မှာ စစ်ဆင်ရေးတွေရပ်ဆိုင်းပြီး ဘင်္ဂလားဒေ့ရှ်နဲ့ တခြားနိုင်ငံတွေကို ရောက်နေတဲ့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေကို ပြန်လာခွင့်ပြုဖို့ မြန်မာ အစိုးရကို The Elders အဖွဲ့က ပန်ကြားလိုက်ပါတယ်။

ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်မှုတွေ အဖျက်ဆီးခံရမှုတွေ ထပ်ဖြစ်လာတာကြောင့် မကြာခင်လတွေအတွင်း အခြေအနေတွေ ဆိုးဝါးလာတဲ့အတွက် အထူး စိုးရိမ်ကြောင်းနဲ့ ဒီကျူးလွန်မှုတွေအတွက် တာဝန်ရှိသူတွေကို အရေးယူရမှာဖြစ်ကြောင်း လန်ဒန်မှာကျင်းပတဲ့ ဘုတ်အဖွဲ့အစည်းအဝေးကနေ ပြောကြားလိုက်တာပါ။

ဗုဒ္ဓဟူးနေ့ ထုတ်ပြန်ခဲ့တဲ့အဖွဲ့ရဲ့ ကြေညာချက်ထဲမှာ ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်မှုတွေ အိုးအိမ်ရွှေ့ပြောင်းရမှုတွေနဲ့ ဖိနှိပ်သတ်ဖြတ်မှုတွေကို ရပ်ဆိုင်း ရမှာဖြစ်ကြောင်း The Elders အဖွဲ့ ဒုတိယ ဥက္ကဋ္ဌ Gro Harlem Brundtland ရဲ့ ပြောကြားချက်ကို ဖေါ်ပြထားပါတယ်။ အိုးအိမ်စွန့်ခွါ ထွက်ပြေးခဲ့ကြတဲ့ သိန်းနဲ့ချီတဲ့လူတွေကို ပြန်လာခွင့်ပြုပြီး ဂုဏ်သိက္ခာရှိရှိနဲ့ လုံခြုံအေးချမ်းစွာ နေထိုင်နိုင်အောင် ပြည်နယ်လုံခြုံရေးတပ်ဖွဲ့က တာဝန်ယူရမှာ ဖြစ်ကြောင်းနဲ့ ပြည်နယ်တွင်း ရခိုင်နဲ့ မူစလင် အသိုင်းအဝိုင်းတွေရဲ့ ဘဝတွေ သိသိသာသာ တိုးတက်လာမှသာ အသိုင်းအဝိုင်းနှစ်ခုကြား ရေရှည် ငြိမ်းချမ်းမှုကို ရနိုင်မှာ ဖြစ်ကြောင်း ပြောပါတယ်။

၂၀၁၇ သြဂုတ်လထဲ ဥက္ကဋ္ဌအဖြစ် Kofi Annan ဦးဆောင်တဲ့ ရခိုင်ကော်မရှင်ရဲ့ နောက်ဆုံးအစီရင်ခံစာကိုလည်း The Elders အဖွဲ့က ကြိုဆိုလိုက်ပါတယ်။ ဒီအစီရင်ခံစာကို ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာအစိုးရအဖွဲ့က လက်ခံခဲ့သလို အောက်တိုဘာ ၁၃ ရက်နေ့မှာကျင်းပတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ Arria-formula အစည်းအဝေး တက်ရောက်လာသူ အဖွဲ့ဝင်နိုင်ငံအားလုံးကလည်း ထောက်ခံခဲ့ပြီး ဒါကို အပြည့်အဝအကောင်အထည်ဖေါ်ဖို့ အခု တိုက်တွန်းနေကြကြောင်းလည်း ဖေါ်ပြထားပါတယ်။

Your browser doesn’t support HTML5

Gro Harlem Brundtland, Norway's former Prime Minister