ပုပ္ပားထိပ်သီးအစည်းအဝေး တက်ရာက်ဖို့ KNU မဆုံးဖြတ်နိုင်သေး

KNU

မြန်မာအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား တနိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး NCA လက်မှတ်ရေးထိုးတာ ၃နှစ်ပြည့်တဲ့နေ့ လာမယ့် အောက်တိုဘာ ၁၅ ရက်နေ့ ပုပ္ပားမှာ ကျင်းပမယ့် ထိပ်သီးဆွေးနွေးပွဲကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အများစုက တက်ရောက်ဖို့ ရှိနေပြီး ကရင်အမျိုးသားအစည်းအရုံး KNU ကတော့ တက်၊ မတက် ဒီရက်ပိုင်းအတွင်း ဆုံးဖြတ်ဖွယ်ရှိနေပါတယ်။ အစည်းအဝေးကျင်းပမယ့်ရက်ကို ပြန်လည်ညှိနှိုင်းဆွေးနွေးဖို့ KNU က ထုတ်ပြန်ထားပါတယ်။ ဒီသတင်းကိုတော့ ဗီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုးတာဟာ လာမယ့် အောက်တိုဘာလ ၁၅ ရက်နေ့မှာ ၃နှစ်ပြည့်မှာဖြစ်သလို ဒီအထိမ်းအမှတ်နေ့မှာပဲ အစိုးရ၊ တပ်မတော်နဲ့ NCA လက်မှတ်ထိုးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ဖွဲ့က ထိပ်သီးခေါင်းဆောင်တွေ ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပါးမှာ တွေ့ဆုံကြဖို့ အစိုးရက ဖိတ်ကြားထားပါတယ်။

ဒီထိပ်သီး ဆွေးနွေးပွဲကို ကရင့်အမျိုးသားအစည်းအရုံး KNU ကို ကြိုဆိုထောက်ခံပေမဲ့ အစည်းအဝေးကျင်းပမယ့်ရက်ကို ပြန်လည်ညှိနှိုင်းဆွေးနွေးဖို့ ထုတ်ပြန်ထားပါတယ်။

NCA လက်မှတ်ထိုးတဲ့ အဖွဲ့အစည်းအများစုက ပြန်လည်ညှိနှိုင်းဖို့ တောင်းဆိုတာမရှိဘဲ ပါဝင်တက်ရောက်ဖွယ်ရှိကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်ရဲ့ နာယက ဗိုလ်မှုးကြီးခွန်ဥက္ကာက ပြောပါတယ်။

“ ၉ဖွဲ့ မတောင်းဘူး။ KNU တစ်ဖွဲ့ပဲ တောင်းထားတာ။ သူ့ကိစ္စကို သပ်သပ်ပဲရှင်းရမယ် ကျနော်တို့။ ကျန်တဲ့လူတွေကတော့ အားလုံး တက်ဖို့ လက်ခံပြီးသားဖြစ်တယ်လေ။ ကျနော်တို့ ပအိုဝ်းအဖွဲ့ကတော့ statement လည်းထုတ်ထားတယ်လေ၊ ကြိုဆိုထောက်ခံတဲ့အကြောင်း၊ ကျနော်တို့ ဗဟိုကလည်း ဖိတ်စာရတယ်။ ကျနော်တို့ တက်မယ်ဆိုတာ အကြောင်းပြန်ပြီးသားဖြစ်တယ်။ ခါတိုင်းနှစ်ပတ်လည်ပြီးရင် ထမင်းစားပြီး ပြန်တာကိုး။ အခုကျတော့ နှစ်ပတ်လည်ပြီးရင် စားပွဲဝိုင်း ဆွေးနွေးပွဲ ဆက်ထိုင်မယ်။ အလွတ်သဘောပေါ့။ ယုံကြည်မှုတည်ဆောက်မယ်။ ရင်းနှီးမှုတည်ဆောက်မယ်။ အဲဒီက ရတဲ့အပေါ်မှာ တစ်ဆို့နေတဲ့ အချက်ကလေးတွေကို ညှိမယ်။ အဲဒါပါပဲ အဓိကကတော့။”

အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖဲ့ွတွေကြားမှာ ပြည်ထောင်စုက ခွဲမထွက်ရေး ဆိုင်ရာကိစ္စနဲ့ တပ်မတော်တစ်ခုတည်း ဖွဲ့စည်းရေးဆိုင်ရာကိစ္စရပ်တွေကို ညှိနှိုင်းဆွေးနွေးလို့ မရသေးတာဖြစ်ပါတယ်။

ဒီအချက်တွေ မပြေလည်တာကြောင့် ၂၀၁၇ခုနှစ်မှာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ရာစုပင်လုံ အစည်းအဝေးကို တစ်နှစ်ကျော်ကြာ မကျင်းပနိုင်ခဲ့သလို ကျင်းပချိန်မှာလည်း ထည့်သွင်းမဆွေးနွေးနိုင်ခဲ့ပါဘူး။

KNU ကတော့ ထိပ်သီး အစည်းအဝေးကျင်းပမယ့်ရက်ကို ပြန်လည်ညှိနှိုင်းဆွေးနွေးမယ်ဆိုတာဟာ ရလဒ်ကောင်းတွေ ရရှိနိုင်ဖို့အတွက် ပြင်ဆင်တာတွေဆောင်ရွက်ဖို့ လိုအပ်နေသေးတာကြောင့်လို့လည်း ထုတ်ပြန်ထားတာပါ။

KNU ရဲ့ အထွေထွေအတွင်းရေးမှုး ပဒိုစောထာဒိုမှုးက ထိပ်သီးအစည်းအဝေးတက်ရောက်ရေးနဲ့ပတ်သက်လို့ အခုလို ပြောပါတယ်။

“ ကျနော်တို့ ရက်နဲ့ပတ်သက်လို့ ဘာမှ သဘောတူထားတာမရှိသေးဘူးဗျ။ အစိုးရ ဟိုဘက်ခြမ်းက propose လုပ်တဲ့ဟာပဲဖြစ်တယ်လေ။ အဲဒီတော့ ကျနော်တို့ဘက်က ခေါင်းဆောင်တွေကြားထဲမှာ ကျနော်တို့ မတွေ့နိုင်သေးတဲ့အခါကျတော့ ကျနော်ဘယ်လိုမှတော့ မပြောနိုင်သေးဘူးပေါ့နော်။ ဆိုတော့ ဘယ်လိုပုံစံနဲ့ တွေ့မယ်ဆိုတာက လာမယ့် PPST အစည်းအဝေးရဲ့ သဘောထားအပေါ်မှာ မူတည်မှာပေ့ါနော။ ”

NCA ကို လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့အစည်းအဝေး PPST ကို ဒီလ ၁၀ရက်နေ့မှာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပဖို့ ရှိနေပြီး ဒီအစည်းအဝေးကနေ ဆုံးဖြတ်ဖို့ ရှိနေတာဖြစ်ပါတယ်။

နိုင်ငံရေးသုံးသပ်သူ ဦးမောင်မောင်စိုးကတော့ ဒီလ ၁၅ရက်နေ့မှာ ကျင်းပမယ့် ထိပ်သီးဆွေးနွေးပွဲအပေါ် အခုလို ပြောဆိုပါတယ်။

“ ဒီတစ်ခေါက်တွေ့ဖို့ အရေးပါတဲ့အချက်ကတော့ တစ်နေတဲ့ နိုင်ငံရေး မူဘောင်တွေနဲ့ပတ်သက်ပြီး ကျော်လွှားဖို့ အရေးကြီးနေတာပေါ့။ ပြီးခဲ့တဲ့ ဒုတိယအကြိမ်နဲ့ တတိယအကြိမ်အကြားမှာ တစ်နှစ်လောက် ကြာသွားတဲ့အကြောင်းမှာ ခုနက ခွဲထွက်ခွင့်ဆိုတဲ့ကတိပေးမှ ပြည်နယ်တွေရဲ့ အခြေခံဥပဒေရေးဆွဲခွင့် ပေးမယ်ဆိုတဲ့ ပြဿနာက ဖြေရှင်းလို့ မရဘူး။ ဖြေရှင်းလို့ မရတော့ အဲဒီဟာကို ကျော်လွှားဖို့တွက် အရေးပါတဲ့အနေအထားမှာ ရှိတာပေါ့။ နောက် အဆင့်တစ်ဆင့်ကို ခုန်ကူးဖို့ ဆိုရင်တော့ လက်ရှိ ထိပ်သီးဆွေးနွေးပွဲကနေ အဆုံးအဖြတ်ပေးလိမ့်မယ် ထင်ပါတယ်။”

ပြီးခဲ့တဲ့ ၂၁ရာစုပင်လုံ တတိယအကြိမ်အစည်းအဝေးမှာလည်း မပြေလည်သေးတဲ့အချက်တွေကို ထိပ်သီးခေါင်းဆောင်တွေကြားမှာ အလွတ်သဘော တွေ့ဆုံညှိနှိုင်းဖို့ သဘောတူခဲ့တာလည်း ဖြစ်ပါတယ်။

လာမယ့် ၁၅ရက်နေ့မှာ NCA လက်မှတ်ရေးထိုးတာ ၃နှစ်ပြည့်ခဲ့ပြီး ဒီ ၃နှစ်ကာလအတွင်းမှာ ပြည်ထောင်စုအခြေခံမူ ၅၁ ချက်ကို ချမှတ်နိုင်ခဲ့သလို တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အကြား တိုက်ပွဲတွေ လျော့ချနိုင်တာတွေ ရှိခဲ့ပေမဲ့ အရေးကြီးတဲ့ နိုင်ငံရေးသဘောတူညီချက်တွေမရသေးတာနဲ့ လက်နက်ကိုင်အဖွဲ့တွေအားလုံး ပါဝင်မလာသေးတဲ့အပေါ်မှာတော့ အားမရကြောင်း သုံးသပ်တာတွေ ရှိနေပါတယ်။ အခုကျင်းပမယ့် ထိပ်သီး အစည်းအဝေးဟာ တနိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေ၊ အစိုးရနဲ့ တပ်မတော်တို့ သီးခြားတွေ့ဆုံတဲ့ ပွဲဖြစ်ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့လည်း အစည်းအဝေးကို တက်ရောက်မှာဖြစ်တဲ့အကြောင်း တိုင်းရင်းသားခေါင်းဆောင်တွေက ပြောဆိုပါတယ်။

Your browser doesn’t support HTML5

ပုပ္ပားထိပ်သီးအစည်းအဝေး တတ်ရောက်ဖို့ KNU မဆုံးဖြတ်နိုင်သေး