ကယားပြည်နယ် ဒေသအခေါ် ကရင်နီပြည် လွိုင်ကော်မြို့နယ် ဝါရီကောခူရွာကို စစ်တပ်ဖက်က စစ်ကြောင်းထိုးလာမယ် သတင်းကြောင့် ရွာသူရွာသား သုံးထောင်လောက် အိုးအိမ်စွန့်ခွာ ဘေးလွတ်ရာကို ထပ်မံပြေးရှောင်နေကြပါတယ်။ ခုချိန်ထိ စစ်တပ်တွေ ရွာထဲ မရောက်လာသေးပေမယ့် လက်နက်ကြီးတွေ တောက်လျှောက်ပစ်ခတ်နေတယ်လို့ ဒေသခံတွေ ပြောပါတယ်။ စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၄ရက်နေ့ကလည်း ဝါရီကောခူရွာက နေအိမ် အလုံး ၂၀ ၊ ဘုရားကျောင်းတစ်ကျောင်း ထိခိုက်ပျက်စီးတယ်လို့ ဒေသခံက ပြောပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို ကိုသားညွန့်ဦး ပြောပြမှာပါ။
စစ်ကောင်စီ တပ်ဖွဲ့စစ်ကြောင်းတွေ ဝင်ရောက်လာတယ်ဆိုတဲ့သတင်းစကားကြောင့် လွိုင်ကော်မြို့နယ် ဝါရီကောခူကျေးရွာ နဲ့ ပီကင်းကောခူကျေးရွာက ရွာသူရွာသား သုံးထောင်လောက်ဟာ မနေ့ညပိုင်းက အိုးအိမ်စွန့်ခွာ ဘေးလွှတ်ရာကို ထွက်ပြေးတိမ်းရှောင်ကြရတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ ကိုဗညားက VOA ကို ပြောပါတယ်။
“မနေ့က ညနေညပိုင်းပေါ့နော် ၈နာရီနာရီဝန်းကျင်မှာ စပြီးတော့မှ ရှောင်ကြတယ်လို့တော့ ပြောတယ်၊ လူဦးရေက သုံးထောင်နီးပါးတော့ ပြောတာပဲ အဲ့လောက်ဝန်းကျင်နဲ့ဖြစ်နိုင်ခြေရှိပါတယ်။ နောက်ပြီး မနေ့ကလည်း မိုးဗြဲဖက်မှာလည်း လက်နက်ကြီးတွေကျတယ်လို့တော့ အသံတော့ကြားတယ် ဒါပေမယ့် အတိအကျနေရာမသိနိုင်သေးဘူးပေါ့။”
ဒေသခံတွေဟာ အနီးအနားမှာရှိတဲ့ နယ်ချင်းစပ် ရှမ်းပြည်တောင်ပိုင်းဘက်သို့ တိမ်းရှောင်သွားကြတာလို့ ဆိုပါတယ်။ ဒီးမော့ဆိုမြို့နယ်နဲ့ လွိုင်ကော်မြို့နယ်တွေမှာ စစ်ကောင်စီတပ်တွေ လှုပ်ရှားနေကြတယ်လို့ ဒါရိုက်တာ ကိုဗညားက ပြောပါတယ်။
“အဓိကတော့ ဝါရီကောခူးပေါ့ အဲ့ဒါ ရွာထဲကို စစ်တပ်တွေ ဘယ်လိုပြောမလဲ ဝင်ဖို့ရှိတယ် မဟုတ်ရင် စစ်ကြောင်းထိုးဖို့ရှိတယ်ဆိုတဲ့ အသံက ညနေလောက်မှပဲ သူတို့ကြားတယ်လို့ ပြောတယ်၊ ကြားကြားချင်းရွှေ့ကြတဲ့ ပုံစံပေါ့။ ဒါပေမယ့် အခုချိန်ထိကတော့ အဲ့ဒီဧရိယာထဲကို စစ်တပ်ဝင်တယ်ဆိုတဲ့ အသံတော့ ကျနော်တို့ ထပ်ပြီး အတည်ပြုလို့မရဘဲ သွားဖြစ်နေပါတယ်ဟုတ်။ အခုလောလောဆယ်ကတော့ တပ်ကတော့ ဒီးမော့ဆိုအရှေ့ဖက်ခြမ်းတို့ နောက်ပြီးတော့ လွိုင်ကော်အနီးအနားပတ်ဝန်းကျင်ကိုတော့ သူတို့ တော်တော်လေးတော့ လှုပ်ရှားတာ တွေ့ရတာပေါ့။”
တချိန်တည်းမှာပဲ စစ်ကောင်စီဖက်က လက်နက်ကြီးတွေ အသုံးပြုပြီး နေ့နေ့ညည တောက်လျှောက်ပစ်ခတ်နေတယ်လို့လည်း ကုန်းသာရွာခံ တစ်ဦး က ပြောပါတယ်။
“လက်နက်ကြီးတွေက သူတို့ဖက်လည်း လက်နက်ကြီး အများကြီးပစ်လာတယ်ပေါ့နော် ဟိုဖယ်ခုံကဟာနဲ့လည်း ထုတယ် ပြီးရင် လွိုင်ကော်ဟာလည်း ထုတယ်ပေါ့နော် လက်နက်ကြီးနဲ့ အိမ်ထဲမှာ အလုံး ၂၀ လောက်တော့ ပျက်စီးတယ် ဘုရားကျောင်းလည်း ပျက်စီးတယ်လို့ပြောတယ်။ အဲ့မှာကျမတို့ ကြားတော့ကြားနေရတယ် ဒါပေမယ့် ဒီဖက်တော့ မရောက်လာဘူးထင်လို့ အဲ့ကြောင့် ကျမတို့ မရှောင်ကြဘူးပေါ့နော် ကျမတို့နဲ့ နီးတယ် တစ်ရွာပဲခြားတယ်ပေါ့နော်။ လောလောဆယ်တော့ စစ်ကြောင်းထိုးတာတော့ မကြားရသေးဘူး ဒါမယ့် လက်နက်ခါကျတော့ ခုနလည်း သူတို့ဖောက်တယ်ပေါ့နော် လက်နက်ကြီးဆိုလည်း သူတို့ထုတယ် ဒါမယ့် ဘယ်ဖက်ထုသွားလဲ မသိဘူး ကျမတို့ ဒုန်း…ဒုန်း…ဒုန်း…ဆိုတော့ ကြားရတယ်။”
လွိုင်ကော်မြို့နယ်နဲ့ ဖယ်ခုံမြို့နယ် စစ်ကောင်စီအခြေစိုက် တပ်စခန်းကနေ ဒေသတွင်း ကျေးရွာတွေဖက်ကို လှမ်းပစ်ခတ်နေတာလို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၄ ရက်နေ့ကလည်း ကရင်နီဒေသကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီအကြား ဝါရီကောခူရွာတစ်ဝိုက်မှာ နှစ်ဖက် တိုက်ပွဲဖြစ်ခဲ့တယ်လို့ ပြောပါတယ်။
ဝါရီကောခူရွာမှာ လက်နက်ကြီးကျလို့ နေအိမ် အလုံး ၂၀ နဲ့ ဘုရားကျောင်းတစ်ကျောင်း ထိခိုက်ပျက်စီးတယ်လို့ ပတ်ဝန်းကျင်ရွာဖြစ်တဲ့ ကုန်းသာရွာခံ တစ်ဦးက VOA ကို ပြောပါတယ်။ တိုက်ပွဲရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ စစ်ကောင်စီဖက်က လက်နက်ကြီးတွေ ပစ်ခတ်လို့ အမြဲတမ်း စိုးရိမ်နေရတဲ့အကြောင်း ပြောဆိုပါတယ်။ မြန်မာနိုင်ငံတွင်း စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လက်နက်ကိုင်ပဋိပက္ခတွေကြောင့်၊ ချင်းပြည်နယ်နဲ့ ကယားပြည်နယ်အတွင်း ခရစ်ယာန်ဘုရားကျောင်းတချို့ ခုလိုထိခိုက်ဖျက်ဆီးနေတဲ့အပေါ် ကတ်သလစ်ဘုရားကျောင်းအသင်းတွေကလည်း စိုးရိမ်မကင်းကြောင်း ဖော်ပြခဲ့ကြပါတယ်။
ဖေဖော်ဝါရီလ ၄ ရက်နေ့ စစ်ကောင်စီ ထုတ်ပြန်ချက်ထဲမှာတော့ ကယားပြည်နယ်တွင်း KNPP နဲ့ KNDP တပ်ဖွဲ့တွေက အုပ်ချုပ်ရေးအဆောက်အဦးတွေ ဘာသာရေးအဆောက်အအုံတွေ ဆေးရုံ၊ ကျောင်းနဲ့ လူနေအိမ်တွေအပေါ် လက်နက်ကြီး လက်နက်ငယ် Drop Bomb တွေနဲ့ တိုက်ခိုက်ပစ်ခတ်ခဲ့တယ်လို့ စွပ်စွဲထားပါတယ်။ ဒေသခံသတင်းတွေအရ KNDP အခြေပြုစခန်းတွေကို လေကြောင်းပစ်ကူ အမြှောက်ပစ်ကူတွေနဲ့ တန်ပြန်တိုက်ခိုက်ခဲ့တာကို ဝါဒဖြန့်သတင်းမှားတွေရေးသားတယ်လို့ မီဒီယာတွေကို ပြန်အပြစ်တင်ထားပါတယ်။ ဒါပေမယ့် အခု လွိုင်ကော်မြို့ ဝါရီကောခူရွာမှာ ဘုရားကျောင်းနဲ့ နေအိမ်ထိခိုက်မှုတွေနဲ့ပတ်သက်လို့တော့ တစုံတရာထုတ်ပြန်ပြောဆိုတာမရှိသေးပါဘူး။
Your browser doesn’t support HTML5
{Unicode}