ကျောက်မဲအဝေးပြေးလမ်းမှာ မိုင်းသုံးလုံးကွဲ

အဝေးပြေးလမ်းမ တနေရာ

ပလောင်နဲ့ ရှမ်းလက်နက်ကိုင်တွေအကြား တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ကျောက်မဲမြို့ အဝေးပြေးလမ်းက လမ်းကြေးကောက်ယူတဲ့ဂိတ်မှာ တနင်္လာနေ့ညပိုင်းက မိုင်း၃လုံးပေါက်ကွဲခဲ့ပါတယ်။ ဒီပေါက်ကွဲမှုဟာ ညအချိန်ဖြစ်တာကြောင့် ခရီးသွားပြည်သူတွေကို ထိခိုက်တာမရှိပေမဲ့ မိုင်းရှင်းလင်းရေးဆောင်ရွက်စဉ် နောက်ဆုံး ၂လုံးပေါက်ကွဲခဲ့တာကြောင့် တပ်မတော်သားတဦးထိခိုက်ခဲ့ပါတယ်။ ဒီသတင်းကိုတော့ ဗီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမုးိဇော်က တင်ပြပါမယ်။

ဟုတ်ကဲ့။ ကျောက်မဲမြို့နယ်အတွင်း မိုင်းပေါက်ကွဲတာဟာ တပ်မတော်နေ့ အကြို ညဖြစ်တဲ့ ဒီလ ၂၆ရက်နေ့ည ၁၁နာရီကျော်လောက်မှာ ပေါက်ကွဲခဲ့တာပါ။

ပေါက်ကွဲတဲ့နေရာက ကျောက်မဲကနေ သီပေါအထွက် Tool Gate မှာဖြစ်ပြီး ဒီမိုင်းပေါက်ကွဲတဲ့အခြေအနေကို ကျောက်မဲမြို့ခံတဦးက အခုလို ပြောပါတယ်။

"မနေ့က ၁၁ နာရီ ၃၅ လောက် ပေါ့နော် Tool Gate ဘေးက ခြုံမှာ အသံမိုင်း ၁ လုံး ပေါက်တယ်။ အသံမိုင်းဖြစ်တဲ့အတွက် အသံအကျယ်ကြီးဖြစ်သွားတယ်။ မိုင်း ကွဲတယ်ဆိုတော့ ထုံးစံအတိုင်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ရှင်းရတာပေါ့။ ရှင်းတဲ့ အချိန်ကျမှ နောက်ထပ် ၂ လုံးကို ထပ်ခွဲတာ တလုံးနဲ့ တလုံးကလည်း ပေ ၁၅၀ ဝန်းကျင်လောက်ကွာပြီးတော့ ထပ်ကွဲတယ်။ အဲဒီလိုဖြစ်တော့ ကျနော်တို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက မိုင်းရှင်းတဲ့ ရဲဘော်တယောက်ပေါ့နော် သူကတော့ ပခုံးလေး တချက်မှန်သွားတယ်ခင်ဗျ။"

ညနက်တဲ့အချိန်ပေါက်ကွဲတာကြောင့် ခရီးသွားလာသူတွေ ထိခိုက်တာမရှိသလို လမ်းဘေးမှာ ကွဲတာကြောင့် အပျက်အဆီးလည်း မရှိကြောင်း ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီး ကျောက်မဲမြို့က ရဲတပ်ဖွဲ့ကို ဆက်သွယ်မေးမြန်းရာမှာ ပေါက်ကွဲတာဟုတ်မှန်ကြောင်း ပြောပေမဲ့ အသေးစိတ် ပြောတာတော့ မရှိခဲ့ပါဘူး။

ဒီပေါက်ကွဲမှုဟာ ထောင်ထားတဲ့ မိုင်းဗုံးကို အဝေးထိန်းစနစ်နဲ့ဖောက်ခွဲတာလို့လည်း ဒေသခံတွေက သုံးသပ်ပြီး ဗုံးထောင်တဲ့ တရားခံကို ဖမ်းမိတာတော့ မရှိပါဘူး။

ဗုံးပေါက်ကွဲမှုဖြစ်တာကြောင့် မြို့ခံပြည်သူတွေဟာ အထိတ်တလန့်ဖြစ်ခဲ့ကြောင်းနဲ့ လွန်ခဲ့တဲ့အပတ်ကလည်း ကျောက်မဲမြို့နယ် တော့ဆန်ရွာဖက်မှာ မိုင်းနင်းမိလို့ တယောက်သေဆုံးကြောင်း ပြောပါတယ်။

"မြို့သူမြိုသားကတော့ ထိတ်လန့်တာပေါ့လေ။ အသံတွေဘာတွေကြားတယ်ဆိုတော့ မြို့ကတော့ ငြိမ်ကျသွားတာပေါ့။ နောက်လက်တလောလည်း မြို့ပတ်ဝန်းကျင်မှာ တိုက်ပွဲတွေ ဖြစ်နေတယ်ပေါ့။ စစ်ရှောင်တွေရှိတယ်။ ရွာသားတွေလည်း လက်ဖက်ခူးချင်ပြီ။ လက်ဖက်ခူးမှပဲ ထမင်းစားရမှာဆိုတော့ လက်ဖက်ခြံမှာသွားခူးတော့ အသက် ၃၀ လောက်ရှိတဲ့ အမျိုးသမီးတယောက် ၁၈ ရက်နေ့က ဆုံးတယ်။ ၁၉ ရက်နေ့က သင်္ဂြိုဟ်လိုက်ပါတယ်။အဲဒါ ကျောက်မဲမြို့နယ် တော့ဆန်ရွာဖက်မှာပါပဲ။"

ဒီလ ၂၅ရက်နေ့ကလည်း ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့နယ်ခွဲက ပန်မိုရွာမှာ မိုင်းပေါက်ကွဲတာကြောင့် ဦးဇင်းတပါးနဲ့ ကိုရင်၂ပါး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ကျောက်မဲမြို့နယ်အတွင်းမှာ ဒီရက်ပိုင်းတွေအတွင်း TNLAခေါ် ပလောင်တပ်ဖွဲ့နဲ့ RCSS ခေါ် ရှမ်းတပ်ဖွဲ့အကြား တိုက်ပွဲတွေ မကြာခနဖြစ်ပွားနေတာကြောင့် ဒေသခံတွေဟာ ရပ်ရွာစွန့်ခွာပြီး ကျောက်မဲမြို့ပေါ်နဲ့ မိုင်းငေါ့မြို့က ဘုန်းတော်ကြီးကျောင်းတွေမှာ ခိုလှုံနေကြရပါတယ်။