သြဂုတ်လ ၁၂ရက်ကနေ့က ရန်ကုန်မဟာဗန္ဓုလပန်းခြံရှေ့မှာ ၆၉ နှစ်မြောက် ကရင်အာဇာနည်နေ့အခမ်းအနား ဦးဆောင်ကျင်းပခဲ့တဲ့ ကရင်အမျိုးသမီး အစည်းအရုံး ဥက္ကဋ္ဌ နော်အုန်းလှကို ကျောက်တံတားမြို့နယ် တရားရုံးက ငြိမ်းစုစီပုဒ်မနဲ့ ထောင်ဒဏ် ၁၅ရက် ဒီနေ့အမိန့်ချလိုက်ပါတယ်။ သူတို့ဘက်က ဥပဒေနဲ့အညီလုပ်တဲ့ ကိစ္စပေါ်မှာ တရားရုံးက အခုလို ဆုံးဖြတ်ချက်ချလိုက်တဲ့အပေါ် အယူခံဆက်တက်သွားမယ်လို့ ဆိုပါတယ်။ ဒီအကြောင်းကိုတော့ ကျောက်တံတားမြို့နယ် တရားရုံးမှာ ကိုယ်တိုင်သတင်းယူခဲ့တဲ့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုဇော်ထက်က ပြောပြပေးမှာပါ။
ကရင်အာဇာနည်နေ့ဆိုတဲ့ အသုံးအနှုန်းကို ပြောင်းလဲသုံးစွဲဖို့ အာဏာပိုင်တွေ ဖိအားပေးတဲ့ကြားက အဲဒီ အခမ်းအနားကို ဖြစ်အောင် လုပ်ခဲ့တာကြောင့် တရားရင်ဆိုင်နေရတဲ့ ကရင်အမျိုးသမီး အစည်းအရုံး KWU ဥက္ကဋ္ဌ နော်အုန်းလှနဲ့ ကရင်လူငယ် ၂ယောက်ကို ဒီနေ့ ရန်ကုန်တိုင်း၊ ကျောက်တံတားမြို့နယ် တရားရုံးက ငြိမ်းစုစီပုဒ်မ ၂၀နဲ့ ထောင်ဒဏ် ၁၅ရက်စီ အမိန့်ချလိုက်တာပါ။ ၆၉နှစ်ပြည့် ကရင်အာဇာနည်နေ့ကို သူတို့ဘက်က ဥပဒေအတိုင်း လုပ်ဆောင်ခဲ့ပေမဲ့ အခုလိုအမိန့်ချခံရတာကို လက်မခံနိုင်ကြောင်းနဲ့ အယူခံဆက်ဝင်သွားမယ်လို့ စီရင်ချက်ချအပြီးမှာ နော်အုန်းလှက တရားရုံးရှေ့မှာ မီဒီယာတွေကို ပြောပါတယ်။
“ထောင်ချတာ ကျမတို့ ပြဿနာမရှိပါဘူး။ ဒါပေမဲ့ကျမတို့ ကရင်အမျိုးသား အာဇာနည်နေ့ စော်ကား ခံရတယ်လို့ ခံစားရပါတယ်။ ကျမတို့ဒီဥစ္စာမှာ တာဝန်အရှိဆုံးက ရန်ကုန်တိုင်းအစိုးရ ဝန်ကြီးချုပ်ပါပဲ။ ဖြိုးမင်းသိန်းကိုယ်တိုင် ကျမတို့ကို ဘာပြောသလဲဆိုတော့ လုံးဝခွင့်မပြုနိုင်ဘူးဆိုတာ၊ ကျမတို့ ဒါကို လက်မခံပါဘူး။ ကရင်အာဇာနည်နေ့ကို ရန်ကုန်တိုင်းဝန်ကြီးချုပ်က လာကန့်ကွက်စရာအကြောင်းမရှိပါဘူး။ ဌာနဆိုင်ရာတွေကလည်း ပူးပေါင်း ပါဝင်တဲ့အတွက် ကျမတို့ တိုင်စာပို့ပါမယ် ဒီကိစ္စကို။ လက်မခံပါဘူး အယူခံတက်ပါမယ်။ ကျမတို့ ဥပဒေနဲ့အညီလုပ်တဲ့ကိစ္စကို တရားရုံးက အပြစ်ရှိတယ် ဆိုပြီး အမိန့်ချလိုက်တယ်။ ဒါနဲ့ ပတ်သက်လို့ ဥပဒေနဲ့အခွင့်အရေးအရ ကျမတို့ဆက်လုပ်သွားမယ်လို့ ပြောချင်ပါတယ်။”
၁၉၅၀ ခုနှစ်၊ သြဂုတ်လ ၁၂ရက်က ကရင်ပြည်နယ် ဖာပွန်မြို့မှာ တပ်မတော်နဲ့ ကရင်အမျိုးသားအစည်းအရုံး KNU တိုက်ပွဲဖြစ်ခဲ့ပြီး ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီးကျဆုံးခဲ့ပါတယ်။ သူ့ကို ဂုဏ်ပြုတဲ့အနေနဲ့ သြဂုတ်လ ၁၂ရက်ကို ကရင်အာဇာနည်နေ့အဖြစ် သတ်မှတ်ခဲ့ကြတာပါ။ KNU ဟာ ၂၀၁၅မှာ တနိုင်ငံလုံး အပစ်ရပ် NCA စာချုပ်ကို အစိုးရနဲ့ချုပ်ဆိုခဲ့ပြီး ငြိမ်းချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်နေတဲ့ လက်နက်ကိုင် အဖွဲ့လည်း ဖြစ်ပါတယ်။
တိုင်းရင်းသားလူမျိုးများ ကာကွယ်စောင့်ရှောက်ဖို့ဆိုတဲ့အချက်ကို ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဌာန်း ထားတဲ့အပြင်၊ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူညီမှု NCA စာချုပ်မှာလည်း တိုင်းရင်းသားတွေရဲ့ ဘာသာ၊ ယဉ်ကျေးမှု၊ စာပေ၊ ဓလေ့ထုံးစံ တွေကို ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ဖို့ဆိုတဲ့အချက်တွေ ပြဋ္ဌာန်းထားတာကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် မထိခိုက်ဖို့ အစိုးရကဆောင်ရွက်သင့်ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုအမြဲတမ်းကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်က တရားရုံးရှေ့မှာ မီဒီယာတွေကို အခုလိုပြောပါတယ်။
“အာဏာပိုင်တွေကို ဥပဒေကြောင်းအရ ကျနော်တို့ ဘာမှမပြောချင်ဘူး။ ကျနော်တို့ KNU ကရင်အမျိုးသား အစည်းအရုံးအနေနဲ့ ကျနော်တို့က ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ရှေ့ရှုပြီးတော့ အကောင်အထည်ဖော်နေတဲ့ လူမျိုးတမျိုး အဖွဲ့အစည်းတခုအနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထိခိုက်မယ့်၊ နစ်နာမယ့်၊ တဦးကို တဦး သံသယပွားစေမယ့်ဟာတွေကို မဆောင်ရွက်မိဖို့ ကျနော်တို့ မေတ္တာရပ်ခံပါတယ်။”
ဒီနေ့ ကျောက်တံတားမြို့နယ်တရားရုံးက နော်အုန်းလှကိုထောင်ဒဏ် ၁၅ရက်ချမှတ်လိုက်ပေမဲ့ သူ့အနေနဲ့ အခုချမှတ်လိုက်တဲ့ ပြစ်ဒဏ်ထက် ၇ ရက်ကျော်လွန်ပြီး အချုပ်ကျခံခဲ့ရပြီး ဖြစ်ပါတယ်။ သူနဲ့အတူတရားစွဲခံရတဲ့ ကရင်လူငယ် ၂ယောက်ဟာလည်း နော်အုန်းလှနည်းတူ ထောင်ဒဏ် ၁၅ရက်အသီးသီး ချမှတ်ခံခဲ့ရပေမယ့် သူတို့ဟာလည်း ချမှတ်ပြစ်ဒဏ်ထက် ၂ ရက်ကျော် အကျဉ်းကျခံခဲ့ကြတာပါ။
ဒီကနေ့ နော်အုန်းလှကို စီရင်ချက်ချတဲ့ ကျောက်တံတားမြို့နယ် တရားရုံးမှာ သူ့ကို လာရောက် ဝန်းရံသူတွေသူ လူအင်အား ၃၀၀ လောက် ရှိခဲ့ပြီး အဲဒီထဲက တချို့ဟာ မနက်အစောကြီးကတည်းက ရောက်နေခဲ့ကြတာလို့ ဆိုပါတယ်။
ကရင်လူမျိုးတွေအပါအဝင် တခြားတိုင်းရင်းသားလူမျိုးတွေ၊ အရပ်ဘက်အဖွဲ့တွေ၊ မီဒီယာတွေ ပူးပေါင်းပြီး ငြိမ်းချမ်းစွာ ထုတ်ဖော်ပြောဆိုခွင့်၊ တိုင်းရင်းသား တန်းတူအခွင့်အရေးနဲ့ ဖိနှိပ်မှုတွေကို ရပ်တန့်ရေးတို့ကို တောင်းဆိုတဲ့ လှုပ်ရှားမှုကိုလည်း ဒီနေ့ ညနေပိုင်း ရန်ကုန်၊ မဟာဗန္ဒုလပန်းခြံထဲမှာ လုပ်ခဲ့ကြပါတယ်။
.............................
{Unicode}
Your browser doesn’t support HTML5