(Zawgyi/Unicode)
အရှေ့တောင်အာရှခရီးစဉ်အတွင်း ဗီယက်နမ်နိုင်ငံမှာရောက်နေတဲ့ အမေရိကန်ဒုသမ္မတ Kamala Harris ကမြန်မာနိုင်ငံမှာ ကျန်းမာရေးဝန်ထမ်းတွေအပေါ် စစ်တပ်ရဲ့အကြမ်းဖက်လုပ်ရပ်တွေ အဆုံးသတ်ဖို့ တောင်းဆိုသွားပါတယ်။
"ဆရာဝန်တွေ သူနာပြုတွေအတွက် ဂုဏ်ပြုချီးကျူးနေရမယ့် ကာလမျိုးမှာ မြန်မာနိုင်ငံမှာတော့ ကျန်းမာရေးဝန်ထမ်းတွေအပေါ် စစ်တပ်က တိုက်ခိုက်နေတဲ့အတွက် စိုးရိမ်မိပါတယ်။ အာဏာသိမ်းထားတဲ့စစ်တပ်က လူ့အခွင့်အရေးတွေ ဆက်ပြီး ချိုးဖောက်နေတဲ့အတွက် သမ္မတ ဂျိုး ဘိုင်ဒန်ရော ကျမပါ အထူးစိုးရိမ်နေပါတယ်။ အကြမ်းဖက်မှုတွေကို ကျမတို့ရှုတ်ချပါတယ်။ မြန်မာပြည်သူတွေနဲ့အတူ အမေရိကန်ပြည်ထောင်စုက ရပ်တည်နေပါတယ်။ ဒီလုပ်ရပ်တွေ ရပ်ရပါလိမ့်မယ်။ အကြမ်းဖက်မှုတွေရပ်ဖို့၊ မတရားဖမ်းဆီးခံထားရသူအားလုံးပြန်လွတ်ပေးဖို့နဲ့ ဒီမိုကရေစီစနစ်ပြန်ဖော်ဆောင်ဖို့ ထပ်ပြီးတောင်းဆိုပါတယ်“ လို့ ဒီကနေ့ပဲ ဒုသမ္မတ Harris က ပြောဆိုသွားပါတယ်။
ဒုသမ္မတ Harris ဟာ သီတင်းတပတ်ကြာ စင်္ကာပူနဲ့ ဗီယက်နမ် ခရီးစဉ်အတွင်း နှစ်နိုင်ငံစလုံးမှာပြောတဲ့ နိုင်ငံခြားရေးဆိုင်ရာမိန့်ခွန်းထဲ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ထည့်သွင်းပြောဆိုခဲ့တာဖြစ်ပါတယ်။
ဗီယက်နမ် ထိပ်တန်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့တဲ့ ဒုသမ္မတ Harris က ဒေသတွင်းနိုင်ငံတွေနဲ့ တရုတ်တို့ကြား အငြင်းပွါးနေတဲ့ တောင်တရုတ်ရေပြင်ပိုင်နက်အရေးအပါအဝင် အခြားကိစ္စရပ်အတော်များများမှာလည်း ဗီယက်နမ်ဖက်က ရပ်တည်ကြောင်း ပြောဆိုခဲ့တာပါ။ ဗီယက်နမ်သမ္မတ Nguyen Xuan Phuc၊ ဒုသမ္မတ Vo Thi Anh Xuan အပြင် ဝန်ကြီးချုပ် Pham Minh Chinh တို့နဲ့လည်း ဒုသမ္မတ Harris တွေ့ဆုံခဲ့သလို၊ ဒေသတွင်း အမေရိကန်စစ်သင်္ဘောတွေ ထပ်ပြီး စေလွှတ်ပေးနိုင်ပါတယ်လို့လည်း ကမ်းလှမ်းခဲ့ပါတယ်။ ရေပြင်နယ်နိမိတ်တွေတိုးချဲ့တရုတ်နိုင်ငံအပေါ် ဖိအားတိုးပေးဖို့လိုတယ်လို့လည်း ဗီယက်နမ်သမ္မတနဲ့ တွေ့ဆုံချိန်အတွင်း ဒုသမ္မတ Kamala Harris ကပြောကြားခဲ့ပါတယ်။
..........................................................................................
(Unicode)