[Zawgyi/Unicode]
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်က ကျေးရွာတရွာမှာ တပ်မတော်က မိုင်းရှင်းလင်းပေးခဲ့ပြီးနောက် ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ဖို့ စီစဉ်နေတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအဂ္ဂနွန်က ပြောပြပါမယ်။
ဝိုင်းမော်မြို့နယ် ဒဘတ်ယန်ကျေးရွာမှာ မိုင်းရှင်းလင်းတဲ့ လုပ်ငန်းတွေ ပြီးစီးသွားခဲ့တာကြောင့် ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး စီစဉ်ဖို့ KBC ကချင်နှစ်ချင်းခရစ်ယာန်အဖွဲ့ချုပ်ကို တပ်မတော်က အကြောင်းကြားခဲ့တာပါ။ တပ်မတော် မိုင်းရှင်းလင်းရေးအဖွဲ့ တာဝန်ရှိသူတွေက ရှင်းလင်းရေး လုပ်ငန်းတွေပြီးဆုံးသွားတဲ့ ကျေးရွာကိုလည်း စနေနေ့မှာပဲ သွားရောက်လေ့လာခဲ့ကြောင်း KBC အဖွဲ့ အတွင်းရေးမှူး ဦးတူမိုင်က ပြောပါတယ်။
“ဒဘတ်ယန်ရွာ အဓိက အဲ့နေရာကို သွားကြည့်ကြတာပေါ့။ ကြည့်ကြတယ်ဆိုတာ တပ်မတော်က သူတို့ မိုင်းရှင်းထားတဲ့နေရာ၊ သူတို့အပ်နှံထားတဲ့ နေရာ သွားကြည့်ကြတယ်။ အဲ့မှာ သူတို့အပ်နှံထားတဲ့နေရာ၊ မိုင်းရှင်းထားတဲ့ နေရာတွေမှာ အိမ်စပြီး ဆောက်လုပ်ဖို့၊ အသစ်ဆောက်ဖို့ တချို့ကတော့ ပြင်ဖို့ပေါ့။ ဟိုနေ့က သွားကြည့်တဲ့နေရာမှာလည်း တချို့ကတော့လုံးဝနေလို့မရတော့တဲ့ အိမ်တွေ ရှိပါတယ်၊ တချို့ကတော့ နည်းနည်းပြင်ဖို့၊ ပြင်လို့ရတဲ့ အိမ်တွေလည်း တွေ့ခဲ့တယ်ပေါ့။ အဲ့ဒါကိုလည်း ကျနော်တို့ စိစစ်ပြီးတော့ လုပ်ဆောင်သွားဖို့ ရှိပါတယ်။”
SEE ALSO: ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် KBC နဲ့ တွေ့ဆုံဆွေးနွေးKBC အဖွဲ့ အကြီးအကဲတွေနဲ့ မြစ်ကြီးနားမြို့၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မလိခရိပ်သာမှာ ဒီဇင်ဘာလ ၁ ရက်နေ့က တွေ့ဆုံရာမှာတော့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒုက္ခသည်တွေ ဘေးကင်းလုံခြုံမှုရှိရှိ နေရပ်ပြန်နိုင်ရေးနဲ့ မိုင်းရှင်းလင်းရေး အကူအညီ ပေးမယ့်အကြောင်း ပြောဆိုထားတာပါ။
ကချင်လက်နက်ကိုင်အဖွဲ့ KIA နဲ့ ၁၇ နှစ်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ၂၀၁၁ ခုနှစ်မှာ ပျက်ပြားခဲ့ပြီး တိုက်ပွဲတွေ ပြန်ဖြစ်ရာက ဒေသခံတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရတာပါ။ လက်နက်ကိုင် ပဋိပက္ခတွေကနေ တိမ်းရှောင်နေကြရတဲ့ ဒုက္ခသည် ၂ ထောင်ကျော်ရှိရာ ဝိုင်းမော်မြို့နယ် မိုင်းနား KBC စစ်ရှောင်စခန်း တာဝန်ခံ ဦးဘရမ်ဆိုင်း ကတော့ နေရပ်ပြန်မယ့် ဒုက္ခသည်တွေအတွက် ရေတို၊ ရေရှည် အကူအညီတွေ လိုအပ်နေတယ်လို့ ပြောပါတယ်။
“နံပါတ် ၁ ကျတော့ ခုဏ နေထိုင်မှုပေါ့နော်၊ အိမ်အဆောက်အဦးဖြစ်မယ်။ ပြီးတော့ ရိက္ခာပိုင်ဆိုင်ရာလည်း ဖြစ်မယ်ထင်တယ်။ ကျနော်က၊ အခုရွာတစ်ရွာ ဒဘတ်ယန်ကျတော့ ၂၀၂၁ မိုးမရောက်ခင်မှာ ပြီးအောင်ပြန်မယ်လို့ ပြောကြတယ်။ အဲ့ဒီရွာတစ်ရွာပေါ့။ ပြည်သူတွေရဲ့ အသံကို နားထောင်ကြည့်တယ်။ အဓိကကျတော့ သူတို့စားဝတ်နေရေးရယ်၊ ခုနပြောသလိုပဲ အဆောက်အဦးပေါ့နော်။ ဒီစားဝတ်နေရေးနဲ့ ပတ်သက်ပြီးတော့လည်း ကျနော်တို့က အဓိကတော့ တစ်နှစ် နှစ်နှစ်လောက်လိုမယ်လို့ ထင်တာပဲ။ ဘာဖြစ်လို့လဲဆိုတော့ သမာရိုးကျ ဒီစိုက်ပျိုးရေးလုပ်လို့တာပဲဖြစ်ဖြစ်ပေါ့နော်။ သူကျတော့ အဲ့ဒါတွေလည်း အချိန်ယူရလို့လေ။”
စစ်ဘေးဒုက္ခသည်တွေ လုံခြုံရေးအတွက် အဓိကစိန်ခေါ်မှု တခုဖြစ်နေတဲ့ မြေမြှုပ်မိုင်းတွေကို တခြားနေရာတွေမှာပါ ဆက်လက် ရှင်းလင်းဖယ်ရှားပေးဖို့ တပ်မတော်ကို အကူအညီတောင်းခံထားတယ်လို့လည်း KBC အဖွဲ့တာဝန်ရှိသူတွေက ပြောပါတယ်။
ဒုက္ခသည်တွေကို အကူအညီပေးရေး လုပ်ငန်းတွေမှာ ပါဝင်နေတဲ့ ကချင်ငြိမ်းချမ်းရေးကွန်ရက်က ဒေါ်ခွန်ဂျာကလည်း စစ်ရှောင်ဒုက္ခသည်တွေ ဘေးအန္တရာယ်ကင်းကင်းနဲ့ သိက္ခာရှိရှိ နေရပ်ပြန်နိုင်မယ့် အခြေအနေတွေ ဖန်တီးပေးဖို့ လိုတယ်လို့ ပြောပါတယ်။
“ဂုဏ်သိက္ခာရှိရှိနဲ့ ပြန်ဖို့အတွက်ဆိုလို့ရှိရင် ကျမတို့ လိုအပ်တဲ့ environment (ပတ်ဝန်းကျင်) ကို ဖန်တီးပေးရမှာ ဖြစ်ပါတယ်၊ ဥပမာဆိုရင် စာသင်ကျောင်းလိုဟာမျိုး ဆေးပေးခန်းလိုဟာမျိုး ဒါတွေကို ကျမတို့ မရှိမဖြစ် ပြန်ပြုပြင်ပေးတာမျိုး အဲ့ဒါတွေကို လုပ်ကိုလုပ်ရမှာပါ။ ပြီးတော့မှ သူတို့တွေ လုပ်ကိုင်စားသောက်နိုင်ဖို့အတွက် မိုင်းရှင်းပေးတာမျိုးတွေပေါ့။ ရွာမှာ နေမယ့်အိမ်ကိုပဲရှင်းပေးတာမဟုတ်ပဲနဲ့ လုပ်ကိုင်စားသောက်မယ့်နေရာတွေကိုပါ ရှင်းလင်းပေးဖို့အတွက် လိုအပ်တယ်ပေါ့။ ဒါတွေ အကုန်လုံးလုပ်ပြီးမှပဲ ကောင်းကောင်းမွန်မွန် ပြန်ခိုင်းရင် အဆင်ပြေပါတယ်။”
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံးရဲ့ ထုတ်ပြန်ချက်အရ ကချင်ပြည်နယ်မှာ စစ်ဘေးဒုက္ခသည်စခန်း ၁၃၆ ခုမှာ ဒုက္ခသည် ၁၀၀,၀၀၀ လောက်ရှိနေတယ်လို့လည်း ခန့်မှန်းထားပါတယ်။ ဒီအထဲမှာ အစိုးရထိန်းချုပ်ရာ ဒေသတွေမှာ ရှိနေတဲ့ စစ်ရှောင်ဒုက္ခသည် အရေအတွက်က ၅၆၀,၀၀၀ ကျော် ပါဝင်တယ်လို့လည်း ပြီးခဲ့တဲ့လထဲ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Your browser doesn’t support HTML5
[Unicode Version]