စစ်ရှောင်ဒုက္ခသည်တွေရဲ့ ဘဝကို ကချင်စစ်ပွဲ ၈ နှစ်ပြည့်မှာ သရုပ်ဖော်တင်ဆက်ခဲ့လို့ စက်တင်ဘာ ၂ ရက်က ထောင်ဒဏ်အမိန့်ချခံရတဲ့ ကချင်လူငယ် နှစ် ယောက်အတွက် ဒေသခံတွေက မြစ်ကြီးနားမြို့ ဗိုလ်ချုပ်ကြေးရုပ်ပန်းခြံရှေ့မှာ ဒီနေ့ စပြီး ၃ ရက်ဆက်တိုက် ဆန္ဒထုတ် ဖော်ထုတ်နေကြပါတယ်။ ဒီလို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အပေါ် ကန့်သတ်မှုတွေ ရှိနေတာဟာ ဒီမိုကရေစီ လူ့အဖွဲ့အစည်း တည်ဆောက်ဖို့ ပိုပြီး ဝေးကွာသွားလိမ့်မယ်လို့ ဆန္ဒပြလူငယ်တွေကပြောပါတယ်။ ဗွီအိုအေ သတင်းထောက် ကိုဇော်ထက် မေးမြန်းပေးပို့ထားပါတယ်။
ကချင်ပြည်နယ်တွင်း တကြော့ပြန် ပြည်တွင်းစစ် အထိမ်းအမှတ်ပွဲမှာ စစ်ဘေးရှောင်တွေရဲ့ ဘဝကို တေးသရုပ်ဖော် တင်ဆက်ခဲ့လို့ မြစ်ကြီးနား တရားရုံးက ငြိမ်းစုစီပုဒ်မနဲ့ ၁၉ နဲ့ ထောင်ဒဏ် ၁၅ ရက်ချလိုက်တဲ့ ကချင်လူငယ် နှစ် ယောက်အတွက် လူအင်အား ၃၀၀ ကျော်က ဒီနေ့ ဆန္ဒထုတ်ဖော်ခဲ့တာပါ။
တနိုင်ငံလုံး အတိုင်းအတာနဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို နှိပ်ကွပ်နေပြီး ဒါဟာ ဒီမိုကရက်တစ ်လူ့အဖွဲ့အစည်းနဲ့ ပိုပြီးဝေးသွားလိမ့်မယ်လို့ ဒီနေ့ဆန္ဒပြပွဲမှာ ဦးဆောင် ပါဝင်သူ တဦးဖြစ်တဲ့ ကချင် အမျိုးသားလုံးဆိုင်ရာ လူငယ်များသမဂ္ဂ ဥက္ကဋ္ဌ ကိုလွမ်ဇောင်းက ဗွီအိုအေကို အခုလိုပြောပါတယ်။
“စစ်ရှောင် ဒုက္ခသည်တွေမှာ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို လျစ်လျူရှုတယ်လို့ ကျနော်တို့က သတ်မှတ်တယ်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို နှိပ်ကွပ်တယ်လို့ ကျနော်တို့က အဲဒီ်လို ယူဆတယ်။ ဒီ IDP တွေရဲ့ ဘဝမှန်ကို တေးသရုပ်ဖော်ခြင်းအားဖြင့် ပြစ်ဒဏ်ပေးခံရတယ်ဆိုတာက မလိုလားဘူး ကျနော်တို့ လုံးဝဆန့်ကျင်တယ်။ ဒီလိုမျိုးသာ ဆက်လုပ်မယ်ဆိုရင်တော့ အမှန်တကယ် ဒီမိုကရက်တစ်လူ့ဘောင်ကို တည်ဆောက်ဖို့အတွက်က အင်မတန်မှ ဝေးမှာဖြစ်ပါတယ်။”
စစ်ရှောင်တွေရဲ့ အခက်အခဲတွေကို လျစ်လျူမရှုဖို့ ပြီးတော့ လက်ရှိ တရားစီရင်ရေးကို မျှမျှတတဖြစ်ဖို့ တိုက်တွန်းထားတဲ့ စာတန်းတွေ ကိုင်ပြီး ဆန္ဒထုတ်ဖော် ကြပါတယ်။ ထောင်ဒဏ် ၁၅ ရက် ချခံရသူ နှစ်ဦးထဲက တဦးဖြစ်တဲ့ မဆိုင်းနူးပန်ကတော့ သူတို့ဟာ နိုင်ငံတော်အစိုးရကို ပုန်ကန် ဆန္ဒပြနေတာ မဟုတ်ဘဲ စစ်အတွင်းကြုံရတဲ့ ပြဿနာတွေကို ငြိမ်းငြိမ်းချမ်းချမ်း တေးသရုပ်ဖော် တင်ဆက်ပြတာလို့ သူ့ရဲ့ Facebook လူမှုကွန်ရက်မှာ ရေးခဲ့ပါတယ်။ ဒီမိုကရေစီ စံနှုန်းဖြစ်တဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို လေးစား လိုက်နာရမယ်လို့ သူကပြောခဲ့တာပါ။
ဒီကိစ္စမှာ လက်ရှိတရားစီရင်ရေးနဲ့ ပတ်သက်ပြီး မျှမျှတတ ဖြစ်စေချင်တယ်လို့ ကချင်ပြည်နယ်ပြည်သူ့ပါတီ လူငယ်ရေးရာတာဝန်ခံ ကိုဂျန်ခွန့်က ပြောပါတယ်။
“၁၉ ဃ နဲ့ တရားစွဲပြီဆိုလို့ရှိရင် တခါတည်းထောင်ထဲကို အလိုလိုဝင်ရမယ်ဆိုတဲ့ ပုံစံပေါ့နော်။ စွဲလိုက်ဖို့ပဲ လိုတယ်ပေါ့ ဆိုတော့ ၈၈အဖွဲ့တွေလည်း သူတို့ အထိမ်းအမှတ်နေ့ဆိုရင် လုပ်ကြတာပဲလေနော်။ ဥပဒေအတိုင်းပဲဆိုတဲ့ဟာကိုပဲ သွားနေတယ်။ ဒါပေမဲ့ ဥပဒေဆိုတဲ့ နေရာမှာလည်း တပြေးညီတည်း မနေပြန်ဘူး။ ဒီမှာ ဆက်တိုက်ဆက်တိုက်ပေါ့နော် တိုင်းပြည်က ပိုပိုပြီးတော့မှ လူငယ်တွေက ခံစားချက်တွေ ပေါက်ဖွားပြီး မကျေနပ်မှုတွေ များလာမယ်။”
ဒီဆန္ဒထုတ်ဖော်ပွဲကို ၃ ရက် ဆက်တိုက် မြစ်ကြီးနားမြို့ လူစည်ကားတဲ့ နေရာတွေမှာ လုပ်သွားမယ်လို့ ဆိုပါတယ်။ မကြာသေးခင်ကလည်း အမေရိကန်သမ္မတကို ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ဥက္ကဋ္ဌက မြန်မာပြည်တွင်း ဘာသာရေးဖိနှိပ်မှုတွေ ရှိနေတယ်ဆိုပြီးပြောခဲ့လို့ တပ်မတော်က တရားစွဲထားပါတယ်။ ခုလာမယ့် စက်တင်ဘာ ၉ ရက်မှာ ကချင်လူငယ်တွေက ဒါနဲ့ပတ်သက်ပြီး ဆန္ဒထုတ်ဖော်ဖို့လည်း ရှိနေပါတယ်။
Your browser doesn’t support HTML5