အမေရိကန်နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးလုပ်ဆောင်မှုအဖြစ်နဲ့ AI ဉာဏ်ရည်တုနည်းပညာကို ခုထက် ပိုပြီးအလျင်အမြန်အသုံးပြုဖို့ အမေရိကန် ထောက်လှမ်းရေးဌာနတွေကရော ပင်တဂွန် စစ်ဌာနချုပ် ကပါ ညွှန်ကြားချက်အသစ်တွေ ထုတ်ပြန်ကြပါတယ်။
သမ္မတဂျိုးဘိုင်ဒန်က ကြာသပတေးနေ့မှာ ဒီညွှန်ကြားချက်ကို လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ဒါဟာအမျိုးသားလုံခြုံရေးဆိုင်ရာ မူကြမ်းအသစ်ရဲ့ အစိတ်ပိုင်းတခုဖြစ်ပြီး AI နည်းပညာမှာ အမေရိကန်ပြည်ထောင်စုကဆက်လက် ဦးဆောင်မှုပေးနိုင်ဖို့ရည်ရွယ်သလို တရုတ်လို ပြိုင်ဘက်နိုင်ငံတွေက AI နည်းပညာသုံးတိုက်ခိုက်လာမှာကိုကာကွယ်နိုင်ဖို့လည်း ဖြစ်ပါတယ်။
AI လို့ခေါ်တဲ့ ဒစ်ဂျစ်တယ်နည်းပညာတိုးတက်နေတဲ့ခေတ်အတွက် ချပြခဲ့တဲ့ဒီမူကြမ်းမှာ AI နည်းပညာသုံးပြီး လူ့အခွင့်ရေး ဒါမှမဟုတ် အရပ်သားလွတ်လပ်ခွင့်ကိုထိခိုက်စေမယ့် လုပ်ရပ်တွေ မလုပ်နိုင်အောင်အကာကွယ်ပေးဖို့ လိုအပ်တဲ့စည်းမျဉ်းစည်းကမ်းတွေ ချပြထားတယ်လို့လည်း သမ္မတအိမ်ဖြူက ပြောပါတယ်။
ဒါ့အပြင် ဒီစည်းမျဉ်းသစ်တွေဟာ အမေရိကန်တွေစံထားတဲ့တန်ဖိုးနဲ့ ကိုက်ညီတဲ့နည်းပညာတွေ ဖြစ်ဖို့လည်း အမျိုးသားလုံခြုံရေးဌာနတွေက လုပ်ဆောင်မှာဖြစ်ကြောင်းလည်း အမေရိကန်အရာရှိကြီး တဦးက ပြောပါတယ်။ တကယ်လို့ AI နည်းပညာကိုသုံးဖို့ အမြန်မလုပ်ဘူးဆိုရင် ရန်သူတွေရဲ့ မဟာဗျူဟာကျတိုက်ခိုက်မှုကို မမျှော်လင့်ဘဲ ခံရမယ့်အန္တရာယ်ရှိနေတယ်လို့လည်း ပြောပါတယ်။ တရုတ်လိုနိုင်ငံမျိုးက အလားတူ သူ့စစ်ဘက်နဲ့ ထောက်လှန်းရေးဆိုင်ရာ စွမ်းရည်တိုးမြှင့်ဖို့ AI နည်းသုံး လုပ်ဆောင်နေချိန်မှာ အမေရိကန်ကလည်း လုံခြုံရေးနဲ့ပတ်သက်ပြီး နောက်ဆုံးပေါ် AI နည်းပညာကိုသုံးရမှာဖြစ်ကြောင်းလည်း ပြောပါတယ်။
Your browser doesn’t support HTML5