(Zawgyi/Unicode)
ဂျပန်အစိုးရက အမေရိကန် ဒေါ်လာ ဘီလီယံ ၇၀၀ တန်ဖိုးရှိတဲ့ စီးပွားရေး ပြန်လည်နိုးထရေး အစီအစဉ်ကို အင်္ဂါနေ့က အတည် ပြုလိုက်ပါတယ်။ ဒါဟာ ဒီ ဘဏ္ဍာရေးနှစ်ထဲ တတိယမြောက် စီးပွားရေး ပြန်လည်နိုးထရေး အစီအစဉ် ဖြစ်ပြီး COVID-19 တု့န်ပြန် ရေး စီမံချက်တွေ အပါအဝင် ပတ်ဝန်းကျင်ကို မထိခိုက်တဲ့ နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်တွေလည်း ပါဝင်ပါတယ်။
ကမ္ဘာတစ်ဝှမ်းက နိုင်ငံတွေမှာ COVID 19 ကပ်ရောဂါကြောင့် ထိခိုက်နေတဲ့ စီးပွားရေးကို ကျားကန်ဖို့ ငွေကြေး အမြောက်အမြား သုံးစွဲနေတဲ့အချိန်မှာ ဂျပန်ရဲ့ တတိယမြောက်နဲ့ ပမာဏ အများဆုံး စီးပွားရေး ပြန်လည်နိုးထရေး အစီအစဉ်ကို အခုလို အတည်ပြု လိုက်တာပါ။
ယန်းငွေ ၇၃.၆ ထရီလီယံနဲ့ ညီမျှတဲ့ အခု အစီအစဉ်မှာ ချေးငွေ အစီအစဉ်တွေ ပါဝင်သလို အစိုးရ အသုံးစရိတ် ယန်းငွေ ထိရီလီယံ ၄၀ လည်း ပါဝင်ပါတယ်။
စက်တင်ဘာလက စပြီး စတင်တာဝန်ထမ်းဆောင်တဲ့ ဝန်ကြီးချုပ် Yoshihide Suga ရဲ့ စီးပွားရေး ပြန်လည် နိုးထရေးဆိုင်ရာ ပထမဆုံး အစီအစဉ်လည်း ဖြစ်ပါတယ်။
၃ လပတ်ကာလတွေ အတော်ကြာ စီးပွားရေး ကျဆင်းနေတဲ့ ဂျပန်နိုင်ငံက ပြီးခဲ့တဲ့ လကပဲ စီးပွားရေး တိုးတက်မှုတွေ ပြန်လည် ရရှိခဲ့ပြီး အခုအစီအစဉ်နဲ့ စီးပွားရေးကို တိုးတက်ခိုင်မာအောင် လုပ်ဆောင်နိုင်လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။
အခုအစီအစဉ်အရ ဂျပန်နိုင်ငံက သက်ကြီးရွယ်အိုတွေအတွက် လုပ်ငန်းဆောင်တာနဲ့ ကျန်းမာရေးဌာနတွေအတွက် ငွေကြေး ထောက်ပံ့ပေးမှာ ဖြစ်သလို ခရီးသွားလုပ်ငန်းကို မှီခိုနေရတဲ့ စီးပွားရေး လုပ်ငန်းတွေကို အထောက်အကူပြုနေတဲ့ ပြည်တွင်း ခရီးသွားလာရေး အစီအစဉ်ကိုလည်း ထောက်ပံ့ကြေး ဆက်လက်ပေးသွားမှာလည်း ဖြစ်ပါတယ်။
ပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်တဲ့ နည်းပညာတိုးတက်ရေးအတွက်လည်း ဒေါ်လာ ဘီလီယံ ၂၀ သုံးစွဲမှာ ဖြစ်ပါတယ်။
ဂျပန်နိုင်ငံရဲ့ စီးပွားရေးက ၂၀၂၁ ခုနှစ်မှာ ၃ ဒဿမ ၇ ရာခိုင်နှုန်း တိုးတက်မယ်လို့ Capital Economics စီးပွားရေးလေ့လာရေး အဖွဲ့က ခန့်မှန်းထားပါတယ်။ ကပ်ရောဂါ မတိုင်ခင် တိုးတက်မှုနှုန်းကို အမေရိကန်နဲ့ ယူရိုဇုန်တွေက နိုင်ငံတွေထက် အချိန်အများကြီး စောပြီး နောက်နှစ် တတိယ သုံးလပတ်ကာလမှာ ပြန်လည် ရရှိမယ်လို့လည်း ခန့်မှန်းထားပါတယ်။
Your browser doesn’t support HTML5
.................
(Unicode)