ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်မှာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့ ဒီကနေ့ သီးသန့် တွေ့ဆုံပြီး မြန်မာနိုင်ငံ ဖွံ့ဖြိုးရေး ရံပုံငွေ ပေးအပ်မယ့်ကိစ္စတွေ ဆွေးနွေးခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံးက သတင်းထုတ်ပါတယ်။
ဂျပန်က ပေးအပ်မယ့် အကူအညီတွေထဲမှာတော့ ရန်ကုန်မြို့ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ သယ်ယူပို့ဆောင်ရေးကဏ္ဍ၊ လျှပ်စစ်မီးရရှိရေး၊ ရန်ကုန်-မန္တလေး ရထားလမ်းဖောက်လုပ်ရေး၊ လယ်ယာစိုက်ပျိုးရေး ကဏ္ဍ ဝင်ငွေတိုးတက်ရေး၊ အသေးစားနှင့် အလတ်စား ချေးငွေပေးရေး၊ တိုင်းရင်းသား ဒေသများ ဖွံ့ဖြိုးတိုးတက်မှု ကူညီထောက်ပံ့ပေးရေးအတွက် ဂျပန်ယန်းငွေ ၁ ဒသမ ၂ ဘီလီယံ အကူအညီပေးမယ့် ကိစ္စလည်း ပါဝင်ပါတယ်။
ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆောင်ရွက်ချက်တွေကို ထောက်ခံကူညီပေးသွားမှာ ဖြစ်ပြီး လမ်းဖောက်လုပ်ရေး၊ လျှပ်စစ်ပစ္စည်း ထုတ်လုပ်ရေး အတွက် ဂျပန် ယန်း ၁ ဒသမ ၅ ဘီလီယံ ထောက်ပံ့ရေး ကိစ္စ၊ နောက် ရဲတပ်ဖွဲ့ဝင်တွေကို သင်တန်းပေးရေးတွေကိုလည်း ဆွေးနွေးခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံးက ဖော်ပြပါတယ်။ ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့ရဲ့ ဒီကနေ့ တွေ့ဆုံပွဲမှာတော့ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဦးကျော်တင်လည်း တက်ရောက်ခဲ့ပါတယ်။
Your browser doesn’t support HTML5