ဂျပန်နိုင်ငံက ပေးမယ့် အကူအညီ ထိရောက်မှု ရှိစေဖို့အတွက် မြန်မာဘက်က အဆင်သင့် ဖြစ်အောင် ဘာတွေ လုပ်ဖို့ လိုအပ်ပါသလဲ။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂျပန်နိုင်ငံ ခရီးစဉ်မှာ ဂျပန်အစိုးရက မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်စေဖို့ ကူညီထောက်ပံ့မှုတွေ အတော်များများ ပေးအပ်ခဲ့ပါတယ်။ ဂျပန်မြန်မာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်တွေအတွက် ၅ နှစ်အတွင်း ဂျပန်ယန်း ဘီလျံ ၈၀၀ ပေးခဲ့သလို ဒီအထဲက ယန်း ဘီလျံ ၄၀ ကိုတော့ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေး လုပ်ဆောင်နေမှုတွေမှာ ဖွံ့ဖြိုးတိုးတက်စေဖို့ ရည်ရွယ်တယ်လို့ ပြောပြီး ပေးခဲ့တာ ဖြစ်ပါတယ်။
နာဂိုယာ Aichi Gakuim တက္ကသိုလ်က နိုင်ငံတကာ ဖွံဖြိုးရေးနဲ့ မူဝါဒလေ့လာမှုဆိုင်ရာ ပါမောက္ခ ဒေါက်တာကျော်စိန်ကို ဒေါ်ခင်မျိုးသက်က ဆက်သွယ်မေးမြန်းတဲ့အခါ အခုလို စပြောပါတယ်။
ဒေါက်တာကျော်စိန်။ ။ " ဂျပန်အစိုးရရဲ့ အာဘော်ကတော့ မြန်မာနိုင်ငံရေရှည်တိုးတက်မှု ၊ နိုင်ငံရေးတည်ငြိမ်မှုနဲ့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးမှာ ကမ္ဘာ့အလယ်မှာ ရင်ကော့ပြီးတော့ နေနိုင်ဖို့ကတော့ ငြိမ်းချမ်းရေးကို ဆောက်တည်မှရမယ်ဆိုတဲ့ဟာကို သူတို့သိပါတယ်။ တိုင်းပြည်ရဲ့ခေါင်းဆောင်ကလည်း ငြိမ်းချမ်းရေးကို နံပတ် ၁ ဦးစားပေးပြီးတော့ လုပ်နေတဲ့အချိန်မှာ ဂျပန် policy အနေနဲ့ကတော့ ၁ ချက်ခုတ်၊ ၂ ချက်ပြတ် စဉ်းစားလိုက်ပြီးတော့ ဖွံ့ဖြိုးတိုးတက်မှုပေးတာလည်း ငြိမ်းချမ်းရေးအတွက်အကျိုးရှိစေရမယ်။ ငြိမ်းချမ်းရေးအတွက်အကျိုးရှိအောင်ပေးတာလည်း ဖွံ့ဖြိုးတိုးတက်မှုအတွက် အကျိုးရှိစေရမယ် ဆိုတဲ့ ဝါဒကို သူတို့လက်ကိုင်ထားလိုက်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် ငြိမ်းချမ်းရေးလိုနေတဲ့ အရပ်ဒေသတွေမှာ တိုင်းရင်းသားတွေဒေသ အထူးသဖြင့် ဖွံ့ဖြိုးတိုးတက်မှုနောက်ကျနေတဲ့ အရပ်ဒေသ တိုင်းရင်းသားတွေဒေသတွေရော၊ကျေးလက်၊ မြို့ပြဒေသတွေရော အားလုံးအတွက် အကျိုးရှိတဲ့ policy ကိုဖော်ဆောင်နိုင်မယ်လို့ သူတို့ယူဆပြီးတော့ လုပ်တာဖြစ်ပါတယ်။
ဒေါ်ခင်မျိုးသက် ။ ။ မြန်မာနိုင်ငံအနေနဲ့ ဂျပန်ဆီက ဘာတွေ ရမယ်လို့မျှော်လင့်ထားပါသလဲ။ နိုင်ငံရေးအရ ဘာအကျိုးအမြတ်ရှိမလဲ နောက်ဂျပန်အနေနဲ့လည်း မြန်မာနိုင်ငံနဲ့ ဒီလို ဆက်ဆံတဲ့အတွက် ဒီလိုထောက်ပံ့ငွေတွေပေးတယ်၊ ချေးငွေတွေပေးတယ်၊ ဒါနဲ့ပတ်သက်ပြီးတော့ မြန်မာနိုင်ငံဘက်က ဘာများ အကျိုးစီးပွားသူ့အတွက်ရှိမယ်လို့ မျှော်မှန်းထားပါသလဲ။
ဒေါက်တာကျော်စိန်။ ။ဂျပန်ဟာ ဒီနေ့အထိ နိုင်ငံပေါင်းစုံကို ကူညီပေးခဲ့ပါတယ်။ Market အသစ်ရဖို့ရယ် နောက်ပြီး ကုန်ကြမ်းကနေစပြီးတော့ လုပ်သားတွေကိုအသုံးချဖို့ရယ်၊ ဈေးပေါတဲ့နိုင်ငံသွားတယ်၊ တည်ငြိမ်တဲ့နိုင်ငံသွားတယ် ဆိုတဲ့ မူနဲ့သွားတာပါ။ မြန်မာပြည်ဟာ အခုအချိန်မှာ တည်ငြိမ်တော့မယ်၊ ဈေးပေါတဲ့လုပ်သားတွေရှိတယ်၊ သံယံဇာတ ပေါများတယ်ဆိုပြီးသွားပြီးတော့ တနေ့မှာ မြန်မာမဟုတ်ပဲ နောက်တနိုင်ငံကို ဂျပန်က မရွေ့ဖို့ မြန်မာက အပိုင်ကိုင်နိုင်ဖို့လိုပါတယ်။ အဲလိုကိုင်နိုင်ဖို့အတွက်က ဂျပန်ကလည်း မြန်မာပြည်ကို အကူအညီပေးတဲ့အချိန်မှာ ပိုက်ဆံနဲ့ပေးတာမဟုတ်ပါဘူး၊ ပစ္စည်းပဲပေးတာမဟုတ်ပါဘူး၊ သူတို့လူတွေလည်း လွှတ်မှာပါပဲ၊ စီးပွားရေးသမားတွေလည်းသွားမှာပဲ။ အဲဒီတော့ မြန်မာ လုပ်သားထု၊ မြန်မာပြည်သူလူထု မြန်မာပြည်ရဲ့နိုင်ငံရေးတည်ငြိမ်မှု၊ ဥပဒေရေးရာတည်ငြိမ်မှု၊ နောက်ပြီးတော့ စီးပွားရေးနဲ့ ပတ်သက်တဲ့ လမ်းပန်းဆက်သွယ်မှု ၊ ဘဏ် အာမခံ အားလုံးက တည်ငြိမ်မယ်ဆိုရင် ဂျပန်က မြန်မာကနေပြီးတော့ နေရာရွေ့မှာမဟုတ်ပါဘူး။ ထို့အတူ မြန်မာ့ခေါင်းဆောင်လည်း ပြောသွားပါတယ် မြန်မာလူမျိုးတွေရဲ့ စဉ်းစားတွေးခေါ်ပုံ ၊ အကျင့်စရိုက် ဖော်ပြမှု၊ လုပ်ငန်းကိုင်ငန်းမှာ ဆက်သွယ်ဖော်ပြမှုတွေကို ယုံကြည်မူဖြစ်သွားရင် ဂျပန်-မြန်မာ ချစ်ကြည်ရေးဟာ မြင့်မားလာပါမယ်။ ချစ်ကြည်ရေးဟာ အစိုးရအချင်းချင်းပဲ မဟုတ်ပါဘူး အစိုးရနဲ့ အစိုးရ ၊ စီးပွားရေးနဲ့ စီးပွားရေး ကဏ္ဍ ၊ ပြည်သူနဲ့ ပြည်သူဖြစ်ပြီးတော့ ဂျပန်အစိုးရနဲ့ ပြည်သူ၊ ဂျပန် business နဲ့ ပြည်သူအထိကို ဆက်ဆံရေးကောင်းမွန်လာဖို့ကို ရည်ရွယ်ပြီးတော့ မြန်မာပြည်ဘက်က လုပ်ဖို့လိုပါတယ်။ ရေကို ရေစစ်သောက်သလိုမျိုး ပေးတဲ့အကူအညီတွေကို စစ်ဆေးပြီးတော့ယူဖို့ လိုပါတယ် ။ အောက်ခြေအထိ အကျိုးသက်ရောက်ဖို့ လိုပါတယ်။ ဒီတခါပေးတဲ့ ဂျပန်အကူအညီဟာ ပြည်သူပြည်သားနဲ့ တိုင်းရင်းသားတွေအထိအကျိုးအမြတ်ရှိအောင်လုပ်ဖို့ တိုင်းပြည်ခေါင်းဆောင်က ရည်ရွယ်ထားတယ်လို့ မြင်ပါတယ်။ ဒါကြောင့် ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်မူအကူအညီကို ဆက်ဆောင်ရွက်ဖို့လိုပါတယ်။
ဒေါ်ခင်မျိုးသက် ။ ။ ဒီ အကူအညီတွေပေးတဲ့အခါမှာ တိုင်းရင်းသားဒေသတွေမှာ အင်မတန် ဖွံ့ဖြိုးတိုးတက်မှုက သိပ်နည်းပြီးတော့ ၊ လူနေမှုအဆင့်အတန်းကလည်း အင်မတန်နိမ့်ကျပါတယ်။ ဆိုတော့ ဒီလိုနေရာမျိုးတွေမှာ ပေးတဲ့အခါမျိုးတွေမှာ မြန်မာနိုင်ငံဘက်က အဆင်သင့်ဖြစ်နေပြီလို့ ထင်ပါသလား။
ဒေါက်တာကျော်စိန်။ ။အဆင်သင့်ဖြစ်နေပြီလို့တော့ မထင်သေးပါဘူး လုပ်ငန်း ကိုင်ငန်းဆောင်ရွက်မှုတွေ၊ ဒါပေမယ့် Planning အနေနဲ့ကတော့ ခေါင်းဆောင်ခေါင်းထဲမှာကော ၊ ခေါင်းဆောင်နဲ့ ဆက်စပ်လုပ်နေတဲ့ အဖွဲ့အစည်းမှာရော ဘယ်လိုမျိုးလုပ်ရမယ်ဆိုတာတော့ ဆက်ပြီး establish လုပ်ရမယ်လို့ ကျနော်ထင်ပါတယ်။အရေးကြီးတဲ့အချက်က နိုင်ငံခြားကနေပြီးတော့ အကူအညီရတဲ့အချိန်မှာ ကူညီပေးတဲ့ နိုင်ငံရဲ့ လွှမ်းမိုးမှုဆိုတာ ရှိပါတယ်။ လွှမ်းမိုးမှုက ဘာနဲ့ မူတည်သလဲဆိုတော့ အဲဒီနိုင်ငံရဲ့ အမျိုးသား interest လို့ခေါ်တာပေါ့လေ အဲဒီအပေါ်မှာ မူတည်ပါတယ်။ ဥပမာ ပထဝီနိုင်ငံရေး၊ ပထဝီလုံခြုံရေး၊ နောက်တခါ စီးပွားရေးပြန်လည်ဆောက်တည်မှုတွေနဲ့ ပတ်သက်ပါတယ်။ အဲဒီတော့ လက်ခံရယူတဲ့ မြန်မာနိုင်ငံဘက်က ပေးတဲ့အကူအညီတွေက အလဟသမဖြစ်ဖို့ သေချာစိစစ်ဖို့လိုပါတယ်။ အဲဒါမှသာ တကယ်လိုအပ်တဲ့ ကဏ္ဍ တွေဆီရောက်မှာပါ။
ဒေါ်ခင်မျိုးသက် ။ ။ ဆိုတော့ မြန်မာနိုင်ငံမှာ ဒါမျိုးတွေအဆင်သင့်ဖြစ်နေပါပြီလား။ အခုကော နိုင်ငံတကာ အလှူရှင်တွေတော်တော်များများကပေးနေတယ်ဆိုတော့လေ မြန်မာနိုင်ငံမှာ အဆင်သင့်ဖြစ်ပြီလို့ မြင်ပါသလား။
ဒေါက်တာကျော်စိန်။ ။ခေါင်းဆောင်ပိုင်းကတော့ အဆင်သင့်ဖြစ်တဲ့အတွက် diplomacy မျိုးစုံနဲ့ ဒါတွေအားလုံးကို နိုင်ငံတကာနဲ့ ဆက်ဆံတယ်လို့ မြင်ပါတယ်။ အောက်ခြေအထိ implementation ဖြစ်ဖို့ကတော့ အစိုးရတခုတည်းမှာတင် တာဝန်ရှိတာမဟုတ်ပါဘူး။ CSO လို့ပြောတဲ့ လူမူ့အဖွဲ့အစည်းတွေမှာလည်း တာဝန်ရှိသလို ၊ Academic လို့ပြောတဲ့ ပညာရှင်တွေမှာလည်း တာဝန်ရှိပါတယ်၊ မီဒီယာမှာလည်း တာဝန်ရှိပါတယ်။ ကျနော်တို့ပြည်သူပဲဖြစ်ဖြစ် အစိုး၇ပဲဖြစ်ဖြစ် နိုင်ငံခြားတိုင်းပြည်အစိုး၇နဲ့ ပြည်သူနဲ့ ဆက်ဆံတဲ့အချိန်မှာ တခြားနိုင်ငံက ကိုယ့်တိုင်းပြည်ပြည်သူအတွက် ဘယ်လောက်အထိလုပ်ပေးနိုင်မလဲဆိုတာကို ဆုံးဖြတ်တဲ့အချိန်မှာ ဒီမိုကရေစီ ယဉ်ကျေးမူနဲ့ သုံးသပ်ဆုံးဖြတ်နိုင်ဖို့ လိုပါတယ်။ ဒီမိုကရေစီ ယဉ်ကျေးမူဆိုတာ တာဝန်သိမူရယ် ၊ အခွင့်အရေးသိမှုရယ်၊ အခန်းကဏ္ဍ ခွဲခြားပိုင်းဝေမှုပါ။ တချို့နိုင်ငံတွေ၊ တချို့အစိုးရတွေ၊ တချို့စီးပွားရေး အဖွဲ့အစည်းတွေက အခွင့်အရေးသိမှုနဲ့ပဲ လာတာပါ။ အဲဒီအချိန်မှာ တာဝန်သိမှုနဲ့ သူတို့ကို ကျနော်တို့ တိုင်းတာပြီးတော့ သူတို့ ကဏ္ဍ ကို ကျနော်တို့က သတ်မှတ်ပေးဖို့လိုပါတယ်။”
ဒါကတော့ ပါမောက္ခ ဒေါက်တာကျော်စိန်ကို ဒေါ်ခင်မျိုးသက်က ဆက်သွယ်မေးမြန်းခဲ့တာဖြစ်ပါတယ်။