အမေရိကန်ပြည်ထောင်စုမှာ ဖယ်ဒရယ်အစိုးရကချေးယူနိုင်တဲ့ ငွေပမာဏသတ်မှတ်ချက်တိုးပေးဖို့ သမ္မတ Joe Biden အစိုးရနဲ့ အမေရိကန်လွှတ်တော်ကြား သဘောတူညီမှုမရဘူးဆိုရင်တော့ အမေရိကန်ပြည်ထောင်စုနဲ့ကမ္ဘာ့စီးပွားရေးအတွက် စီးပွားရေးနဲ့ ဘဏ္ဍာရေးဆိုင်ရာကပ်ဆိုးကြီးတရပ် ကြုံလာရနိုင်တယ်လို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Janet Yellen က သတိပေးပါတယ်။
အမေရိကန်အစိုးရအတွက် အသုံးစရိတ်တွေဟာ လာမယ့်ဇွန်လအစောပိုင်းမှာ ပြတ်တောက်သွားနိုင်တယ်လို့ ဘဏ္ဍာရေးဝန်ကြီး Yellen က ABC သတင်းဌာနဲ့ မေးမြန်းခန်းအတွင်းဖြေဆိုခဲ့ပါတယ်။ အမေရိကန်အစိုးရအနေနဲ့ ချေးယူနိုင်တဲ့ပမာဏသတ်မှတ်ချက် အမေရိကန်ဒေါ်လာ ၃၁.၄ တြီလျံဟာ ပြီးခဲ့တဲ့ဇန်နဝါရီလထဲမှာ သတ်မှတ်ပမာဏပြည့်သွားတဲ့နောက်ပိုင်း ကြွေးမြီတွေပေးနိုင်ဖို့ အမေရိကန်ဘဏ္ဍာရေးဌာနအနေနဲ့ အစွမ်းကုန်စွမ်းဆောင်ကြိုးပမ်းခဲ့ပေမယ့် သူတို့လုပ်နိုင်စွမ်း ဒါအကုန်ပဲလို့လည်း ဘဏ္ဍာရေးဝန်ကြီး Yellen က ပြောပါတယ်။
အစိုးရအသုံးစရိတ်တွေ မပေးနိုင်တော့တဲ့ရက် မကြာခင် ရောက်လာတော့မယ်လို့ ဘဏ္ဍာရေးဝန်ကြီးက သတိပေးပြောပါတယ်။ ဒီအကျပ်အတည်းကြီးကို ကျော်လွှားနိုင်ရေးဆွေးနွေးဖို့ သမ္မတဘိုင်ဒန်ဟာ အင်္ဂါနေ့မှာ လွှတ်တော်ထိပ်ပိုင်းခေါင်းဆောင်တွေကို အိမ်ဖြူတော်ကိုဖိတ်ကြားထားပါတယ်။ အကန့်အသတ်ခြွင်းချက်မထားဘဲ အစိုးရချေးယူနိုင်တဲ့ငွေပမာဏသတ်မှတ်ချက်တိုးပေးဖို့ သမ္မတ Joe Biden က လွှတ်တော်ကို တောင်းဆိုထားပါတယ်။
လူမှုရေးအစီအစဉ်တွေနဲ့ ဥတုရာသီထိန်းကျောင်းရေးဆိုင်ရာ အစိုးရအသုံးစရိတ်တွေကို ဖြတ်တောက်ရမယ်ဆိုတဲ့ သတ်မှတ်ချက်ထားပြီး အစိုးရကြွေးမြီယူနိုင်တဲ့ပမာဏ တနှစ်တာ တိုးမြှင့်အတည်ပြုပေးခဲ့ပါတယ်။ ဒါပေမယ့် ဒါကို အမေရိကန်အစိုးရနဲ့ ဒီမိုကရက်လွှတ်တော်အမတ်တွေကတော့ ကန့်ကွက်ထားပါတယ်။
Your browser doesn’t support HTML5