ဟာမတ်စ်တို့ဖမ်းဆီးထားတဲ့ ဓါးစာခံတွေလွတ်မြောက်ရေးအတွက် ယာယီအပစ်အခတ်ရပ်ဖို့ အမေရိကန်ကဆက်လက် ကြိုးပမ်းနေချိန်နေမှာ ဂါဇာဒေသတောင်ပိုင်းက Rafah မြို့ထဲကို ဝင်ရောက်ဖို့ တပ်တွေပြင်ထားဖို့ အစ္စရေးဝန်ကြီးချုပ်က အမိန့်ပေးထားပါတယ်။ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်အပေါ် ဟာမတ်စ်တို့ရဲ့ တောင်းဆိုချက်ကို ပယ်ချခဲ့ပြီး နောက်တရက်မှာပဲ ဝန်ကြီးချုပ် Benjamin Netanyahu ကခုလို သူ့တပ်တွေကို အမိန့်ပေးခဲ့တာပါ။
အီဂျစ်နိုင်ငံနဲ့ နယ်စပ်ဖြစ်တဲ့ Rafah မြို့မှာ ဂါဇာမြောက်ပိုင်းက ပါလက်စတိုင်း သိန်းနဲ့ချီ ခိုလှုံနေကြတာမို့ အစ္စရေးတို့ ဝင်ရောက်ထိုးစစ်ဆင် တိုက်မယ့်အပေါ် စိုးရိမ်မှုတွေလည်း ကြီးနေကြပါတယ်။ တချိန်ထဲမှာ အရှေ့အလယ်ပိုင်းဒေသကိုရောက်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ အစ္စရေးအရေးပေါ်စစ်ဘက်ဆိုင်ရာအစိုးရအဖွဲ့ထဲက အလယ်အလတ်သဘောထားရှိသူတွေ၊ အစ္စရေးအတိုက်အခံတွေနဲ့ ဒီနေ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ၂၀၂၃ အောက်တိုဘာ ၇ ရက်က ဟာမတ်စ်တို့ရဲ့တိုက်ခိုက်မှုအတွင်း ဖမ်းဆီးခံသွားရတဲ့ အစ္စရေးဓါးစာခံတွေ ပြန်လည်လွတ်မြောက်လာရေးကို အရေးပေါ်စစ်ဘက်ဆိုင်ရာအစိုးရအဖွဲ့ထဲက Benny Gantz နဲ့ Gabi Eisenkot တို့နဲ့ တွေ့ဆုံစဉ်မှာ နိုင်ငံခြားရေးဝန်ကြီး Blinken အဓိကထား ဆွေးနွေးခဲ့ပါတယ်။ ဓါးစာခံတွေသာ ပြန်လွတ်မြောက်လာမယ်ဆိုရင် တခြားကိစ္စတွေအများကြီးပါ ပြေလည်သွားလိမ့်မယ်လို့ အတိုက်အခံခေါင်းဆောင် Yair Lapid နဲ့တွေ့ဆုံစဉ်မှာလည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။ အစ္စရေးနဲ့ ဟာမတ်စ်စစ်သွေးကြွအဖွဲ့ကြား စစ်ပွဲစတင်ခဲ့ပြီးနောက် ဝန်ကြီး Blinken အရှေ့အလယ်ပိုင်းကို ၅ ကြိမ်မြောက်ရောက်နေတာဖြစ်ပါတယ်။
ကာတာနိုင်ငံရဲ့ ကြားဝင်စေ့စပ်ပေးနေတဲ့ ဟာမတ်စ်တို့ဖမ်းထားတဲ့ အစ္စရေးဓါးစာခံတွေ လွတ်မြောက်ရေးနဲ့ ဂါဇာဒေသက ပါလက်စတိုင်းတွေအတွက် လူသားချင်းစာနာတဲ့ အကူအညီတွေပေးနိုင်ရေး ယာယီအပစ်ရပ်သဘောတူညီမှု ရနိုင်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။ အစ္စရေးဝန်ကြီးချုပ်ကတော့ ဟာမတ်စ်တဖွဲ့လုံး အမြစ်မပြတ်သရွေ့ ဆက်တိုက်သွားမယ်လို့ ဗုဒ္ဓဟူးနေ့ကပဲ ပြောကြားခဲ့ပါတယ်။
Your browser doesn’t support HTML5