လုံးဝအနိုင်ရတဲ့အထိတိုက်ပွဲဝင်မယ်လို့ အစ္စရေးဝန်ကြီးချုပ်ကြုံးဝါး

အမေရိကန်ပြည်ထောင်စုကိုရောက်နေတဲ့ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu က မြို့တော်ဝါရှင်တန်ဒီစီမှာရှိတဲ့ အမေရိကန်လွှတ်တော်တွင်း မိန့််ခွန်းပြောကြားစဥ်။ (ဇူလိုင် ၂၄၊ ၂၀၂၄)

ဂါဇာကမ်းမြောင်မှာ ဟာမတ်စ်ရဲ့ စစ်ရေးစွမ်းရည်တွေကို မဖျက်ဆီးနိုင်မချင်း အစ္စရေးအနေနဲ့ ဆက်လက်တိုက်ခိုက်သွားမှာဖြစ်ပြီး စစ်ပွဲကို အလုံးစုံအောင်နိုင်တဲ့အထိ တိုက်ခိုက်ဖို့အသင့်ရှိကြောင်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက အမေရိကန်ကွန်ဂရက်လွှတ်တော်မှာ ဗုဒ္ဓဟူးနေ့က ပြောပါတယ်။ တချိန်တည်းမှာပဲထောင်နဲ့ချီတဲ့ ဂါဇာစစ်ပွဲဆန့်ကျင်ရေးဆန္ဒပြသူတွေဟာ အမေရိကန် လွှတ်တော်အနီးမှာ စုရုံးခဲ့ကြသလို အစ္စရေးနိုင်ငံ တဲလ်အဗစ်မှာလည်း ဟာမတ်စ်ဖမ်းထားတဲ့ အစ္စရေး ဓားစာခံတွေရဲ့မိသားစု၊ ဆွေမျိုးတွေနဲ့ ထောက်ခံသူရာနဲ့ချီစုဝေးပြီး နေတန်ယာဟုမိန့်ခွန်းကို စောင့်ကြည့်ခဲ့ကြပြီး “အပစ်ရပ်ရေး သဘောတူဖို့” တောင်းဆို ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

နေတန်ယာဟုဟာ ဟာမတ်စ်နဲ့ တခြားအီရန်ကျောထောက်နောက်ခံပြု လက်နက်ကိုင်အဖွဲ့တွေကို တိုက်ခိုက်ရာမှာ အမေရိကန်ပြည်ထောင်စုရဲ့ထောက်ခံမှုကိုမြှင့်တင်နိုင်ဖို့ ကြိုးပမ်းချက်အဖြစ် သူ့ရဲ့ အမေရိကန်ခရီးစဥ်အတွင်း ကွန်ဂရက်လွှတ်တော်မှာ မိန့်ခွန်းပြောခဲ့တာပါ။ မိန့်ခွန်းထဲမှာ ၉ လ ကြာလာပြီဖြစ်တဲ့ ဂါဇာစစ်ပွဲအပစ်အခတ်ရပ်စဲရေးသဘောတူညီချက် ပုံဖော်နိုင်မယ့်အချက်တချို့ ပြခဲ့ပေမယ့် အများစုကတော့ ပြင်းထန်တဲ့သဘောထားထုတ်ပြခဲ့ပြီး ဟာမတ်စ်အပေါ် “အလုံးစုံအောင်ပွဲ” မရမချင်း အစ္စရေးအနေနဲ့ စစ်ရေး ဖိအားပေးသွားမှာဖြစ်ကြောင်း နေတန်ယာဟုက ကြုံးဝါးပါတယ်။

“ဟာမတ်စ်ရဲ့ စစ်ရေးစွမ်းရည်နဲ့ ဂါဇာမှာရှိတဲ့သူ့ရဲ့အုပ်ချုပ်မှုကိုဖျက်ဆီးပြီး ဓားစာခံအားလုံးကို အိမ်ပြန်မခေါ်မချင်း အစ္စရေးက တိုက်ပွဲဝင်သွားမှာပါ” လို့ ဆိုပါတယ်။ “ဒါက လုံးဝအောင်ပွဲရတဲ့အထိ ဆိုတဲ့ အဓိပ္ပာယ် ဆောင်ပြီး ဘာကိုမှ အလျှော့ပေးသွားမှာမဟုတ်ဘူး။” လို့ နေတန်ယာဟုက အမေရိကန် ကွန်ဂရက်လွှတ်တော်မိန့်ခွန်းမှာ ပြောပါတယ်။ ဒါပေမယ့် ဟာမတ်စ်ဘက်က လက်နက်ချ၊ လက်နက်ဖြုတ်ပြီး ဖမ်းဆီးထားတဲ့ ဓားစာခံအားလုံးကို လွှတ်ပေးမယ်ဆိုရင်တော့ အပစ်အခတ် ရပ်စဲရေးကို သဘောတူမယ်လို့ သူက ကွန်ဂရက်ကို ပြောပါတယ်။

နေတန်ယာဟု အမေရိကန်အောက်လွှတ်တော်အခန်းထဲကို ဝင်ရောက်ချိန်မှာ ပါတီနှစ်ရပ်လုံးက လွှတ်တော်အမတ်အများစုက မတ်တပ်ရပ်ပြီး ထောက်ခံအားပေးမှုကိုပြသကာ ကြိုဆိုခဲ့ကြပါတယ်။ ကွန်ဂရက်လွှတ်တော်ထဲမှာ တဦးတည်းသော ပါလက်စတိုင်းနွယ်ဖွား အမေရိကန်လွှတ်တော်အမတ် ဖြစ်တဲ့ Rashida Tlaib အပါအဝင် ဒီမိုကရက်ပါတီအမတ်တချို့ကတော့ ထိုင်ခုံမှာထိုင်လျက် ရှိနေတာကို တွေ့မြင်ရပါတယ်။

နေတန်ယာဟု မိန့်ခွန်းပြောချိန်တလျှောက်လုံးမှာလည်း ရီပတ်ဘလစ်ကန်အမတ်တွေကတော့ လှိုက်လှိုက်လှဲလှဲအားပေးခဲ့ကြပြီး ဒီမိုကရက်အမတ်တွေကတော့ စိတ်အားထက်သန်မှု သိပ် မပြခဲ့ကြပါဘူး။ အောက်လွှတ်တော်ခန်းမကို အပေါ်စီးကနေမြင်ရတဲ့နေရာမှာတော့ လူ ၆ ဦး ထက်မနည်းဟာ ဓားစာခံတွေအိမ်ပြန်နိုင်ဖို့ သဘောတူညီချက်တခုအရယူဖို့ နေတန်ယာဟုကို တိုက်တွန်းတဲ့ အနေနဲ့ “အခု ချက်ချင်း သဘောတူညီချက် ရယူဖို့” တောင်းဆိုထားတဲ့ တီရှပ်အင်္ကျီတွေကို ဝတ်ဆင်ထားတာ တွေ့ရပါတယ်။

နေတန်ယာဟုက မိန့်ခွန်းအပြီးမှာတော့ “အစ္စရေးပြည်သူတွေကိုယ်စား၊ အမေရိကန်ပြည်ထောင်စုကို ကျေးဇူးတင်ကြောင်းပြောဖို့ ဒီကိုလာခဲ့တယ်” လို့ ပြောပါတယ်။ မိန့်ခွန်းထဲမှာလည်း အမေရိကန်-အစ္စရေး စည်းလုံးညီညွတ်မှုကိုထုတ်ဖော်ခဲ့ပြီး သမ္မတဂျိုးဘိုင်ဒန်ကိုလည်း ချီးကျူးစကား ပြောခဲ့ပါတယ်။ ဒါ့အပြင် အစ္စရေးခေါင်းဆောင်ဟာ အမေရိကန်သမ္မတဟောင်းနဲ့ လက်ရှိ ၂၀၂၄ နိုဝင်ဘာ ရွေးကောက်ပွဲ သမ္မတလောင်းဒေါ်နယ်ထရမ့်ကိုလည်း “အစ္စရေးအတွက် သူလုပ်ခဲ့သမျှအတွက်” ချီးမွမ်းပြောဆိုခဲ့ပါတယ်။

နေတန်ယာဟုရဲ့ ဝါရှင်တန်ခရီးစဥ်ဟာ အမေရိကန်ဦးဆောင်တဲ့ ဂါဇာအပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲတွေ အောင်မြင်မှုမရှိဘဲ လအတော်ကြာ ကြာမြင့်နေချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။ အီဂျစ်၊ အစ္စရေး၊ အမေရိကန်နဲ့ ကာတာ နိုင်ငံတွေကတာဝန်ရှိသူတွေဟာ အစ္စရေးနဲ့ ဟာမတ်စ်တို့ကြား စစ်ပွဲအဆုံးသတ်ရေးနဲ့ ကျန်ရှိနေသေးတဲ့ ဓားစာခံတွေလွှတ်ပေးနိုင်ရေး အဆိုပြုထားတဲ့ အဆင့် ၃ ဆင့်ပါ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲတွေ ပြန်လည်စတင်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ လာမယ့် ကြာသပတေးနေ့ကျရင် ဒိုဟာမှာ တွေ့ဆုံကြဖို့ ရန် မျှော်လင့်ရပါတယ်။ ဒါပေမယ့် အစ္စရေးဘက်ကတော့ ညှိနှိုင်းရေးအဖွဲ့ စေလွှတ်ဖို့ နှောင့်နှေးဖွယ်ရှိနေပြီး လာမယ့် သီတင်းပတ်ထဲကျမှ စေလွှတ်ဖွယ်ရှိကြောင်း အစ္စရေးအရာရှိတဦးက ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြောထားပါတယ်။

တပြိုင်တည်းမှာပဲ ဂါဇာတောင်ပိုင်းက ခန်းယူနစ်ကစာသင်ကျောင်းနှစ်ကျောင်းတိုက်ခိုက်ခံခဲ့ရပြီး အဲဒီအတွင်းထဲမှာခိုလှုံနေကြတဲ့ ပါလက်စတိုင်းတွေ သေဆုံးဒဏ်ရာရခဲ့ကြတယ်လို့ ကုလသမဂ္ဂက ဗုဒ္ဓဟူးနေ့က သတင်းထုတ်ပြန်ထားပါတယ်။

Your browser doesn’t support HTML5

လုံးဝအနိုင်ရတဲ့အထိတိုက်ပွဲဝင်မယ်လို့ အစ္စရေးဝန်ကြီးချုပ်ကြုံးဝါး