လူမျိုးသုဥ်းသတ်ဖြတ်မှု ကျူးလွန်နေတယ်လို့ အစ္စရေးနဲ့ ပါလက်စတိုင်းကိုယ်စားလှယ်တွေဟာ ကုလသမဂ္ဂမှာ တနင်္လာနေ့က အပြန်အလှန် စွပ်စွဲလိုက်ကြပြီး နိုင်ငံတကာက အရေးယူဖို့ တောင်းဆိုလိုက်ကြပါတယ်။ လူမျိုးသုဥ်း သတ်ဖြတ်မှုကာကွယ်ရေးနဲ့ အပြစ်ပေးရေး သဘောတူညီချက် ရေးထိုးခဲ့ကြတဲ့ ၇၅ နှစ်မြောက် နှစ်ပတ်လည်မတိုင်မီ ဂျနီဗာမှာရှိတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ ဟားမတ်စ်-အစ္စရေးစစ်ပွဲက ခဏခဏပါလာတဲ့ အကြောင်းအရာ ဖြစ်နေပါတယ်။
အောက်တိုဘာ ၇ ရက် ဟားမတ်စ်ရဲ့တိုက်ခိုက်မှုဟာ လူမျိုးသုဥ်းသတ်ဖြတ်ရေး အယူအဆအရ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ အစ္စရေးကိုယ်စားလှယ်အဖွဲ့ရဲ့ ဥပဒေအကြံပေး ယီးလ ဆစ်ထရင် (Yeela Cytrin) က တက်ရောက်လာတဲ့ သံတမန်တွေကို ပြောပါတယ်။
‘အစ္စရေးက လေကြောင်း ကုန်းကြောင်း တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာခဲ့တဲ့ လူ့ပယောဂ ကပ်ဘေးဟာ ကျောင်းသုံးစာအုပ်မှာပါတဲ့ လူမျိုးသုဥ်းသတ်ဖြတ်မှုပါပဲ’ လို့ ပါလက်စတိုင်း ကိုယ်စားလှယ် ဒီမာ အက်စ်ဖိုး (Dima Asfour) က လူ့အခွင့်အရေးကောင်စီမှာ ပြောပါတယ်။
လူမျိုးသုဥ်းသတ်ဖြတ်မှု နိုင်ငံတကာ သဘောတူညီချက်ကို ၁၉၄၈ ဒီဇင်ဘာ ၉ ရက်နေ့မှာ လက်မှတ်ရေးထိုးခဲ့ကြတာပါ။ ကမ္ဘာ့ လူ့အခွင့်အရေး ကြေညာစာတမ်းကြီးမတိုင်မီ လက်မှတ်ရေးထိုးခဲ့တဲ့ ကုလသမဂ္ဂရဲ့ ပထမဆုံး လူ့အခွင့်အရေးဆိုင်ရာ သဘောတူညီချက်လည်း ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်း ဂျူးတွေကို ဖက်ဆစ်နာဇီဂျာမနီက အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့ပြီးတဲ့နောက် အဲဒီလို လုပ်ရပ်မျိုးတွေကို ကာကွယ်အပြစ်ပေးဖို့ ချမှတ်ခဲ့တဲ့ သဘောတူညီချက် ဖြစ်ပါတယ်။
Your browser doesn’t support HTML5