အီရန်ရဲ့ မစ်ဇိုင်းဒုံးနဲ့ တိုက်ခိုက်မှုအတွက် ဘယ်လိုတုန့်ပြန်မယ်ဆိုတာကို အစ္စရေးဘက်က မဆုံးဖြတ်ရသေးကြောင်းနဲ့ အစ္စရေး အနေနဲ့ အီရန်ရဲ့ ရေနံတွင်းတွေကို မထိခိုက်စေဖို့ စဉ်းစားသင့်ကြောင်း အမေရိကန် သမ္မတက သောကြာနေ့ အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဘယ်လိုတုန့်ပြန်မယ် ဆိုတာကို အစ္စရေးဘက်က စဉ်းစားပြီးချိန်မှာ အစ္စရေး အရာရှိတွေနဲ့ ဆွေးနွေးဖို့ရှိကြောင်းလည်း ပြောပါတယ်။ အမေရိကန် ဆိုရင်တော့ အီရန်ရဲ့ ရေနံတွင်းတွေ အစား တခြားပစ်မှတ်ကိုရွေးဖို့ စဉ်းစားမှာ ဖြစ်ကြောင်းပြောပါတယ်။
အီရန်က အင်္ဂါညပိုင်းမှာ အစ္စရေးကို ပဲ့ထိန်းတပ် မစ်ဇိုင်းဒုံးကျည် ၂၀၀ လောက်နဲ့ ပစ်ခတ်ခဲ့တဲ့ နောက် အစ္စရေးနဲ့ အီရန်ရဲ့ ဒေသတွင်း မဟာမိတ်အဖွဲ့တွေကြား တနှစ်ကြာ ပဋိပက္ခ အခြေနေဟာ အရှိန်အမြင့်ဆုံး ဖြစ်သွားခဲ့တာပါ။
အီရန်ရဲ့ ပစ်ခတ်မှုအတော်များများကို အမေရိကန်ရေတပ်က ကြားဝင်ဖျက်ထုတ်ပေးခဲ့တာ ဖြစ်ပါတယ်။ အစ္စရေးအနေနဲ့ အီရန်သာမက တခြား ဟက်ဇ်ဘိုလာတို့ ဟူသီလက်နက်ကိုင် အဖွဲ့တို့လို ဘယ်သူပဲ တိုက်ခိုက်လာလာ ပြန်တုန့်ပြန်ခွင့် ရှိတယ်လို့လည်း သမ္မတဘိုင်ဒန်က ပြောပါတယ်။ ဒါပေမယ့် အရပ်ဘက်ထိခိုက် သေဆုံးမှု မရှိအောင်တော့ သိပ်သတိထားဖို့ လိုတယ်လို့လည်း ပြောပါတယ်။
အီရန်ခေါင်းဆောင်ကြီး Ayatollah Ali Khamenei က အစ္စရေး နဲ့ပတ်သက်ပြီး နောက်ဆုတ်ပေး မှာ မဟုတ်ကြောင်း သောကြာနေ့ ဝတ်ပြုဆုတောင်းသူ တွေနဲ့ အတူ Mosalla ဗလီ- ဝတ်ပြုပွဲကို ရှားရှားပါးပါး တက်ရောက်လာပြီး ပြောကြားခဲ့တဲ့ နောက်အခုလို သမ္မတဘိုင်ဒန်က ပြောကြားခဲ့တာဖြစ်ပါတယ်။ အီရန် နိုင်ငံခြားရေး ဝန်ကြီး ကလည်း သေကြာနေ့မှာပဲ လက်ဘနွံအရာရှိတွေနဲ့ ဘေရွတ်မှာ တွေ့ဆုံခဲ့တာပါ။
Your browser doesn’t support HTML5