ဒိန်းမတ်နိုင်ငံ အစ္စရေးသံရုံးအနီး ပေါက်ကွဲမှုဖြစ်ပွား 

ဒိန်းမတ်နိုင်ငံ Copenhagen မြို့က အစ္စရေးသံရုံးမြင်ကွင်း (အောက်တိုဘာ ၂၊ ၂၀၂၄)

ဒိန်းမတ်နိုင်ငံက အစ္စရေးသံရုံးအနီး ပေါက်ကွဲမှု ၂ ခု ဖြစ်ခဲ့တာကို စုံစမ်းစစ်ဆေးနေကြောင်း ရဲတပ်ဖွဲ့က ပြောလိုက်ပါတယ်။ Copenhagen မြို့တော် မြောက်ပိုင်း မြို့ပြင်ဖက်မှာရှိတဲ့ အစ္စရေးသံရုံးအနီး ညဖက် ပေါက်ကွဲမှုအတွင်း ထိခိုက်ဒဏ်ရာရသူတော့ မရှိခဲ့ကြောင်းနဲ့ ကနဦးစုံစမ်းမှုတွေ စတင်နေပြီလို့လည်း X လူမှုကွန်ရက်မှာ ရဲတပ်ဖွဲ့က ပြောဆိုခဲ့တာပါ။

ပေါက်ကွဲမှုဖြစ်တဲ့ နေရာအနီးမှာ ရှိနေတဲ့ အစ္စရေးသံရုံးနဲ့ ဆက်စပ်မှုရှိ၊ မရှိ စုံစမ်းနေတယ်လို့လည်း ပြောပါတယ်။ ဒိန်းမတ် သတင်းမီဒီယာတွေမှာလည်း ပေါက်ကွဲမှုဖြစ်တဲ့နေရာမှာ ရဲတပ်ဖွဲ့ဝင် အများအပြား ရောက်နေပြီး အနီးတဝိုက် နေရာတော်တော်များများကို တားဆီးပိတ်ဆို့ ထားတယ်လို့လည်း ဖော်ပြကြပါတယ်။

အကာအကွယ် ဝတ်စုံတွေ ဝတ်ဆင်ထားတဲ့ စုံစမ်းစစ်ဆေးသူတွေဟာ အထောက်အထားတွေရဖို့ အသေးစိတ် ရှာဖွေနေကြောင်းလည်း ဒေသခံသတင်းတွေမှာ ဖော်ပြနေကြတာပါ။

ပေါက်ကွဲမှုနဲ့ ပတ်သက်လို့ အစ္စရေးသံရုံးကတော့ လတ်တလော တစုံတရာ ပြောဆိုတာ မရှိသေးပါဘူး။ ဒိန်းမတ်ရဲတပ်ဖွဲ့ကတော့ နစုံစမ်းစစ်ဆေးတွေ့ရှိချက်တွေကို အမြန်ဆုံး ထုတ်ပြန်မှာဖြစ်ကြောင်း ပြောဆိုထားတာပါ။ အစ္စရေးသံရုံးအနားတဝိုက်လမ်းတွေကို ပိတ်ထားပြီး၊ လက်နက်အပြည့်အစုံ ကိုင်ဆောင်ထားတဲ့ စစ်သားတွေ စောင့်ကြပ်နေတဲ့ပုံတွေကိုလည်း ဒိန်းမတ် သတင်းတွေမှာ ဖော်ပြနေပါတယ်။

Your browser doesn’t support HTML5

ဒိန်းမတ်နိုင်ငံ အစ္စရေးသံရုံးအနီး ပေါက်ကွဲမှုဖြစ်ပွား