အီရန်အပေါ် ဒဏ်ခတ်အရေးယူမှုတွေ အမေရိကန် ထပ်ချ

နိုင်ငံခြားရေးဝန်ကြီး Pompeo နှင့် အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Steve Mnuchin တို့ အိမ်ဖြူတော်မှာ သောကြာနေ့ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ

(Zawgyi/ Unicode)

အီရတ်နိုင်ငံအတွင်းမှာရှိတဲ့ အမေရိကန်စစ်အခြေစိုက်စခန်းတွေကို အီရန်က ဒုံးကျည်နဲ့တိုက်ခိုက်ခဲ့တာကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်ပြည်ထောင်စုက အီရန်အပေါ် ပိတ်ဆို့ အရေးယူမှုအသစ်တွေ ထပ်မံ ချမှတ်လိုက်ပြီး အီရန်အနေနဲ့ အကြမ်းဖက်လုပ်ရပ်တွေ ဆက်လုပ်နေဦးမယ်ဆိုရင် တိုင်းပြည်စီးပွားရေးကို ထိခိုက်စေမယ့် ပိတ်ဆို့အရေးယူမှုတွေ ထပ်မံ ချမှတ်သွားမယ်လို့ ခြိမ်းခြောက် ပြောဆိုလိုက်ပါတယ်။

အခု အသစ်ချမှတ်တဲ့ ပိတ်ဆို့ အရေးယူမှုတွေထဲ ဆောက်လုပ်ရေး၊ ကုန်ထုတ်လုပ်မှု၊ မိုင်းလုပ်ငန်းနဲ့ အဝတ်အထည်လုပ်ငန်းတွေ ပါဝင်ကြောင်း အိမ်ဖြူတော်မှာ သောကြာနေ့ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Steve Mnuchin က ပြောပါတယ်။ ဒါ့အပြင် အခုပိတ်ဆို့မှု အသစ်ထဲမှာ ဇန်နဝါရီလ ၈ ရက်နေ့က အမေရိကန်လေတပ်အခြေစိုက်စခန်းကို ဒုံးကျည်နဲ့ တိုက်ခိုက်မှုမှာ ပါဝင် ပတ်သက်တဲ့ အီရန်အရာရှိတွေကိုလည်း ပစ်မှတ်ထား အရေးယူထားတယ်လို့ ဆိုပါတယ်။

အီရန်က ထိပ်တန်းဗိုလ်ချုပ်ကြီး Qassem Soleimani ကို အမေရိကန်က လေကြောင်းကနေ လုပ်ကြံ သတ်ဖြတ်တာကို လက်စားခြေတဲ့အနေနဲ့ အီရန်တို့က အီရတ်မှာရှိတဲ့ အမေရိကန် စစ်အခြေစိုက်စခန်းကို တိုက်ခိုက်ခဲ့တာပါ။

အခု အသစ်ချမှတ်လိုက်တဲ့ ပိတ်ဆို့ အရေးယူမှုတွေကြောင့် အီရန်အနေနဲ့ နျူကလီးယား သဘောတူညီချက်တွေရအောင် ဆွေးနွေးမှု အသစ်တွေ ပြုလုပ်တာအပြင် သူ့ရဲ့ ဒုံးကျည်တည်ဆောက်ရေးအစီအစဉ်ကို လျော့ချပြီး အရှေ့အလယ်ပိုင်းမှာရှိတဲ့ အရပ်သားလက်နက်ကိုင် အဖွဲ့တွေကို ပံ့ပိုးပေးနေတာတွေ ရပ်တန့်လိမ့်မယ်လို့ သမ္မတ Donald Trump အစိုးရက ယုံကြည်ထားတာပါ။

အီရန်အနေနဲ့ တခြားတိုင်းပြည်တွေလို သမားရိုးကျ ပြုမူလုပ်ဆောင်လာစေလိုကြောင်း ဘဏ္ဍာရေးဝန်ကြီး Mnuchin နဲ့အတူ ပူးတွဲ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ကလည်း ပြောပါတယ်။

Your browser doesn’t support HTML5

အီရန်အပေါ် ဒဏ်ခတ်အရေးယူမှုတွေ အမေရိကန် ထပ်ချ


.....................


(Unicode)




