(Zawgyi / Unicode)
စစ်အာဏာသိမ်းမှုကြောင့် ထိခိုက်သွားတဲ့ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုစနစ်ကို ရတဲ့နည်းနဲ့ တဖက်တလမ်းက ဝန်ဆောင်မှုပေးဖို့ ကြိုးပမ်းနေတဲ့ CDM ဆရာဝန်တွေကို စစ်ကောင်စီက အငြိုးထား လိုက်လံဖမ်းဆီးနေကြောင်း CDM မှာပါဝင်နေတဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဆရာဝန်တဦးက ဗွီအိုအေကို ပြောပါတယ်။
မြန်မာနိုင်ငံ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန တိုးချဲ့ ကာကွယ်ဆေးထိုးလုပ်ငန်း စီမံချက် ညွှန်ကြားရေးမှူး ဒေါက်တာထားထားလင်းနဲ့ မိသားစုကို ဇွန်လ ၁၀ ရက်နေ့က စစ်တပ်က ဖမ်းဆီးခဲ့သလို အခြား CDM အထူးကုသမားတော် သုံးဦးကိုလည်း ဒီရက်ပိုင်းအတွင်း ဆက်တိုက် ဖမ်းဆီးပြီးနောက် ကြီးလေးတဲ့ ပြစ်မှု ပုဒ်မတွေနဲ့ တရားစွဲထားပါတယ်။ အခုလို နိုင်ငံရဲ့ ကျန်းမာရေးကဏ္ဍမှာ အရေးပါသူတွေကို စစ်ကောင်စီက ဘာကြောင့် လိုက်လံဖမ်းဆီး အရေးယူနေသလဲ။ စောစောက အမည်မဖော်လိုတဲ့ CDM ဆရာဝန်ကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။
အင်ကြင်းနိုင် - ဒေါက်တာထားထားလင်းကို မိသားစုလိုက် ဖမ်းဆီးပြီးတော့ စွဲချက်တွေ ထပ်ပြီးတင်လိုက်တာ အခုဆိုရင် ပုဒ်မတွေ သုံးခုလောက်ဖြစ်နေပြီဆိုတော့ အဲဒီအခြေအနေကို အရင်ဆုံး ပြောပြပါဦးရှင့်။
CDM ဆရာဝန် - “ဒေါက်တာထားထားလင်း အပါအဝင် စုစုပေါင်း ဆရာဝန် ၂၅ ယောက်ကို သူတို့က ပုဒ်မတွေတပ်တဲ့နေရာမှာ အခုဆိုရင် သုံးခုဖြစ်သွားပါတယ်။ ၅၀၅ (က)၊ ၁၇ (၁) နဲ့ နိုင်ငံတော်သစ္စာဖောက်ဖျက်မှုရယ်ဆိုပြီး သူတို့က ပုဒ်မအကြီးကြီးတွေ တပ်ပြီးစွဲထားတာ ကျနော်တို့တွေ့ရပါတယ်။ ဒေါက်တာထားထားလင်းအပြင် နောက်ထပ် အထူးကုဆရာဝန် သုံးယောက်ကိုလည်း ထပ်ပြီး ဖမ်းဆီးထားပါတယ်။ ဒါ့အပြင် အဲဒီအဖွဲ့ထဲက ဆရာဝန် ဒေါက်တာဇေမင်းထွန်းရဲ့ မိဘနှစ်ပါးကိုလည်း ဖမ်းဆီးထားပါတယ်။ သူတို့က ဒေါက်တာဇေမင်းထွန်းကို ဖမ်းတဲ့အချိန်မှာ သူ့ကို မတွေ့တဲ့အတွက် မိဘတွေကို ခေါ်သွားတာပါ။”
SEE ALSO: ဖမ်းဆီးခံ မြန်မာကျန်းမာရေးအရာရှိတွေ ပြန်လွှတ်ပေးဖို့ လူ့အခွင့်အရေးဆိုင်ရာ သမားတော်အဖွဲ့ တောင်းဆိုအင်ကြင်းနိုင် - ဒေါက်တာဇေမင်းထွန်းရဲ့ မိဘနှစ်ပါးကို ဖမ်းဆီးတာက ဘယ်တုန်းက ဖြစ်သွားတာလဲရှင့်။
CDM ဆရာဝန် - “ဒီနေ့ ဇွန်လ ၁၃ ရက်နေ့မှာ ဖမ်းသွားတာပါ။”
အင်ကြင်းနိုင် - ဆရာဝန်တွေကို စစ်ကောင်စီက အတင်းလိုက်ပြီး ဖမ်းဆီးနေတာ ဘာကြောင့်လဲရှင့်။
CDM ဆရာဝန် - “အဓိကကတော့ ပုံမှန် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေ ပြန်ပြီးဖြစ်မှာကို သူတို့ အရမ်းကြောက်တယ်။ ပြီးတော့ သူတို့က ဒေါက်တာဇော်ဝေစိုးကိုလည်း အငြိုးထားတယ်။ ဒီလို အငြိုးထားတဲ့အတွက် မသင့်တော်တဲ့ ဒီလို ကျန်းမာရေးစောင့်ရှောက်မှုဆိုတာ လက်နက်ကိုင်ပြီး တိုက်တာလည်း မဟုတ်ဘူး၊ ပြောရရင် ဖောက်ခွဲရေးတွေ လုပ်နေတာလည်း မဟုတ်ဘူး။ ဒါက ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းတွေ ပျက်သုဉ်းသွားတာကို ပြန်လည်ပြီးတော့ ဆရာဝန်တွေက CDM လုပ်ထားပေမယ့် ပြန်ပြီးတော့ ပျိုးထောင်တဲ့ဟာကို သူတို့က ဖျက်လိုဖျက်ဆီး လုပ်တာပေါ့။ အထူးသဖြင့် သူတို့က ဒေါက်တာဇော်ဝေစိုးကို အငြိုးထားပြီးတော့ ကျန်တဲ့ ဆရာဝန်ကြီးတွေ မဆိုင်တဲ့သူတွေကိုလည်း အမှုကြီးတွေ တပ်ပြီးတော့ ဖိနှိပ်တယ်ပေါ့။ နောက်ထပ်လူတွေ ဒီလိုမျိုး မထကွ်ရဲအောင်၊ ကျန်းမာရေးဝန်ထမ်းတွေ မထကွ်ရဲအောင် ဖိနှိပ်တယ်လို့ မြင်ပါတယ်။ CDM ပျက်ပြားအောင် လုပ်တယ်လို့ မြင်ပါတယ်။”
အင်ကြင်းနိုင် - စောစောက ပြောသွားတဲ့ CDM ဝင်ထားတဲ့ ဆရာဝန်တွေ၊ အထူးကုတွေ သူတို့အားလုံးက ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းက ယိုယွင်းနေတဲ့ အခြေအနေမှာ တဖက်တလမ်းကနေပြီးတော့ တခြားနည်းလမ်းတွေနဲ့ ဆောင်ရွက်နေတာလား။ ဘယ်လိုပုံစံမျိုးတွေနဲ့ CDM ဆရာဝန်တွေက ပြည်သူ့ကျန်းမာရေး လုပ်ငန်းတွေကို ဆောင်ရွက်ပေးနေတာလဲရှင့်။
CDM ဆရာဝန် - “CDM ပြုလုပ်ထားပေမယ့် ဒီလိုမျိုး CDM အာဏာဖီဆန်ရေး ပြုလုပ်ရတဲ့ အဓိကရည်ရွယ်ချက်က စစ်ကောင်စီရဲ့ မတရားသဖြင့် အာဏာသိမ်းမှုကို မကျေနပ်ကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေက စတင်ပြီး CDM လုပ်ကြတယ်။ အခြားဝန်ထမ်းတွေလည်း ပါလာကြတယ်။ ဒါပေမယ့်လည်း ကျန်းမာရေးဝန်ထမ်း ဆိုတာက ကိုယ့်ရဲ့လူနာကို ပစ်မထားဘူး။ လူနာကို ရတဲ့နည်းနဲ့ စောင့်ရှောက်မှုပေးတယ်။ အစပိုင်းမှာဆိုရင် ပရဟိတဆေးခန်းတွေ၊ ပရဟိတကားတွေ၊ အသင်းတွေနဲ့ လိုက်ပြီး စောင့်ရှောက်ပေးတာတွေ ရှိတယ်။ ဆေးခန်းတွေ ဖွင့်ပေးတာတွေ ရှိတယ်။ ဒါတွေကိုလည်း သူတို့က လိုက်ပြီး ဖိနှိပ်တယ်။ ဖမ်းဆီးတယ်။ ဒါတွေကို အစောကြီးကတည်းက သူတို့လုပ်ခဲ့တာပါ။ ဒါပေမယ့်လည်း တချို့ လျှို့ဝှက်နေရာတွေမှာ ဆေးခန်းတွေဖွင့်ပြီး ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေ ပေးနေတဲ့ CDM ကျန်းမာရေးဆရာဝန်တွေ အများကြီးရှိပါသေးတယ်။ ဒီအထဲမှာမှ သူတို့ဖမ်းလိုက်တဲ့၊ နောက် ဖမ်းဝရမ်းထုတ်လိုက်တဲ့ ဒေါက်တာထားထားလင်း အပါအဝင် ၂၅ ယောက်ဟာ ရတဲ့နည်းတွေနဲ့ ပြည်သူကို ကျန်းမာရေးစောင့်ရှောက်မှု ပေးဖို့အတွက် နည်းစနစ်တွေ စနစ်တကျဖြစ်အောင် ရေးဆွဲပြုလုပ်နေချိန်မှာ သူတို့က ဖိနှိပ်တာပါခင်ဗျ။ အထူးသဖြင့် ခေတ်မီနည်းပညာတွေ၊ တယ်လီနည်းပညာတွေနဲ့ ကုသမှုပေးဖို့ စီစဉ်ဆောင်ရွက်နေချိန်မှာပဲ သူတို့က ဖမ်းဝရမ်းတွေထုတ်ပြီး လိုက်လံဖမ်းဆီးနေတာပါခင်ဗျ။ ဒေါက်တာထားထားလင်းဆိုရင် ဘာမှမဆိုင်တဲ့ သူ့ရဲ့ အမျိုးသားရော၊ ၇ နှစ်အရွယ် သူ့ရဲ့ကလေးရော၊ နောက် သူ့ရဲ့ သူငယ်ချင်း သားအမိကိုရော ဖမ်းဆီးထားပါတယ်။ နောက် ဒေါက်တာဇေမင်းထွန်းဆိုရင် သူ့ကို ဖမ်းမမိတဲ့အတွက် မိဘတွေကို ဖမ်းဆီးတယ်ဆိုတာ တော်တော့်ကို တရားလွန်တယ်လို့ ပြောရမှာပါခင်ဗျ။”
အင်ကြင်းနိုင် - ဆရာဝန်တွေကို လိုက်ပြီး ဖမ်းဆီးနေတဲ့ကိစ္စမှာ တဖက်မှာလည်း MRTV က သတင်းကြေညာသွားချက်အရ ဆိုရင် ဒေါက်တာဇော်ဝေစိုးရဲ့ ညွှန်ကြားချက်အတိုင်း ဒေါက်တာထားထားလင်းတို့က လုပ်ကိုင်နေတယ်။ NUG အစိုးရရဲ့ ညွှန်ကြားချက်ဆိုပြီး ချိတ်ဆက်ပြီးတော့ MRTV က ဖော်ပြသွားတဲ့အပေါ်မှာ ဘယ်လိုမြင်ပါလဲရှင့်။
CDM ဆရာဝန် - “ဒါကတော့ သူတို့က CDM ဆရာဝန်တွေကို သိက္ခာချခြင်တာရယ်၊ နောက် ဒေါက်တာဇော်ဝေစိုးကို အဓိက ထိုးနှက်ချင်တာရယ်၊ ဒေါက်တာဇော်ဝေစိုးကို မမိတဲ့အခါမှာ သူ့ရဲ့လူတွေကို ငါတို့က ဒီလိုလုပ်ပြတာဟေ့ ဆိုပြီးတော့ သူတို့ ကြောက်အောင် ဖိနှိပ်တယ်။ နောက်ထပ် ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုပေးမယ့် ဆရာဝန်တွေ ထပ်ပြီးမပေါ်လာအောင် သူတို့အောက်ကို ဝင်ရင်ဝင်၊ မဝင်ဘဲနဲ့ ကိုယ့်ဘာသာကိုယ် ပြည်သူတွေကို ကျန်းမာရေး စောင့်ရှောက်မယ် ဆိုတာမျိုး မလုပ်နိုင်အောင်၊ မလုပ်ရဲအောင် ပြီးတော့ လက်ရှိ CDM ဝင်နေတဲ့ ဆရာဝန်တွေကို လုပ်ငန်းတွေ ပြန်ပြီးဝင်အောင် တချို့နေရာတွေမှာဆိုရင် CDM က အရမ်းကို အားကောင်းနေတဲ့ နေရာတွေ အများကြီး ရှိနေပါသေးတယ်။ ဒါတွေကို ဖိနှိပ်ခြိမ်းခြောက်ဖို့အတွက် ဒါကို စံနမူနာပြပြီး လုပ်တယ်လို့ မြင်ပါတယ်။”
Your browser doesn’t support HTML5
-----------------------
(Unicode)