(Zawgyi / Unicode)
မြန်မာနိုင်ငံမှာ အာဏာသိမ်းထားတဲ့ စစ်တပ်ကို ဆန့်ကျင် ဆန္ဒပြနေတဲ့ ပြည်သူအများအပြား သေဆုံးထိခိုက်နေတာတွေ အမြန်ရပ်ဆိုင်းအောင် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ကြီးက ကူညီဆောင်ရွက်ပေးဖို့ ပြည်ပရောက် အပြည်ပြည်ဆိုင်ရာ သံဃာ့အဖွဲ့အစည်းက တောင်းဆိုလိုက်ပါတယ်။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီး ဦးဝင်းမြင့် အပါအဝင် အဖမ်းဆီးခံနေရသူ အားလုံးကို ပြန်လွှတ်ပေးဖို့ပါ တောင်းဆိုကြောင်း သံဃဥသျှောင် ဆရာတော်တပါးဖြစ်တဲ့ ကနေဒါနိုင်ငံ တိုရွန်တိုမြို့ မဟာဓမ္မိကကျောင်းမှာ သီတင်းသုံးနေတဲ့ ကနေဒါ အပြည်ပြည်ဆိုင်ရာ မြန်မာသံဃာတော်များအဖွဲ့ CIBSO ဥက္ကဋ္ဌ ဆရာတော် ဦးကောဝိဒက အခုလို ပန်ကြားလိုက်တာပါ။
“ဒီလိုအာဏာသိမ်းပြီးတော့ မကျေနပ်တဲ့လူတွေကို စစ်မြေပြင်လို ပစ်သတ်နေတဲ့ဟာတွေ အမြန်ဆုံးရပ်ပေးဖို့ တောင်းဆိုချင်တာပါပဲ။ ကမ္ဘာ့သမိုင်းမှာ ကြည့်ရင်လည်း နာဇီဂျာမနီ ဟစ်တလာက အရက်စက်ဆုံးလူတောင်မှ ကိုယ့်အမျိုးကို ဒီလို လက်နက်တွေသုံးပြီး မပစ်သတ်ခဲ့ပါဘူးဗျာ။ ကျည်ဆန်အစစ်တွေနဲ့ ပစ်ရုံတင်မကဘူး၊ ပါးစပ်တွေကပါ ခေါင်းတည့်တည့်ပစ်ဆိုပြီး တကယ်လည်း ခေါင်းတွေချည်း ပစ်သတ်နေတယ်။ အဲဒါတွေ ချက်ချင်း ရပ်တန့်စေချင်တာပါပဲ။ အခု လူငယ်တွေလည်း တော်တော်များများ သေကုန်ပါပြီ။ ဘုန်းဘုန်းတို့ ကနေဒါက သံဃာတော်တွေအနေနဲ့ ပြောချင်တာကတော့ မတရား ညှဉ်းဆဲ နှိပ်စက် သတ်ဖြတ် နေတာတွေကို အမြန်ဆုံးရပ်ပါ၊ ဒကာမကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီး ဦးဝင်းမြင့် အစရှိတဲ့ ဖမ်းဆီးထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ပြည်နယ် တိုင်း ဝန်ကြီးချုပ်တွေ၊ ဆရာတော် သံဃာတော်တွေ အားလုံးကို ပြန်လွှတ်ပေးပါ။ အနုပညာရှင်တွေ အားလုံးကို ပြန်လွှတ်ပေးပါ။”
နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဟာ တပေါင်းလဆန်းရောက်တိုင်း သံဃအစည်းအဝေးကြီး ထိုင်လေ့ရှိတာကြောင့် ဒီအစည်းအဝေးမှာ သံဃာတော်တွေ မြန်မာပြည်သူတွေအတွက် ဆောင်ရွက်ပေးဖို့ ပန်ကြားလိုက်တာ ဖြစ်ပါတယ်။
ဖေဖော်ဝါရီလကုန်ပိုင်းတုန်းကလည်း မလေးရှားနိုင်ငံတလွှားက ထေရဝါဒ သာသနာပြု မြန်မာဗုဒ္ဓဘာသာ ရဟန်းတော်တွေ စုပေါင်းပြီး သံဃမဟာနာယကအဖွဲ့နဲ့ ဆရာတော်ကြီးတွေ အနေနဲ့ မြန်မာနိုင်ငံ ငြိမ်းချမ်းလာစေဖို့ အရပ်ဘက်နဲ့ စစ်ဘက်ခေါင်းဆောင်တွေ၊ သက်ဆိုင်ရာ အာဏာပိုင်တွေ ဆွေးနွေးဖြေရှင်းလာအောင် ကြိုးစားပေးဖို့ လျှောက်ထားခဲ့ပါတယ်။
Your browser doesn’t support HTML5
----------------------------
(Unicode)