သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သြစတြေးလျရောက် မြန်မာများ စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြ


သြစတြေးလျရောက် မြန်မာများ စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြ။ (မတ် ၁၄၊ ၂၀၂၁)
သြစတြေးလျရောက် မြန်မာများ စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြ။ (မတ် ၁၄၊ ၂၀၂၁)

(Zawgyi / Unicode)

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြနေကြတဲ့ မြန်မာပြည်သူတွေနဲ့ တသားတည်းရှိတယ်ဆိုတာ ပြသတဲ့အနေနဲ့ သြစတြေးလျနိုင်ငံ ဆစ်ဒနီ၊ ဘရစ္စဘိန်း၊ မဲလ်ဘုန်းနဲ့ ပါ့သ်မြို့တွေမှာ ဒီနေ့ ဆန္ဒပြပွဲတွေ လုပ်ခဲ့ကြပါတယ်။

သြစတြေးလျရောက် မြန်မာလူငယ်တွေ၊ ကျောင်းသားတွေနဲ့ သြစတြေးလျ ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်တွေ စုပေါင်းစီစဉ် ဆန္ဒပြကြတာ ဖြစ်ပါတယ်။

ဆစ်ဒနီမြို့လယ် မြို့တော်ခန်းမရှေ့မှာ ပြုလုပ်တဲ့ ဆန္ဒပြပွဲမှာ မိုးတွေရွာနေတဲ့ကြားကပဲ ဆန္ဒပြသူ ၂၀၀ လောက် စုဝေး ဆန္ဒပြခဲ့ပါတယ်။ ဒီဆန္ဒပြပွဲမှာ NSW ပြည်နယ်လွှတ်တော်အမတ်တယောက်ဖြစ်တဲ့ Jamie Parker လည်းပါဝင်ပြီး သြစတြေးလျ အစိုးရကို ခုလိုတိုက်တွန်းခဲ့ပါတယ်။

“သြစတြေးလျအစိုးရ အနေနဲ့ မြန်မာစစ်အာဏာသိမ်း ခေါင်းဆောင်တွေအပေါ် ပစ်မှတ်ထား အရေးယူ ဒဏ်ခတ်မှုတွေလုပ်ဖို့ လိုအပ်သလို သြစတြေးလျနိုင်ငံမှာ လာရောက်နေထိုင် ပညာသင်နေကြတဲ့ သူတို့ရဲ့ သားသမီး မိသားစုတွေ၊ စစ်တပ်နဲ့ နီးစပ်သူတွေကိုပါ ပြည်ဝင်ခွင့်ဗီဇာ ရုပ်သိမ်းပေးဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ သြစတြေးလျ အစိုးရက စစ်ဗိုလ်ချုပ်တွေရဲ့ သားသမီးတွေကို ၂၀၁၀ ခုနှစ်တုန်းက ပြည်ဝင်ခွင့်ရုပ်သိမ်းပြီး နေရပ်ပြန်စေခဲ့တဲ့အတိုင်း အခုလည်း ထပ်လုပ်ပါ။” လို့ NSW ပြည်နယ်လွှတ်တော်အမတ် Jamie Parker က ပြောပါတယ်။

Greens ပါတီ လွှတ်တော်အမတ် Jamie Parker ဟာ မြန်မာ့အရေးကို အမြဲတမ်း တက်တက်ကြွကြွ ပြောဆိုလှုပ်ရှားတဲ့ လွှတ်တော်အမတ်လည်း ဖြစ်ပါတယ်။

၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးအတွင်း ပြည်သူတွေကို အကြမ်းဖက် နှိမ်နင်းမှုနဲ့ ၂၀၀၈ နာဂစ်မုန်တိုင်းအတွင်း ပြည်သူတွေအပေါ် လူသားချင်း စာနာရေးဆိုင်ရာ အကူအညီတွေကို ပိတ်ဆို့ ကန့်သတ်ခဲ့တဲ့အတွက် သြစတြေးလျမှာ တက္ကသိုလ်တက်နေတဲ့ လေတပ်က ဗိုလ်ချုပ်ဇင်ယော်ရဲ့သမီး အပါအဝင် စစ်တပ်အသိုင်းအဝိုင်းက မိသားစုဝင်တချို့ကို သြစတြေးလျ အစိုးရက ၂၀၁၀ မှာ ပြည်ဝင်ခွင့်ဗီဇာ ရုပ်သိမ်းပြီး နေရပ်ပြန်ပို့ခဲ့ပါတယ်။

ဆစ်ဒနီမြို့ မြို့တော်ခန်းမရှေ့မှာ စုဝေးဆန္ဒပြသူတွေဟာ အဲဒီကနေ NSW ပြည်နယ်လွှတ်တော်ရှိတဲ့ နေရာအထိ လမ်းလျှောက်ချီတက် ဆန္ဒပြခဲ့ကြပါတယ်။ အလားတူ ဆစ်ဒနီမြို့မှာရှိတဲ့ မြန်မာမိသားစုတွေကလည်း မြန်မာနိုင်ငံက CDM လှုပ်ရှားမှုမှာ ပါဝင်နေသူတွေအတွက် ရန်ပုံငွေရှာပွဲကို ဒီနေ့ ပြုလုပ်ခဲ့ကြတာမှာ သြစတြေးလျဒေါ်လာ ၃၄,၀၀၀ ကျော် ရရှိခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

----------------------

(Unicode)









XS
SM
MD
LG