နိုင်ငံတကာငြိမ်းချမ်းရေးနေ့နဲ့ မြန်မာ့ငြိမ်းချမ်းရေး

International Day of Peace (ဓာတ်ပုံ - ဥရောပလွှတ်တော်သုတေသနဌာန)

(Zawgyi/Unicode)

လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေအရ ငြိမ်းချမ်းရေးဟာအလှမ်းဝေးနေဆဲဖြစ်တယ်လို့ ဒီကနေ့ ကျရောက်တဲ့ နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့မှာ အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)က ထောက်ပြလိုက်ပါတယ်။ မြန်မာနိုင်ငံက အင်အားကြီး တိုင်းရင်းသားပါတီခေါင်းဆောင်တစ်ဦးကလည်း ငြိမ်းချမ်းရေးရရှိဖို့ဆို ပြည်တွင်းစစ်ရပ်စဲပြီး ပြည်ထောင်စုဆိုင်ရာ ရည်မှန်းချက်သစ်တွေ၊ ခေါင်းဆောင်မှုသစ်တွေ လိုအပ်နိုင်ကြောင်း သုံးသပ်ထားပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့ထားတဲ့သတင်း ကိုအောင်မြတ်သူ ပြောပြပါမယ်။

စက်တင်ဘာလ ၂၁ရက်နေ့မှာ နိုင်ငံတကာငြိမ်းချမ်းရေးနေ့ကို ကမ္ဘာတဝှမ်းမှာ နှစ်စဉ် ကျင်းပကြသလို မြန်မာနိုင်ငံမှာလည်း ငြိမ်းချမ်းရေးစကားဝိုင်းတွေ၊ ချီတက်ပွဲတွေ၊ အခမ်းအနားတွေ ကျင်းပတာမျိုးတွေ ရှိခဲ့ပါတယ်။

ဒီနှစ်မှာတော့ မြန်မာနိုင်ငံဟာ အထွေထွေ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပြီး ငြိမ်းချမ်းရေးနဲ့ အလှမ်းဝေးနေကြောင်း အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံရဲ့ အထွေထွေအတွင်းရေးမှုး နော်ဆဲဆဲက ပြောဆိုပါတယ်။

“ လက်ရှိဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံအခင်းအကျင်းပေါ့နော်၊ တကယ် စိတ်မကောင်းစရာဖြစ်တယ်။ မသေသင့်တဲ့လူတွေလည်း သေရတယ်။ ပြီးလို့ရှိရင်လည်း စားဝတ်နေရေး၊ စီးပွားရေး၊ အကုန်လုံး၊ ပညာရေး၊ ကျန်းမာရေး အကုန် အကျပ်အတည်းဘဝမှာ ရောက်ရှိနေတယ်။ အကြမ်းဖက်မှုတွေ အမျိုးမျိုး မလုံခြုံမှုတွေ ခံစားနေရတဲ့ အခင်းအကျင်းမှာ ကျမတို့ ဘယ်လိုနည်းနဲ့မှ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ရှာဖွေနိုင်မှာ မဟုတ်ဘူးပေါ့နော်။ လက်ရှိမြန်မာနိုင်ငံအခင်းအကျင်းကတော့ လူ တစ်ဦးတစ်ယောက်စီတောင်မှ စိတ်ပိုင်းဆိုင်ရာတောင်မှ မငြိမ်းချမ်းတဲ့ ဘဝမှာ ကျမတို့ ငြိမ်းချမ်းရေးဆိုတာက အလှမ်းဝေးနေသေးတယ်ပေါ့နော်။”

ကမ္ဘာနဲ့ အဝှမ်း Covid ကပ်ရောဂါ ရင်ဆိုင်နေရချိန်မှာ ကုလသမဂ္ဂက လူသားချင်းဆိုင်နာမှု ဆိုင်ရာ အကူအညီတွေပေးနိုင်ရေးအတွက် လက်နက်ကိုင် ပဋိပက္ခတွေ ရပ်ဆိုင်းဖို့ တောင်းဆိုခဲ့သလို ဒီနှစ် နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့ကိုလည်း ပိုမိုမျှတပြီး ရေရှည်တည်တံ့တဲ့ ကမ္ဘာကြီး ပြန်လည် ဖြစ်ပေါ်စေရေးဆိုတဲ့ ဦးတည်ချက်နဲ့ ကျင်းပဖို့ ထုတ်ပြန်ထားပါတယ်။

ဒီဦးတည်ချက်ကို ဖော်ဆောင်ဖို့နဲ့ မြန်မာပြည်ငြိမ်းချမ်းဖို့အတွက်ကို စိတ်ဓါတ်မကျဘဲ အကောင်အထည်ဖော်ဖို့ လိုအပ်ကြောင်းလည်း နော်ဆဲဆဲက ဆက်ပြောပါတယ်။

“ ပိုမိုကောင်းမွန်တဲ့၊ မျှတပြီးတော့ ခိုင်မြဲတဲ့ ကမ္ဘာ ရရှိဖို့အတွက်၊ ပြန်လည်ထူထောင်နိုင်ဖို့အတွက် ကျမတို့ အတူတကွ လုပ်ဆောင်ရမှာဖြစ်တယ်ပေါ့။ ပြီးလို့ရှိရင်လည်း ကျမတို့ မလုံခြုံတဲ့ဘဝတွေ အတွက်မှာဆိုရင် တကယ့်လုံခြုံတဲ့နိုင်ငံဖြစ်လာဖို့ ငြိမ်းချမ်းတဲ့ နိုင်ငံဖြစ်လာဖို့ ကျမတို့က အင်တိုက်အားတိုက်ကြိုးစားရမှာဖြစ်သလို စိတ်ဓါတ်မကျဖို့လည်း အရမ်း အရေးကြီးတယ်ပေါ့နော်။ ”

အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)ကို တိုင်းရင်းသူအမျိုးသမီးအဖွဲ့ ၁၃ဖွဲ့ ပါဝင်ဖွဲ့စည်းထားတာဖြစ်ပါတယ်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ အတွင်းရေးမှု ဦးစိုင်းလိတ်ကလည်း မြန်မာနိုင်ငံအခြေအနေဟာ တရားဥပဒေစိုးမိုးမှု ပျောက်ဆုံးနေပြီး လူမှုတရားမျှတမှုတွေ ဆိတ်သုဉ်းနေသလို စစ်ပွဲ၊ ကပ်ရောဂါဘေးနဲ့ စီးပွားရေးအကျပ်အတည်း စတာတွေ ရင်ဆိုင်နေရတာကြောင့် ငြိမ်းချမ်းရေးပျောက်ဆုံးနေတယ်လို့ ဆိုနိုင်ကြောင်း ပြောပါတယ်။

ဆက်လက်ပြီး မြန်မာပြည် ငြိမ်းချမ်းဖို့ဆိုရင် ပြည်တွင်းစစ်ရပ်စဲပြီး ပြည်ထောင်စုဆိုင်ရာ ရည်မှန်းချက်သစ်တွေ၊ ခေါင်းဆောင်မှုသစ်တွေ လိုအပ်နိုင်ကြောင်း အခုလို သုံးသပ်ပါတယ်။

“ ပထမဆုံးလုပ်ရမှာကတော့ ပြည်တွင်းစစ်ရပ်စဲရေးပေါ့နော်။ အဲဒီကမှ တဆင့် လူမှု တရားမျှတမှုကို အခြေခံတဲ့ ငြိမ်းချမ်းရေးကို ဆက်လက်ပြီးတော့မှ ဖော်ဆောင်ကြဖို့ လိုအပ်ပါလိမ့်မယ်။ ပြည်တွင်းစစ်ကို မရပ်စဲနိုင်ရင် ငြိမ်းချမ်းရေးတည်ဆောက်နိုင်မယ့် နိုင်ငံရေး အရ ဆွေးနွေးနိုင်မယ့် အခင်းအကျင်းလည်း ပေါ်ပေါက်နိုင်မှာ မဟုတ်ဘူး။ ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူးခင်ဗျ။ အဲဒါတွေ ဖြစ်ဖို့ဆိုရင် ကျနော့ဘက်က ပထမဆုံးမျှော်လင့်တာက ဒီပြည်ထောင်စုကြီးနဲ့ ပတ်သက်ပြီးမှ မျှော်ရည်ချက် အသစ်တွေ ရှိရမယ်။ နောက်ပြီးတော့မှ ခေါင်းဆောင်မှုအသစ်တွေ ရှိဖို့ လိုအပ်လိမ့်မယ်။ အဲတော့ ပြည်ထောင်စုနဲ့ပတ်သက်တဲ့ မျှော်ရည်ချက် အသစ်ဆိုတာကတော့ ဖက်ဒရယ်ပြည်ထောင်စုကြီးကို အမှန်တကယ်တည်ဆောက်နိုင်တဲ့ ခေါင်းဆောင်တွေ ရှိမလား၊ အဲဒီခေါင်းဆောင်တွေရဲ့ စုပေါင်းဆောင်ရွက်မှု အရင်ဆုံးရှာဖွေရလိမ့်မယ်လို့ ကျနော်မြင်ပါတယ်ခင်ဗျ။”

မြန်မာနိုင်ငံမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ဖွဲ့နဲ့ အစိုးရအကြားမှာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်ကို ၂၀၁၅ခုနှစ်က လက်မှတ်ရေးထိုးထားပြီး ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ၂၀၁၆ခုနှစ်ကနေ ၂၀၂၀ခုအထိ ၅ကြိမ်ကျင်းပခဲ့ပါတယ်။
၂၀၂၁ခုနှစ် ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်မှာတော့ ငြိမ်းချမ်းရေး ညီလာခံဟာ ရပ်ဆိုင်းနေသလို ဒေသအနှံ့မှာ တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

.................................................................

Your browser doesn’t support HTML5

နိုင်ငံတကာငြိမ်းချမ်းရေးနေ့နဲ့ မြန်မာ့ငြိမ်းချမ်းရေး



(Unicode)











