မတူပီမြို့နယ်တွင်း စစ်ကောင်စီတပ်နဲ့ ချင်းကာကွယ်ရေးတပ်တိုက်ပွဲဖြစ်ပွား

စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်နေတဲ့မြို့များ။ ချင်းပြည်နယ် မတူပီ (၁)၊ မင်းတပ်မြို့ (၂) နဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့ (၃)

[[Zawgyi/Unicode]]

ချင်းပြည်နယ်၊ လိုင်လင်းမီမြို့နယ်ကနေ မတူပီမြို့နယ်ဘက် ချီတက်လာတဲ့ စစ်ကောင်စီတပ်တွေနဲ့ ချင်းကာကွယ်ရေးတပ် CDF တို့ ဒီနေ့ ဇူလိုင်၆ရက် မနက်ပိုင်းမှာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ မတူပီမြို့ကို မရောက်ခင် ၁၈မိုင်အလိုလောက်မှာ နှစ်ဖက်ပစ်ခတ်ခဲ့ကြတာပါ။ ရန်ကုန်က ပေးပို့ထားတဲ့ ဒီသတင်း သိန်းထိုက်ဦး ပြောပြပါမယ်။

ချင်းပြည်နယ်၊ မတူပီမြို့ကိုတက်လာတဲ့ အင်အား၈၀ပါ စစ်ကောင်စီတပ်နဲ့ ချင်းကာကွယ်ရေးတပ် CDF တို့ ဒီနေ့မနက်ပိုင်းမှာ တနာရီနီးပါးလောက် တိုက်ပွဲဖြစ်ခဲ့တယ်လို့ မတူပီ CDFရဲ့ သတင်းပြန်ကြားရေးဌာနက တာဝန်ရှိသူက ဗွီအိုအေကို ပြောပါတယ်။

စစ်ကောင်စီဘက်က ၃ယောက်ကျဆုံးပြီး၊ ၂ယောက်အပြင်းအထန် ဒဏ်ရာရပြီးတဲ့နောက်မှာ၊ လာရာလမ်းကြောင်းအတိုင်း ပြန်ဆုတ်ခွာသွားတယ်လို့ သူကပြောပါတယ်။ မတူပီမြို့ကို ယခင်က မင်းတပ်မြို့ဘက်ကနေ ဝင်ရောက်လာတာရှိပေမဲ့ အခုလို လိုင်လင်းမီမြို့ဘက်ကနေ တက်လာတဲ့စစ်ကြောင်းကတော့ ပထမဆုံးဖြစ်တယ်လို့ CDF တာဝန်ရှိသူက ပြောပါတယ်။

" အခုဒီဘက်ကို တကြောင်းတည်းမဟုတ်ဘူး၊ မင်းတပ်-မတူပီလက်ဘက်ပိုင်း တောထဲကနေ စစ်ကြောင်းထိုးဖို့ လှုပ်ရှားမှုတွေလုပ်နေတာ တောက်လျှောက်ပဲ။ အခုက မတူပီကို လိုင်လင်းမီဘက်ကနေထိုးတာတဲ့ ထိပ်တိုက် တိုက်ပွဲက တကြိမ်ပဲဖြစ်သေးတာပေါ့နော်။ မင်းတပ်လမ်းဘက်တွေတော့ သူတို့ထိုးဖို့ သူတို့ပြင်ဆင်နေတယ် ဒီဘက်သူတို့ စစ်ကြောင်းက ဝင်ရောက်မယ့်သဘောတော့ ရှိတယ်။ ထိပ်တိုက် နောက်ထပ်တိုက်ပွဲတွေလည်း ဖြစ်ပွားနိုင်တဲ့ အခြေအနေတော့ရှိတယ်။"

ဆုတ်ခွာသွားတဲ့လမ်းမှာရှိတဲ့ ရဲန်ခဲန်းရွာထဲက နေအိမ်တချိုကိုလည်း စစ်ကောင်စီတပ်သားတွေက မီးရှို့ခဲ့တယ်လို့ CDF ဘက်ကပြောပါတယ်။ ဇူလှိုင် ၂ရက်ကလည်း ချင်းပြည်နယ်၊ မင်းတပ်မြို့က ကျေးရွာနှစ်ခုပေါ်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့လို့ အရပ်သား၃ယောက် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရ အယောက်၂၀လောက် ရှိတယ်လို့ ရပ်မိရပ်ဖအကြီးအကဲတဦးက ဗွီအိုအေကို ပြောပါတယ်။

ခရစ်ယာန်ဘုရားကျောင်း၊ စာသင်ကျောင်းနဲ့ လူနေအိမ်အများအပြားလည်း ထိခိုက်ပျက်စီးခဲ့တာပါ။ ဒီတိုက်ခိုက်မှုဟာ ချင်းတိုင်းရင်းသားတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုဖြစ်တယ်လို့ ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ ICNCC က တနင်္လာနေ့က ထုတ်ပြန်ထားပါတယ်။

ဒီနေ့မနက်မှာပဲ မင်းတပ်မြို့ပေါ်က ဒေသခံနှစ်ဦးကို စစ်ကောင်စီဘက်က ဖမ်းဆီးသွားပြီး၊ နေအိမ်တွေထဲကို ဝင်ရောက်စစ်ဆေးတာတွေ လုပ်ခဲ့တယ်လို့ မင်းတပ်မြို့က ရပ်မိရပ်ဖ အကြီးအကဲတဦးက ပြောပါတယ်။

" မင်းတပ်ရဲ့အောက် ကျွန်းတော်ကျေးရွာမှာဆိုရင် လူကြီးနှစ်ယောက် အဖမ်းခံရတယ်။ ကျေးရွာမှာအားကိုးရတဲ့ လူကြီးနှစ်ယောက်ပေါ့နော်။ နောက်ပြီးမနေ့က ယောကျ်ားလေးတယောက် အဖမ်းခံရတယ်ကြားရတယ် အခုထိ ဘာမှဆက်သွယ်လို့ မရသေးဘူး။ စစ်သားတွေဘက်ကတော့ အရင်ကထက် လက်နက်ကြီးတွေပိုပြီးမှ ထုလာတယ်၊ ကျလာတယ်။ အမြောက်အများနဲ့ထုပြီးမှ တောင်ယာနေရာတွေ တော်တော်များများ ပျက်စီးဆုံးရှုံးတယ်။"

မင်းတပ်မြို့နယ်တဝိုက်မှာ လေယာဉ်ပေါ်ကပစ်ချခဲ့တဲ့ မပေါက်ကွဲသေးတဲ့ ဗုံးဆံအများအပြား ကျန်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မတူပီ-မင်းတပ် အနီးနားက တောတောင်တွေထဲမှာ ဒေသခံရာနဲ့ချီပြီး စစ်ဘေးရှောင်နေရတာပါ။ မင်းတပ်၊ မတူပီနားက တိုက်ပွဲတွေကြောင့် သူတို့ကို ဘေးလွတ်ရာ အလွယ်တကူ ရွှေ့ပြောင်းပေးနိုင်ဖို့လည်း အရေးကြီးတယ်လို့ မတူပီ CDF တာဝန်ရှိသူက ပြောပါတယ်။

ချင်းပြည်နယ်၊ ဖလမ်းမြို့ကိုလည်း ဒီနေ့ဇူလှိုင်လ၆ရက် မနက်ပိုင်းမှာ တပ်သားနဲ့ပစ္စည်းတွေ သယ်ဆောင်လာတဲ့ စစ်ကားအစီး၂၀ကျော် ရောက်လာတယ်လို့ ဒေသခံတချို့က ပြောပါတယ်။ ဒါပေမယ့် ညနေပိုင်းအထိတော့ ထူးထူးခြားခြား တိုက်ပွဲဖြစ်ပွားမှုအခြေအနေ မကြားရသေးပါဘူး။

Your browser doesn’t support HTML5

မတူပီမြို့နယ်တွင်း စစ်ကောင်စီတပ်နဲ့ ချင်းကာကွယ်ရေးတပ်တိုက်ပွဲဖြစ်ပွား

[[Unicode]]









