အနန်းကွင်းဗျူဟာစခန်းနား တိုက်ပွဲပြင်းထန်

KNLA တပ်ဖွဲ့ဝင်တဦး (ဧပြီ ၁၅၊ ၂၀၂၄)

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်၊ ဘုရားသုံးဆူ လမ်းပိုင်းမှာ စစ်တပ်နဲ့ KNLA/PDF ပူးပေါင်းတပ်တွေ တိုက်ပွဲ ဆက်လက်ပြင်းထန်နေပါတယ်။ စစ်တပ်ရဲ့အနန်းကွင်းဗျူဟာစခန်းကိုရဖို့ ကြိုးစားနေတဲ့ တိုက်ပွဲမှာ စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေတယ်လို့ ပူးပေါင်းတပ်တွေဘက်က ပြောပါတယ်။ တိုက်ပွဲတွေကြောင့် အနားကကျေးရွာတွေ အတော်လေး ထိခိုက်ခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက်မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်၊ ဘုရားသုံးဆူ လမ်းပိုင်းမှာရှိတဲ့ စစ်တပ်ရဲ့ အနန်းကွင်းဗျူဟာစခန်းကို ရနိုင်ဖို့ KNLA/PDF ပူးပေါင်းတပ်တွေ တိုက်ခိုက်နေတာ သီတင်း တပတ်လောက်ရှိသွားပါပြီ။ ဩဂုတ်လ ၂၉ ရက်နေ့ကတော့ အနန်းကွင်းဗျူဟာစခန်းနားက ခွန်နှစ်ဝါရွာလမ်းခွမှာ စကခ ၁၉ လက်အောက်ခံတပ်ရင်းတွေဖြစ်တဲ့ ခမရ ၅၈၃၊ ခမရ ၅၈၇ တို့နဲ့ တိုက်ပွဲဖြစ်ခဲ့တာမှာ စစ်တပ်ဘက်က လေကြောင်းကနေပါတိုက်ခိုက်ခဲ့တယ်လို့ ပူးပေါင်းတပ်တွေဘက်က ပြောပါတယ်။ ဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အကျအဆုံးတွေရှိတယ်လို့ ABSDF တပ်ရင်း ၁ တပ်ရင်းမူး ရဲဘော်သိန်းလွင်က VOA ကိုပြောပါတယ်။

"အနန်းကွင်းဗျူဟာကို ဝင်သိမ်းနေတယ် သိမ်းတော့သိမ်းနေတာပြီးတော့ပြီးခါနီးပြီး မရသေးဘူး အကုန်လုံးကိုတော့ မရသေးဘူး ၊တပတ်ကျော်ရှိပြီ စစ်သားတွေတွေအတော်များများ ၁၀နီးပါးတော့သေတယ် ၊ ဒဏ်ရာတော့အများကြီးရတယ်၊စစ်တပ်ဘက်က လေယာဉ်နဲ့ MI35 နဲ့ လာပစ်နေတော့ ဆက်တိုက်လာပစ်နေတော့ သူတို့လူတွေကို သူတို့လာကယ်ထုတ်ကြတယ်၊ပြီးတဲ့အချိန်မှာ ကျနော်တို့ဘက်က နယ်မြေရှင်းလင်းရေးလုပ်နေတော့ အလောင်းတွေကျန်နေတယ်"

KNLA/PDF ပူးပေါင်းတပ်တွေဘက်ကတော့ ထိခိုက်ဒဏ်ရာရသူတချို့ရှိတယ်လို့ သူကပြောပါတယ်။ တောင်ညိုစစ်ကြောင်း ဒေါနစစ်ကြောင်းစတဲ့ KNLA/ PDF ပူးပေါင်းတပ်တွေနဲ့ ဖြစ်တဲ့ တိုက်ပွဲမှာ လက်နက်စွန့်ပြီး စစ်တပ်ဘက်က ထွက်ပြေးသွားသူတွေလည်းရှိတယ်လို့ ပြောပါတယ်။

"အဲဒီဒေသမှာ စစ်ကောင်စီတပ်တွေနဲ့ နှစ်ဖက်တိုက်ပွဲဖြစ်နေတာကတော့ စစ်သားတွေအတော်များများကတော့ထွက်ပြေးနေရတယ် လက်နက်မပါပဲ တိတ်တဆိတ်ထွက်ပြေးနေကြတယ် သူတို့အပြင်မှာထွက်ပြေးနေတော့ရွာသားတွေကသတင်းပို့တာတွေလည်းရှိတယ်"

စစ်တပ်ဘက်က လေကြောင်းပစ်ကူယူပြီး သူတို့စစ်သားတွေကို ပြန်လည်ကယ်ထုတ်သွားတာတွေရှိတယ်လို့လည်း ပြောပါတယ်။ ဘုရားသုံးဆူဘက်က တိုက်ပွဲသတင်းနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

အနန်းကွင်းဗျူစခန်းနားမှာ တိုက်ပွဲတွေပြင်းထန်နေတာ သီတင်းတပတ်ကျော် ရှိနေပြီး အနားမှာရှိတဲ့ အနန်းကွင်းကျေးရွာ၊ လွတ်ရှမ်းကျေးရွာတွေ အတော်ကို ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသတွင်းကလာတဲ့သတင်းတွေမှာ ဖော်ပြပါတယ်။ KNU တပ်မဟာ(၆) တပ်တွေရှိရာ မြ၀တီခရိုင်ထဲက စွယ်တော်ကုန်းအမြှောက်တပ်ရင်းကိုလည်း KNLA/PDF ပူးပေါင်းတပ်တွေက ဒီတပတ်အတွင်း ပိတ်ဆို့တိုက်ခိုက်နေတဲ့အတွက် မြ၀တီခရိုင်အတွင်းမှာလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှု နေ့စဉ်ကြုံနေကြရပါတယ်။

Your browser doesn’t support HTML5

အနန်းကွင်းဗျူဟာစခန်းနား တိုက်ပွဲပြင်းထန်