၀န်ထမ်းနဲ့ စစ်မှုထမ်းဟောင်းတွေ အရေးပေါ် ပြင်ဆင်ထားဖို့ ညွှန်ကြားချက်ထုတ်

စစ်အာဏာသိမ်းမှုဖြစ်ပွားခဲ့တဲ့ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့က နေပြည်တော်တွင်လုံခြုံရေးယူနေသည့် စစ်သားတချို့

အစိုးရဌာနတွေက နိုင်ငံဝန်ထမ်းတက္ကသိုလ်တက်ရောက်ထားပြီးသားဝန်ထမ်းတွေနဲ့ စစ်မှုထမ်းဟောင်းတွေကို တပ်ခွဲ ၂ ခွဲဖွဲ့ပြီး ၁ ဖွဲ့က အရေးပေါ် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ပြီး နောက် ၁ ဖွဲ့က ပုံမှန်ရုံးလုပ်ငန်းတွေလုပ်ဖို့ ညွှန်ကြားထားပါတယ်။ ရှမ်းပြည်နယ်ကယားပြည်နယ်ရခိုင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းမှာ တိုင်းရင်းသားလက်နက်ကိုင် ညီနောင် ၃ ဖွဲ့နဲ့ မဟာမိတ်ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်တပ်ကြားတိုက်ပွဲတွေ ပြင်းထန်နေချိန်မှာ နေပြည်တော်ကောင်စီအတွင်းရေးမှူးက နိုဝင်ဘာ ၁၅ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်ထားတာဖြစ်ပါတယ်။

အရေးပေါ်အခြေအနေ လိုအပ်လာခဲ့ရင် လုံခြုံရေးနဲ့ သဘာဝဘေးအန္တရာယ်တုံ့ပြန်နိုင်အောင်ဖြစ်တယ်လို့ နေပြည်တော်ကောင်စီအတွင်းရေးမှူးဦးတင်မောင်ဆွေက Reuters သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ နေပြည်တော်မှာ လက်ရှိအခြေအနေ တည်တည်ငြိမ်ငြိမ်ရှိနေပါတယ်လို့တော့ သူက အလေးထားပြောကြားထားပါတယ်။ အရေးပေါ်အခြေအနေမှာ တပ်ဖွဲ့တဖွဲ့က ရုံးပြင်ထွက်ပြီး ကူညီရှာဖွေကယ်ဆယ်ရေးတာဝန်တွေ ထမ်းဆောင်ရမှာဖြစ်ပြီး နောက်တပ်ဖွဲ့တဖွဲ့က ပုံမှန်ရုံးလုပ်ငန်းနဲ့ အုပ်ချုပ်ထောက်ပံ့တဲ့လုပ်ငန်းတွေကို လုပ်ရမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

ရှမ်းပြည်မြောက်ပိုင်း၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းတို့မှာ အချက်အခြာကျတဲ့ မြို့ကြီးတချို့ကို တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်အဖွဲ့တွေက သိမ်းပိုက်ခဲ့ပြီးနောက်မှာ ခုလို ထုတ်ပြန်တာဖြစ်ပါတယ်။