(Zawgyi / Unicode)
အင်ဒိုနီးရှား သမ္မတ ရွေးကောက်ပွဲကို ၂၀၂၄ ခုနှစ် ကျင်းပဖို့ ရှိနေတာကနေ ရွှေ့ဆိုင်းနိုင်တယ်ဆိုတဲ့ အတည်မပြုနိုင်တဲ့ သတင်းတွေ ထွက်လာပြီးနောက် တနလာၤနေ့မှာ နိုင်ငံတဝန်း ကျောင်းသား ထောင်ချီ ဆန္ဒပြခဲ့ကြပါတယ်။ ရွေးကောက်ပွဲကို ဆိုင်းငံ့လိုက်ရင် သမ္မတ Joko Widodo အနေနဲ့ ရာထူးသက်တမ်း ၂ ဆက်ကို ကျော်လွန်ပြီး ဆက်လက် တာဝန်ယူနိုင်သွားမှာ ဖြစ်တယ်လို့ ကျောင်းသားတွေက ပြောဆိုကြပါတယ်။ ၂၀၂၄ အထွေထွေ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းမယ်လို့ ကြားပါတယ်။ အစိုးရ ဘာတွေ လုပ်နေတာလဲလို့ ဆန္ဒပြ ကျောင်းသား တဦးက ပြောဆိုခဲ့ပါတယ်။
သမ္မတ Widodo ကတော့ ကောလာဟလတွေကို ငြင်းဆိုထားပါတယ်။ ဒီကိစ္စကို ရှင်းလင်းဖို့ လိုအပ်ပါတယ်။ ဒါမှလည်း ရွေးကောက်ပွဲကို ရွှေ့ဆိုင်းဖို့ အစိုးရက ကြိုးစားနေတယ်ဆိုတာမျိုး ကောလာဟလတွေ၊ ဒါမှမဟုတ်လည်း သမ္မတ သက်တမ်းကို ထပ်တိုးဖို့ - တတိယ သက်တမ်းလို ကိစ္စမျိုး ခန့်မှန်းပြောဆိုချက်တွေ လူထုကြား မပျံ့နှံ့မှာ ဖြစ်ပါတယ်လို့ သမ္မတ Widodo က ရွေးကောက်ပွဲ ပြင်ဆင်မှုဆိုင်ရာ အစိုးရ အစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။
ဂျာကာတာက လွှတ်တော် အဆောက်အအုံရှေ့မှာတော့ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေနဲ့ မီးသတ်ပိုက်တွေ သုံးပြီး ဆန္ဒပြပွဲကို အဆုံးသတ်သွားအောင် ကြိုးစားခဲ့ကြပါတယ်။ နိုင်ငံရေးသမား တချို့ ထွက်လာပြီး ဆန္ဒပြသူတွေနဲ့ တွေ့ဆုံကာ အခြေခံ ဥပဒေကို ကာကွယ်မယ်လို့ ကတိပေးပြီးနောက်မှာတော့ အများစု ပြန်သွားကြပါတယ်။
ဒါပေမယ့်လည်း နိုင်ငံရေးသမား တချို့ကတော့ သမ္မတ Widodo ရာထူး သက်တမ်း တိုးရေးကို ထောက်ခံတဲ့ သဘောထားတွေ ရှိနေတယ်လို့လည်း ပြောဆိုကြပါတယ်။ Covid-19 ကပ်ဘေးရောဂါကြောင့် အထိနာခဲ့ရတဲ့ နိုင်ငံရဲ့ စီးပွားရေးကို ပြန်လည် ကုစားရေး အတွက် သမ္မတ အနေနဲ့ အချိန် ပိုပြီး လိုအပ်နေတယ်လို့လည်း သူတို့က ပြောဆိုကြပါတယ်။
Your browser doesn’t support HTML5
(Unicode)