အင်ဒိုနီးရှားကျွန်းမှာ မီးတောင်ပေါက်ကွဲမှုကြောင့် ဒေသခံတွေတိမ်းရှောင်

အင်ဒိုနီးရှားနိုင်ငံ Sulawesi ကျွန်း Mount Ruang မီးတောင် ပေါက်ကွဲခဲ့တဲ့အတွက် ဒေသခံတွေဘေးလွတ်ရာရွှေ့ပြောင်းနေစဉ် (မေ ၁၊ ၂၀၂၄)

အင်ဒိုနီးရှားနိုင်ငံ Sulawesi ကျွန်းမြောက်ဘက် Mount Ruang မီးတောင် မနေ့က ထပ်မံ ပေါက်ကွဲခဲ့တဲ့အတွက် Tagulandang ကျွန်းက ရာနဲ့ချီတဲ့ ဒေသခံတွေကို ဘေးလွတ်ရာ ရွေ့ပြောင်းပေးခဲ့ရပါတယ်။

တပတ်အတွင်း ဒုတိယမြောက် မီးတောင် အကြိမ်ကြိမ် ထပ်မံ ပေါက်ကွဲတာဖြစ်ပြီး လွှင့်စင် ထွက်ကျလာတဲ့ ချော်ရည်နဲ့ အစအနတွေ အနီးနား ကျေးရွာတွေပေါ် ကျနေတဲ့အတွက် အင်ဒိုနီးရှား အာဏာပိုင်တွေက အမြင့်သုံး သတိပေးချက် ထုတ်ပြန်ထားပါတယ်။ လေဆိပ်ကို ပိတ်လိုက်သလို Tagulandang ကျွန်း ဒေသခံတွေကို ပြောင်းရွေ့ဖို့ စစ်သင်္ဘောတွေနဲ့ ကယ်ဆယ်ရေး သင်္ဘောတွေ စေလွှတ်ထားပါတယ်။

မီးတောင်ကနေ ကောင်းကင်ထဲကို ပြာလိပ်တွေ သုံးမိုင်လောက်အထိ အပေါ်ကိုပန်းထွက်ခဲ့ပြီး ချော်ရည်ပူတွေလည်း ထွက်ကျနေပါတယ်။ အင်ဒိုနီးရှား သဘာဝဘေးဒဏ်ကယ်ဆယ်ရေးအဖွဲ့ကတော့ လူပေါင်း တသောင်း တထောင်ကနေ တသောင်း နှစ်ထောင် လောက်အထိ ဘေးလွတ်ရာ ကယ်ထုတ်ခဲ့ရတယ်လို့ ပြောပါတယ်။

ချော်ရည်တွေ ပင်လယ်ထဲကို ကျပြီး ဆူနာမီလှုင်းတွေ ပေါက်လာနိုင်တဲ့အတွက် Tagulandang ကျွန်းသားတွေ ကမ်းခြေတွေကနေ ဝေးဝေးမှာ နေကြဖို့ သတိပေးနေပါတယ်။ ၁၈၇၁ ခုနှစ်က အလားတူ Mount Ruang မီးတောင်ပေါက်ကွဲပြီး ပင်လယ်ထဲကို ချော်ရည်တွေ ကျခဲ့တာကြောင့် လူပေါင်း ၄၀၀ လောက် သေဆုံးခဲ့ဖူးပါတယ်။

Your browser doesn’t support HTML5

အင်ဒိုနီးရှားကျွန်းမှာ မီးတောင်ပေါက်ကွဲမှုကြောင့် ဒေသခံတွေတိမ်းရှောင်