မနေ့က ထိုင်းနိုင်ငံမှာကျင်းပခဲ့တဲ့ မြန်မာစစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးကို ဖိတ်ကြားခဲ့တဲ့ မြန်မာ့အရေး အလွတ်သဘော ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး အာဆီယံအလှည့်ကျ ဥက္ကဌ အင်ဒိုနီးရှား အစိုးရက ထိုင်းနိုင်ငံကို အပြစ်တင် ဝေဖန်လိုက်ပါတယ်။ မြန်မာ့အရေး ထိုင်းနိုင်ငံရဲ့ ချဉ်းကပ်မှုဟာ အာဆီယံ အဖွဲ့အတွင်း လက်ခံထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ် ဆိုင်ရာ တာဝန်အပ်နှင်းမှုအပေါ် ချိုးဖေါက်နေတယ်လို့ မနေ့က ဂျကာတာမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးဌာန ဒေသတွင်း သံတမန်ရေးဆိုင်ရာ အထူး အရာရှိ Ngurah Swajaya (ငူဝါ ဆာဂျာရွာ) က ဝေဖန်သွားပါတယ်။
အဖွဲ့ဝင်နိုင်ငံတွေအတွင်းက နိုင်ငံတနိုင်ငံအနေနဲ့ အစပျိုး လုပ်တာမျိုးတွေ ရှိလာမယ်ဆိုရင် ဆက်လုပ်နိုင်ခွင့်ရှိပေမဲ့ အာဆီယံအနေနဲ့ လေးစားလိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေ ချမှတ်ထားတဲ့အကြောင်း မြန်မာ့အရေး ဘုံသဘောတူညီချက် ၅ ရပ်ကို ရည်ညွှန်းပြီး Ngurah Swajaya (ငူဝါ ဆာဂျာရွာ) က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။ မြန်မာနိုင်ငံအတွင်း နိုင်ငံရေးအခြေအနေ တိုးတက်မှု မရှိတဲ့အတွက် အစည်းအဝေးတွေမှာ နိုင်ငံရေးအရ ကိုယ်စားမပြုတဲ့သူကိုပဲ ဖိတ်ကြားဖို့ အာဆီယံက ဆုံးဖြတ်ထားပြီး စစ်ခေါင်းဆောင်တွေကို အစည်းအဝေးတွေ တက်ရောက်ခွင့် ငြင်းပယ်ထားပါတယ်။
ထိုင်းနိုင်ငံခြားရေး ဝန်ကြီးကတော့ အလွတ်သဘော ဆွေးနွေးပွဲ ကျင်းပတာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံတွင်း ပဋိပက္ခတွေဟာ အိမ်နီးချင်းထိုင်းနိုင်ငံအတွက် အခြားနိုင်ငံတွေထက် ထိခိုက်မှုရှိနေတယ် ဆိုပြီး ခုခံရှင်းလင်းခဲ့ပါတယ်။ အာဆီယံဝန်ကြီးအဆင့် အလွတ်သဘော ဆွေးနွေးပွဲဆိုပေမယ့် မြန်မာစစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးနဲ့အတူ ထိုင်းနဲ့ လာအို နိုင်ငံခြားရေးဝန်ကြီး တွေပဲတက်ရောက်ခဲ့ပြီး အာဆီယံနိုင်ငံတချို့ တတ်ရောက်ဖို့ငြင်းဆန်ခဲ့သလို တက်ရောက်လာတဲ့ အာဆီယံနိုင်ငံ တွေကလည်း ဝန်ကြီးအဆင့်အစား အဆင့်မြင့်ကိုယ်စားလှယ်တွေပဲ လွှတ်ခဲ့ပါတယ်။
Your browser doesn’t support HTML5