ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်း အင်ဒိုသမ္မတ သွားရောက် အကူအညီပေး

အင်ဒိုနီးရှားသမ္မတ Joko Widodo ရိုဟင်ဂျာဒုက္ခသည်စခန်းကို သွားရောက်

အင်ဒိုနီးရှားသမ္မတ Joko Widodo ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်းက Cox’s Bazar ဒေသက ရိုဟင်ဂျာဒုက္ခသည်စခန်းကို တနင်္ဂနွေ နေ့က သွားခဲ့ပြီး အကူအညီတွေပေးခဲ့သလို နောက်ထပ် ကျန်းမာရေးနဲ့ ပညာရေးဆိုင်ရာအကူအညီတွေ ထပ်ပေးဖို့လည်း ကတိပြုပြောသွားခဲ့ပါတယ်။ အဲဒီခရီးစဉ်အတွင်း အင်ဒိုနီးရှားသမ္မတပြောခဲ့တာတွေကို ရိုက်တာသတင်းဆောင်းပါးကိုအခြေခံပြီး မခွာညိုက တင်ပြထားပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်းက Kutupalong ဒုက္ခသည်စခန်းကိုရောက်စဉ်မှာ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက ဒုက္ခသည်တွေကို အကူအညီပေးနေတဲ့အဖွဲ့တွေကို ကျေးဇူးတင်စကား ပြောခဲ့ပါတယ်။

“မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှာလိုအပ်နေတဲ့ လူသားချင်းစာနာမှုအထောက်အပံတွေကို အစိုးရနဲ့အတူ လက်တွဲပြီး အားကြိုး မာန်တက် ဆောင်ရွက်ပေးခဲ့ကြတဲ့ လူမှုအသိုင်းအဝိုင်းတွေနဲ့ အစိုးရမဟုတ်တဲ့လူသားချင်းစာနာမှု အထောက်အကူပေးရေးအဖွဲ့တွေ အပါအဝင် ဘင်္ဂလားဒေ့ရှ် နဲ့ အင်ဒိုနီးရှားပြည်သူတွေကို ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။ ”

Kutupalong ဒုက္ခသည်စခန်းကို သွားတဲ့ခရီးစဉ်အတွင်း သမ္မတ ဝီဒိုဒိုက သူ့အစိုးရက ကျန်းမာရေးနဲ့ ပညာရေးလို လိုအပ်ချက်တွေအတွက် အထောက်ပံ့တွေ ပိုပြီးပေးသွားမယ်လို့ ပြောခဲ့ပါတယ်။

“လူမှုအဖွဲ့အစည်းတွေ၊ အစိုးရမဟုတ်တဲ့ လူသားချင်းစာနာမှုအကူအညီပေးရေးအဖွဲ့တွေနဲ့အတူ အင်ဒိုနီးရှားအစိုးရက အနီးကပ် ပူးပေါင်း ဆောင်ရွက်သွား မှာဖြစ်ပြီး ကျန်းမာရေးဆိုင်ရာအထောက်အပံ့၊ အတိအကျပြောရရင် ဆေးရုံ၊ နောက်ပြီး ပညာရေးဆိုင်ရာအဓိက လိုအပ်ချက်တွေနဲ့ စိတ်ဒဏ်ရာကုစားမှု၊ အရေးပေါ်အခြေအနေအတွက် ရွှေ့ပြောင်းဆေးကုသရေးဝန်ဆောင်မှု၊ ဆိုလာပြားနဲ့ ရေသန့်စက် လည်း လှူဒါန်းပေးပါ့မယ်။”

သမ္မတဝီဒိုဒိုလာရောက်ခဲ့ပြီးတဲ့နောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှာ ခိုလှုံနေကြတဲ့ မြန်မာပြည်က ရွှေ့ပြောင်းလာသူတွေအတွက် လူသားချင်း စာနာမှု အထောက်အပံ့တွေအပါအဝင် အင်ဒိုနီးရှားရဲ့ ထောက်ပံ့ကူညီမှုတွေအတွက် ကျေးဇူးတင်ကြောင်း ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် Sheikh Hasina က ပူးတွဲကြေညာချက်မှာ ပြောထားပါတယ်။

ရခိုင်ပြည်နယ်အတွင်း လုံခြုံရေးကင်းစခန်းတွေကို စစ်သွေးကြွတွေက တိုက်ခိုက်မှုကို မြန်မာစစ်တပ်ရဲ့ တုံ့ပြန်မှုနောက်မှာ ပစ္စည်းလုယက်တာ၊ အဓမ္မပြုကျတာနဲ့ သတ်ဖြတ်တာတွေရှိတယ်လို့ မျက်မြင်သက်သေတွေက ပြောထားတာတွေရှိပါတယ်။ မြန်မာအစိုးရနဲ့ စစ်တပ်ကတော့ ဒီစွပ်စွဲချက်တွေကို အစဉ်တစိုက် ငြင်းဆိုထားပါတယ်။

ဗုဒ္ဓဘာသာဝင်အများစုဖြစ်တဲ့ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာအသိုင်းအသိုင်းဟာ ဘင်္ဂလားဒေ့ရှ်ဘက်က တရားမဝင်ရွှေ့ပြောင်းလာသူတွေ အဖြစ်သာ သဘောထားကြပါတယ်။ ကုလသမဂ္ဂအဖွဲ့ကြီးကတော့ စစ်တပ်ရဲ့ ဖြိုခွဲနှိမ်နင်းမှုကို လူမျိုးစုအလိုက်ရှင်းလင်းဖယ်ရှားမှုအဖြစ် သတ်မှတ်ပြောဆိုပြီး မြန်မာအစိုးရဘက်က မဟုတ်မှန်ကြောင်း ငြင်းဆိုထားပါတယ်။

Your browser doesn’t support HTML5

ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်စခန်း အင်ဒိုသမ္မတ သွားရောက် အကူအညီပေး