မြန်မာနိုင်ငံဘက်ခြမ်းမှာ အကြမ်းဖက်မှုကြောင့် ထွက်ပြေးလွတ်မြောက်လာတဲ့ ရိုဟင်ဂျာကလေးငယ်တွေဟာ အထိတ်တလန့်ဝေဒနာခံစားနေရပြီး မြန်မာပြည်ပြန်ဖို့ ကြောက်ရွံနေကြပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းတွေမှာ သိန်းနဲ့ချီရှိနေတဲ့ သူတို့ကို နေရပ်အတင်းပြန်ခိုင်းမယ်ဆိုရင် ကလေးတွေရဲ့ စိတ်ဖိစီးမှုဝေဒနာဟာ ပိုပြီးဆိုးရွားသွားလိမ့်မယ်လို့ ကုလသမဂ္ဂ ကျွမ်းကျင်သူတွေက သတိပေးပြောကြားလိုက်ပါတယ်။ AFP သတင်းကို အခြေခံပြီး မအင်ကြင်းနိုင်က ဆက်ပြီးပြောပြမှာပါ။
ဒုက္ခသည်စခန်းမှာ ရှိနေတဲ့ ကလေးတွေဟာ သူတို့မြင်ခဲ့ရတဲ့ အဖြစ်ဆိုးတွေကို မမေ့နိုင်ကြပဲ အိမ်တွေမီးရှို့ခံရပုံတွေ၊ လူတွေကို သစ်ပင်တွေမှာ တွဲလောင်းဆွဲထားတဲ့ ပုံတွေကို ပြန်ပြီးဆွဲပြခဲ့ကြတာပါ။ ဒုက္ခသည်တွေ နေရပ်ပြန်ပို့ရေး အစီအစဉ်ကြောင့် အခုဆိုရင် သူတို့ကို နေရာသစ်မှာ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် စိတ်ပညာရှင်တွေမျှော်မှန်းထားတဲ့ အခြေအနေတွေဟာ တဖြည်းဖြည်း လျော့ပါးလာနေပါတယ်။
ကုလသမဂ္ဂက ခန့်မှန်းချက်အရ ရိုဟင်ဂျာ ကလေးငယ်ပေါင်း ၁၇၀,၀၀၀ လောက်ဟာ အဓမ္မပြုကျင့်မှု ညှမ်းပန်းနှိပ်စက်မှုတွေကို သူတို့ မျက်မြင်တွေ့ခဲ့ရတဲ့ အခြေအနေတွေကြောင့် စိတ်ပိုင်းဆိုင်ရာ သောကဖိစီးမှု ဝေဒနာခံစားနေရတယ်လို့ ဆိုပါတယ်။
လူမျိုးစုအလိုက် ရှင်းလင်းဖယ်ရှားမှုအဖြစ် သတ်မှတ်ခံရတဲ့ မြန်မာစစ်တပ်ရဲ့ အင်အားသုံး နယ်မြေရှင်းလင်းမှုတွေရှိခဲ့တဲ့ ရခိုင်ပြည်နယ်ကို ပြန်သွားဖို့ဆိုတဲ့ မျှော်လင့်ချက်ဟာ အထိတ်တလန့်ဝေဒနာ ခံစားချက် ပျောက်ကင်းသက်သာမှုကို ဆန့်ကျင်ဘက်ဖြစ်စေနိုင်သလို ကလေးတွေကိုလည်း တသက်လုံးထိခိုက်စေနိုင်ဖို့ ရှိကြောင်း ကျွမ်းကျင်သူတွေက သတိပေးပြောဆိုထားပါတယ်။
အကြမ်းဖက်မှုတွေကနေ လွတ်မြောက်လာတဲ့ ၁၂ နှစ်အရွယ် Sadiya ဆိုတဲ့ မိန်းကလေးက သူရဲ့ကိုယ်တွေ့မျက်မြင်ကို ပြန်ပြောရာမှာ သူ့သူငယ်ချင်းတွေကို စစ်တပ်နဲ့ ဗုဒ္ဓဘာသာဝင်တွေက သတ်ဖြတ်နေချိန်မှာ သူထွက်ပြေးလွတ်မြောက်ခဲ့ပြီး လူသေအလောင်းတွေဟာဆိုရင်လည်း နေရာတိုင်းမှာ ရှိနေတယ်လို့ AFP သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ စိတ်ထိခိုက် ဝမ်းနည်းကြေကွဲစွာနဲ့ ပြောဆိုခဲ့ပါတယ်။ တကယ်လို့ သူတို့ပြန်သွားမယ်ဆိုရင် သူတို့အားလုံးအသတ်ခံရမှာဖြစ်ပြီး သူ့အနေနဲ့ ပြန်မသွားချင်ဘူးလို့ Sadiya ကပြောပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လကတည်းက ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးခဲ့တဲ့ ရိုဟင်ဂျာဒုက္ခသည် ၆၉၀,၀၀၀ ထဲမှာ ကလေးငယ်အရေအတွက်ဟာ သုံးပုံ နှစ်ပုံလောက်ရှိနေပြီး အဲဒီထဲမှာ Sadiya လည်းပါဝင်ပါတယ်။
မြန်မာ-ဘင်္ဂလားဒေ့ရှ် အစိုးရနှစ်ရပ်ကြား သဘောတူညီမှုအရ ဒုက္ခသည်တွေ နေရပ်ပြန်ရေးအစီအစဉ်ကို ဇန်နဝါရီလ နောက်ဆုံးအပတ်မှာ စတင်ဖို့လျာထားပေမယ့် ပြင်ဆင်ရေးအပိုင်းမှာ ပျက်ကွက်မှုတွေရှိခဲ့တယ်ဆိုပြီး တဖက်နဲ့ တဖက် အပြန်အ လှန်ပြစ်တင်ကြပြီးတဲ့နောက် အစီအစဉ်ကို လက်တွေ့အကောင်အထည်ဖေါ် စတင်နိုင်ခြင်းမရှိသေးပါဘူး။ ကုလသမဂ္ဂ အေဂျင်စီတွေနဲ့ ကျွမ်းကျင်သူတွေကတော့ ဒါဟာ ကောင်းတဲ့ လက္ခဏာတရပ်အဖြစ် မြင်ခဲ့ကြပါတယ်။ Justin Forsyth ကတော့ UNICEF ကုလသမဂ္ဂ ကလေးများ ဆိုင်ရာ ရန်ပုံငွေအဖွဲ့ရဲ့ လက်ထောက်ညွန်ကြားရေးမှူးဖြစ်ပါတယ်။
"နယ်စပ်တဖက်ခြမ်းမှာ တိုက်ပွဲတွေဖြစ်နေတာ၊ မီးတွေလောင်နေတာကို အဝေးကနေတောင် လှမ်းမြင်ရတယ်ဆိုတာ ကျနော်တို့သိပါတယ်။ ဒါကြောင့် ဒီလို အကြမ်းဖက်မှုတွေ ဖြစ်နေသမျှ လူတွေကလည်း သူတို့အိမ်တွေဆီပြန်ဖို့ ကြောက်ရွံနေကြမှာပါ။ ဌာနေပြန်ဖို့ အစီအစဉ်စတင်ဖို့ အချိန်မတိုင်သေးပါဘူး။"
ဒါအပြင် ထိတ်လန့်တုန်လှုပ်နေတဲ့ ကလေးငယ်တွေကို နေရပ်ပြန်ပို့မယ်ဆိုရင် သူတို့ရဲ့ အခြေအနေတွေ ပိုပြီးဆိုးရွားသွားဖို့ပဲရှိကြောင်း Justin Forsyth က သတိပေးပြောသွားပါတယ်။
"ကလေးတွေမှာ အထိတ်တလန့်ဝေဒနာခံစားမှုတွေရှိနေခဲ့တာ၊ ဒီအတွက် အထူးစောင့်ရှောက်ဖို့ လိုအပ်နေတယ်ဆိုတာ ကျနော်တို့ သိပါတယ်။ တကယ်လို့ နေရပ်အတင်းပြန်ခိုင်း မယ်ဆိုရင် ကလေးတွေရဲ့ စိတ်ဖိစီးမှုဝေဒနာဟာ ဒီထက်မက ပိုပြီး ဆိုးသွားပါလိမ့်မယ်။ အိပ်မက်ဆိုးတွေ၊ အိပ်မပျော်တဲ့ ဝေဒနာတွေနဲ့ သူတို့ကိုယ်သူတို့ နာကျင်အောင်လုပ်တာတွေပါ။ ဒီလိုဝေဒနာအပြုအမူတွေကို ကလေးတွေဟာ တကယ့်ကိုဆိုးရွားတဲ့အခြေအနေတွေမှာ စတင်ပြုမူကြတာပါ။ ကျနော်ဆိုလိုတာက ကလေးတွေဟာ အလွန်အမင်းကြောက်ရွံမှုနဲ့ တုန်လှုပ်နေကြတာပါ။ ဘာကြောင့်လဲဆိုတော့ သူတို့အနေနဲ့ အလားတူ အကြမ်းဖက်မှုမျိုး ထပ်ပြီး မြင်တွေ့ရမလား၊ မမြင်တွေ့ရဘူးလားဆိုတာ သူတို့ သေချာမသိကြပါဘူး။"
လက်ရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ စစ်တပ်တွင်း စိတ်ပိုင်းဆိုင်ရာကုစားပေးနေတဲ့ စိတ်ပညာရှင်တချို့ ရောက်ရှိပြီး စေတနာ့ဝန်ထမ်းအဖြစ် ဆောင်ရွက်နေကြတာပါ။ သူတို့ကလည်း ဒုက္ခသည်တွေနေရပ်ပြန်ပို့ရေးဟာ ကလေးတွေကို ရေရှည်ထိခိုက်မှု ဖြစ်စေလိမ့်မယ်လို့ သတိပေးထားပါတယ်။
စိတ်ဖိစီးမှုခံစားနေရတဲ့ Nurul Amin ကလည်း သူကြုံတွေ့ခဲ့ရတဲ့ အဖြစ်ဆိုးတွေကို အိပ်မက်အဖြစ် ပြန်ပြန်မက်နေပြီး အခုချိန်ထိ ထိတ်လန့် နေဆဲဖြစ်တယ်လို့ ပြောပြပါတယ်။
"ကျနော် အိပ်တဲ့အခါ မြန်မာပြည်တုန်းက ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေအကြောင်း တခါတလေ အိပ်မက်ဆိုးတွေ အဖြစ် ပြန်ပြီး မက်ပါတယ်။ သောကတွေရောက်ပြီး စိတ်ဖိစီးမှုခံစားရပါတယ်။ အဲဒီအချိန်ဆို ဘလီကျောင်းသွားပြီး ဆုတောင်းဝတ်ပြုလိုက်ပါတယ်။ ကျနော် စိတ်သက်သာရာ ရပါတယ်။ အဲဒီနောက် အိမ်ပြန်ပြီး ပြန်အိပ်တယ်။ ဒါပေမယ့် ပြန်နိုးတဲ့အခါ စိုးရိမ်စိတ်တွေပြန်ပြီး ခံစားမိပါတယ်။"
ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်း ဒုက္ခသည်စခန်းတွေမှာတော့ ကလေးငယ်တွေ လုံလုံခြုံခြုံ နဲ့ ပြေးလွှား ဆော့ကစားနိုင်၊ စုဝေးစာဖတ်နိုင်တဲ့ နေရာတွေ ဖန်တီးပေးထားပါတယ်။ မြန်မာနိုင်ငံဘက်ခြမ်းမှာတော့ အာဏာပိုင်တွေဘယ်လို ပြင်ဆင်နေသလဲဆိုတာ အနည်းအကျဉ်းလောက်ပဲ သိရပါသေးတယ်။ ဒီသီတင်းပတ်အတွင်း ထွက်လာတဲ့ သတင်းဓါတ်ပုံတွေထဲမှာတော့ မြန်မာဘက်က ဒုက္ခသည်တွ ပြန်လည်လက်ခံရေး စခန်းတွေမှာတော့ သံဆူးကြိုးတွေနဲ့ ကာရံထားပုံတွေဟာ ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ အနေအထားနဲ့ ဆန့်ကျင်ဘက် ဖြစ်နေပါတယ်။