နာမည်ကြီး ဖက်ရှင်အဝတ်အထည်တွေ ထုတ်လုပ်တဲ့ Inditex စီးပွားရေးလုပ်ငန်းက မြန်မာနိုင်ငံတွင်း လုပ်ငန်းတွေ လျှော့ချ ထွက်ခွာဖို့ စတင်လုပ်ဆောင်နေပြီလို့ ပြောဆိုထားပါတယ်။ ဒီကုမ္ပဏီပိုင် Zara တံဆိပ် အဝတ်အထည်တွေကို လက်ခံချုပ်လုပ်ပေးနေတဲ့ တရုတ်နိုင်ငံသားပိုင် ကုမ္ပဏီက အလုပ်သမားတချို့ကို စစ်တပ်က ဝင်ရောက် ဖမ်းဆီးခဲ့ပြီးနောက် မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှုတွေ ဆက်မလုပ်ဖို့ နိုင်ငံတကာ အလုပ်သမား သမဂ္ဂတွေ၊ လူ့အခွင့်အရေး အဖွဲ့တွေကလည်း ဖိအားပေး တိုက်တွန်းနေတာပါ။ ရန်ကုန်က ပေးပို့လာတဲ့ ဒီသတင်းကို ကိုစံကျော်က ပြောပြမှာပါ။
Inditex ကုမ္ပဏီရဲ့ နာမည်ကြီး Zara တံဆိပ်တွေကို ချုပ်ပေးနေတဲ့ ရွှေပြည်သာမြို့နယ်က တရုတ်နိုင်ငံသားပိုင် ဟိုစိမ့်ကုမ္ပဏီ (Hosheng) မှာ ဆူပူမှုကို ဖန်တီးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သမဂ္ဂခေါင်းဆောင်တချို့ကို စစ်တပ်က စက်ရုံထဲ ဝင်ရောက်ဖမ်းဆီးခဲ့ပြီး တရားစွဲဖို့ ပြင်ဆင်တာတွေ ရှိနေချိန်မှာပဲ Inditex ကုမ္ပဏီ မြန်မာနိုင်ငံကနေ ထွက်ခွာဖို့ ပြင်နေတဲ့အကြောင်း ကုမ္ပဏီပြောခွင့်ရက သိပ်မကြာခင် ရက်ပိုင်းကပဲ သတင်းမီဒီယာတချို့မှာ ပြောဆိုခဲ့ပါတယ်။
တကယ်လို့ Inditex ကုမ္ပဏီအနေနဲ့ သူ့အထည်တွေကို ချုပ်လုပ်နေတဲ့ စက်ရုံတွေမှာ အလုပ်သမားတွေရဲ့ အခွင့်အရေးတွေ ရရှိအောင် မဖော်ဆောင်ပေးနိုင်ဘူးဆိုရင် မြန်မာနိုင်ငံထဲကနေ ထွက်သင့်တယ်လို့ အလုပ်သမား သမဂ္ဂတွေကလည်း ဖိအားပေးနေကြတာပါ။ သမဂ္ဂ ခေါင်းဆောင်တွေ ဖမ်းဆီးခံထားရတာနဲ့ပတ်သက်ပြီး Hosheng စက်ရုံက အလုပ်သမားတွေကို အကူအညီပေးနေတဲ့ ကိုသူရိန်အောင်က ဗွီအိုအေကို ပြောပါတယ်။
" Inditex ကတော့ ထွက်မယ်ဆိုတဲ့ဟာ ကျနော်တို့လည်း ကြားတယ်၊ ကျနော်တို့ရဲ့ သဘောထားကလည်း လက်ရှိ မြန်မာပြည်အခြေအနေအရ ဆက်ပြီး မြန်မာပြည်မှာ အလုပ်လုပ်ဖို့ ရှိတယ်ဆိုရင် တာဝန်ယူမှုရှိတဲ့ ပုံစမျိုးနဲ့ လုပ်စေချင်တာပေါ့ဗျာ။ ဒါပေမဲ့ မလုပ်နိုင်ဘူး ဆိုရင်လည်း ထွက်သွားတာပဲ ပိုကောင်းတာပေါ့။"
မြန်မာစစ်တပ်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်နေပေမဲ့ နိုင်ငံတကာ တံဆိပ်တွေဟာ ပြည်တွင်းမှာ ဆက်ပြီးလည်ပတ်နေတာ၊ လူ့အခွင့်အရေး ချိုးဖောက်နေတဲ့ စက်ရုံတွေနဲ့ လက်တွဲ လုပ်ကိုင်နေတာကို အလုပ်သမား ရေးရာအဖွဲ့တွေက ထောက်ပြကြပါတယ်။ တံဆိပ်တချို့ကတော့ သူတို့ဟာ အလုပ်အကိုင် အခွင့်အလမ်းတွေအတွက် ပြည်တွင်းမှာ ဆက်ရှိဖို့လိုတယ်ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ဆက်ရှိနေကြပါတယ်။ တချို့ နာမည်ကြီး တံဆိပ် အ၀တ်အထည်တွေ ထုတ်လုပ်တဲ့ စက်ရုံတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆိုးဆိုးဝါးဝါး ရှိနေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် CTUM က ဒေါ်ခိုင်ဇာအောင်က ဗွီအိုအေကို ပြောပါတယ်။
"တကယ်ကျတော့ အဲဒီ Brandတွေ ရင်းနှီးမြှုပ်နှံနေတဲ့ အထည်ချုပ်လုပ်ငန်းမှာ ကြည့်မယ်ဆိုရင် ပြည်သူတွေက အလုပ်သမားတွေက ကျွန်ပြုခံနေရတဲ့ အနေအထားသာဖြစ်တယ်၊ အလုပ်အကိုင် အခွင့်အလမ်းတွေက အထည်ချုပ်လုပ်ငန်းတွေ ထွက်သွားမှ ဆုံးရှုံးသွားမှာ မဟုတ်ပါဘူး၊ ကျမတို့ ဆုံးရှုံးသွားပြီးပြီ။ အခုလည်း အထည်ချုပ်လုပ်ငန်းမှာရှိတဲ့ အလုပ်သမားတွေက အလုပ်အကိုင် အာမခံချက် လုံးဝမရှိပါဘူး။ နေ့စားအလုပ်သမားအဖြစ် ခိုင်းခံရတယ်၊ မေးခွန်းမေးလို့မရဘူး၊ ခိုင်းတာလုပ် ကျွေးတာစား။ အဲဒါက အလုပ်အကိုင်မဟုတ်ဘူး။ အဲဒါကိုလည်း ကျမတို့က သိစေချင်ပါတယ်။"
အဲ့ဒီလို အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရတာတွေကြောင့် အခွင့်အရေး တောင်းဆိုခဲ့ကြတဲ့ ဟိုစိမ့် စက်ရုံက အလုပ်သမားတွေ လက်ရှိမှာ တရားရင်ဆိုင်နေရတဲ့ အခြေအနေနဲ့ ပတ်သက်လို့လည်း ကိုသူရိန်အောင်က ခုလို ပြောပါတယ်။
" နောက်တပတ် ရုံးချိန်ယူထားတယ်၊ ပုဒ်မတွေကတော့ အတိအကျ မတပ်ရသေးဘူး။ ဒါပေမဲ့ သိထားရတာကတော့ စစ်ကြောရေးလုပ်နေတဲ့အဖွဲ့က အကြံပြုထားတာက ၁၇(၁) နဲ့ ၅၀၅(က) အကြံပြုထားပါတယ်တဲ့။"
ဒီမိုကရေစီထွန်းကားတဲ့ နိုင်ငံကြီးတွေက ကုမ္ပဏီကြီးတွေ အနေနဲ့ စီးပွားရေးဆိုင်ရာ အကျိုးစီးပွားတခုကိုပဲ ကြည့်နေမယ်ဆိုရင် ဒါက မြန်မာစစ်ကောင်စီကို သွယ်ဝိုက်တဲ့နည်းနဲ့ ထောက်ခံတာ ဖြစ်တယ်လို့လည်း တချို့က ထောက်ပြကြပါတယ်။
မြန်မာ ဥရောပသမဂ္ဂရုံးကတော့ Hosheng စက်ရုံမှာ ဖမ်းဆီးခံလိုက်ရတဲ့ အလုပ်သမားတွေကို ပြန်လွှတ်ပေးဖို့ စစ်ကောင်စီကို တောင်းဆိုထားပါတယ်။
နိုင်ငံတကာတံဆိပ်တွေ မြန်မာနိုင်ငံထဲက တာဝန်သိသိနဲ့ ထွက်သွားဖို့ဆိုရင် နိုင်ငံစုံက ဖိအားတွေလိုလိမ့်မယ်လို့ ကမ္ဘာ့အလုပ်သမားရေးရာ အဖွဲ့တခုဖြစ်တဲ့ IndustriAll အဖွဲ့ရဲ့ အထွေထွေ အတွင်းရေးမှူးကလည်း သိပ်မကြာခင်က ပြောဆိုခဲ့ပါတယ်။ တောင်အာဖရိကမြို့တော် Cape Town မှာ ဇွန်လ ၁၉ရက်က ကျင်းပသွားတဲ့ ကမ္ဘာ့အလုပ်သမားရေးရာ အဖွဲ့တခုဖြစ်တဲ့ IndustriAll အဖွဲ့ရဲ့ အမူဆောင် အစည်းအဝေးကို နိုင်ငံပေါင်း ၆၀က ကိုယ်စားလှယ် ၂၀၀ တက်ရောက်ချိန်မှာ ပြောဆိုခဲ့တာပါ။ Primark, Uniclo and Inditex တို့လို နာမည်ကြီးတံဆိပ်တွေဆီက အပြုသဘောဆောင်တဲ့ အချက်ပြ တုံ့ပြန်မှုတွေလည်း ရရှိထားတယ်လို့ IndustriAll အဖွဲ့ အထွေထွေ အတွင်းရေးမှူးက အဲဒီအစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။
Your browser doesn’t support HTML5