အိန္ဒိယသမ္မတ Ram Nath Kovind နဲ့ ဇနီး မြန်မာနိုင်ငံကို ဒီဇင်ဘာ ၁၀ ရက်ကနေ ၁၄ ရက်နေ့ အထိ အလည်အပတ်ရောက်လာလိမ့်မယ်လို့ အိန္ဒိယသတင်းတွေကဖေါ်ပြပါတယ်။ ဒီငါးရက်ကြာ ခရီးစဉ်အတွင်း သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့လည်း တွေ့ဆုံသွားမှာဖြစ်ပြီး ၂ နိုင်ငံ သဘောတူညီမှုတော်တော်များများလည်း လက်မှတ် ရေးထိုးလိမ့်မယ်လို့မျှော်လင့်ရပါတယ်။
အိန္ဒိယသမ္မတနဲ့ဇနီးဟာ နေပြည်တော်ကို ဒီဇင်ဘာ ၁၀ ရက်နေ့ရောက်လာကြမှာ ဖြစ်ပြီး ၁၁ ရက်နေ့မှာတော့ သမ္မတဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တွေ့ဆုံကြဖို့ရှိပါတယ်။ ၁၂ ရက်နေ့မှာတော့ အိန္ဒိယနိုင်ငံရဲ့ အကူအညီနဲ့ဖွင့်လှစ်ထားတဲ့ စိုက်ပျိုးရေးနဲ့ပညာရေး သုတေသနဌာနကို သွားရောက်လည်ပတ်ပါလိမ့်မယ်။ သမ္မတ Ram Nath Kovindနဲ့ ဇနီးဟာ ရန်ကုန်မြို့ကိုလည်း သွားရောက်မှာဖြစ်ပြီး ရန်ကုန်မှာကွယ်လွန်ခဲ့တဲ့ အိန္ဒိယရဲ့နောက်ဆုံး မဂိုလ် ဧကရာဇ် Bahadur Shah Zafar ရဲ့ဂူဗိမာန်ကိုလည်း ဒီဇင်ဘာ ၁၃ ရက်နေ့မှာ သွားဖို့ရှိပါတယ်။ ရွှေတိဂုံဘုရား၊ အာဇာနည်ဗိမာန်၊ ဓမ္မဇောတိဝိပဿနာရိပ်သာတွေကိုလည်းသွားဦးမှာပါ။
အိန္ဒိယကုမ္ပဏီ ၄၅ ခုပါဝင်မယ်လို့မျှော်လင့်ရတဲ့ ကုန်စည်ပြပွဲကိုလည်း သမ္မတ Ram Nath Kovind က ဖွင့်လှစ် ပေးဖို့ရှိပါတယ်။ လွန်ခဲ့တဲ့သုံးနှစ်အတွင်းအိန္ဒိယနဲ့မြန်မာ ၂ နိုင်ငံအကြား နိုင်ငံရေး၊ စီးပွါးရေးနဲ့ စစ်ရေးဆိုင်ရာ ဆက်ဆံမှုတွေတိုးတက်လာခဲ့သလို ၂ နိုင်ငံခေါင်းဆောင်တွေရဲ့အပြန်အလှန် လည်ပတ်မှုတွေလည်းရှိခဲ့တာပါ။ အိန္ဒိယဝန်ကြီးချုပ် Narendra Modi မြန်မာနိုင်ငံကိုပြီးခဲ့တဲ့နှစ်တုန်းကရောက်လာခဲ့ပြီး နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က အိန္ဒိယကို အခုနှစ်ဆန်းပိုင်းမှာသွားရောက်ခဲ့ပါတယ်။ ရခိုင်ပြည်နယ် တိုးတက် ဖွံ့ဖြိုးရေး အစီအစဉ်တွေအတွက် အိန္ဒိယကူညီမှုတွေရှိတဲ့အထဲမှာ ရိုဟင်ဂျာဒုက္ခသည်တွေပြန်လာတဲ့အခါ နေထိုင် ဖို့ အဆောက်အဦးတွေတည်ဆောက်ရေးလည်းပါဝင်ပါတယ်။ ဘင်္ဂလားဒေ့ချ်ကိုထွက်ပြေးခဲ့ကြတဲ့ ရိုဟင်ဂျာတွေ အမြန်ဆုံး နေရပ်ပြန်ရေးအကောင်အထည်ဖေါ်ကိုလည်း အိန္ဒိယဘက်ကလိုလားတာပါ။ အိန္ဒိယနိုင်ငံမှာလည်း ရိုဟင်ဂျာမူဆလင်တွေ လေးသောင်းကျော်ရှိနေပါတယ်။
Your browser doesn’t support HTML5