အိန္ဒိယအရှေ့မြောက်ပိုင်း မဏိပူပြည်နယ်ထဲမှာ မေလက စတင်ဖြစ်ပွားခဲ့တဲ့ လူမျိုးစုတွေကြား အကြမ်းဖက်မှုတွေကြောင့်သေဆုံးရသူက ၁၄၀ ဝန်းကျင် ရှိနေပြီး ရာနဲ့ချီတဲ့လူနေအိမ်တွေ မီးလောင်ကျွမ်းခဲ့သလို အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသူ ၆၀,၀၀၀ လောက်ဟာလည်း ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေရပါတယ်။
လူဦးရေ ၃ ဒသမ ၂ သန်းရှိတဲ့ ပြည်နယ်ထဲမှာ ဒီလို တိုက်ခိုက်မှုတွေကြောင့် လူ့အဖွဲ့အစည်းနှစ်ခုကြားမှာ လူမျိုးရေးကွဲပြားမှုတွေ နက်နက်ရှိုင်းရှိုင်းကို ဖြစ်စေခဲ့သလို ဒါဟာ လက်ယာယိမ်း BJP ပါတီခေါင်းဆောင် ဟိန္ဒူ အမျိုးသားရေးဝါဒီ ၀န်ကြီးချုပ် နာရင်ဒြာမိုဒီ (Narendra Modi) နဲ့ အတိုက်အခံပါတီတွေကြား ကွဲပြားနေတာတွေရဲ့ နိုင်ငံရေးအရ ရောင်ပြန်ဟပ်မှုတခု ဖြစ်ကြောင်း လေ့လာသူတွေက သုံးသပ်ကြပါတယ်။
မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ မဏိပူပြည်နယ်မှာ ဟိန္ဒူအများစု ဖြစ်ကြတဲ့ Meitei လို့လည်းခေါ်တဲ့ ကသည်းလူမျိုးနဲ့ တခြား ခရစ်ယာန်အများစုဖြစ်တဲ့ကူကီးနဲ့ အခြား မျိုးနွယ်စုတွေကြား တင်းမာမှုတွေမြင့်တက်နေတာပါ။ တောင်ထူထပ်တဲ့ အဲဒီ ပြည်နယ်ထဲမှာ လုံခြုံရေးတပ်ဖွဲ့ဝင် ထောင်နဲ့ချီ ချထားရပါတယ်။
ဒါပေမယ့် လူမျိုးရေး အဓိကရုဏ်းတွေ ဖြစ်နေတာ (၃) လ ကြာနေပြီး အိန္ဒိယ ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရ နှစ်ခုစလုံးက အခြေအနေကို အလုံးစုံ မထိန်းချုပ်နိုင်သေးတာက စိုးရိမ်စရာကောင်းကြောင်း အကဲခတ်တွေက ထောက်ပြနေကြပြီး အာဏာရ ဟိန္ဒူ အမျိုးသားရေးဝါဒီတွေအနေနဲ့ ပဋိပက္ခကိုတားဆီးဖို့ ဘာကြောင့် ပျက်ကွက်ခဲ့လဲဆိုပြီး မေးခွန်းထုတ်နေကြပါတယ်။
Your browser doesn’t support HTML5