"ပဋိပက္ခတွေကြောင့် ကမ္ဘာ့စီးပွားတိုးတက်မှုနှေးကွေးနိုင်" - IMF

ဗြိတိန်နိုင်ငံ လန်ဒန်မြို့ အောက်စ်ဖို့ဒ်လမ်းပေါ်က လမ်းသွားလမ်းလာများနှင့် ဈေးဆိုင်များကိုတွေ့ရစဉ် (ဇူလိုင် ၁၇၊ ၂၀၂၃)

ကမ္ဘာ့စီးပွားရေးတိုးတက်မှု အရှိန်အဟုန်တွေဟာ အတိုးနှုန်းမြင့်မားမှု၊ ယူကရိန်းအပေါ် ရုရှားကျုးကျော်မှု၊ ပထဝီဝင်နိုင်ငံရေး ပြဿနာတွေအပြင် အခုနောက်ဆုံး အစ္စရေးနဲ့ ဟာမက်စ်စစ်သွေးကြွတွေကြားက စစ်ပွဲကြောင့် မရေရာမှုအသစ်တွေ ကြုံနေရတယ်လို့ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က သတိပေးလိုက်ပါတယ်။

ကမ္ဘာ့စီးပွားရေးဟာ ဒီနှစ်မှာ ၃ ရာခိုင်နှုန်းရှိမယ်လို့ ခန့်မှန်းထားပေမဲ့ ရှေ့လာမယ့် ၂၀၂၄ ခုနှစ်မှာ ၂.၉ ရာခိုင်နှုန်းလောက် ဖြစ်နိုင်တယ်လို့လည်း IMF က လျှောချခန့်မှန်းခဲ့တာပါ။ ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးမှုဟာ ပြီးခဲ့တဲ့နှစ်ထဲ ၃.၅ ရာခိုင်နှုန်း ရှိနေရာက ရှေ့နှစ်မှာ ၃ ရာခိုင်နှုန်းလောက် ရှိမယ်လို့ ဇူလိုင်လမှာ IMF က ခန့်မှန်းခဲ့ပါတယ်။

ကိုဗစ်ကပ်ရောဂါကြောင့် ၂၀၂၀ ပြည့်နှစ်မှာ စီးပွားရေးချွတ်ခြုံကျမှုနဲ့ ကြုံခဲ့ရပြီးနောက် အပြည့်အဝ ပြန်နာလန်မထူနိုင်သေးခင်မှာပဲ ဖွံ့ဖြိုးမှုတွေ နှေးကွေးမယ့် ခန့်မှန်းချက် ထွက်လာခဲ့တာပါ။

အရှေ့အလယ်ပိုင်းဒေသမှာ ပဋိပက္ခသစ်တွေ ပေါ်ပေါက်လာတာကြောင့် အထူးသဖြင့် ရေနံဈေးတွေမှာ ရိုက်ခတ်မယ့် အလားအလာတွေလည်း ရှိနေပါတယ်။ ပဋိပက္ခတွေ တာရှည်ပြီး ရေနံဈေးတွေ ၁၀ ရာခိုင်နှုန်းလောက် တက်ခဲ့မယ်ဆိုရင်၊ ကမ္ဘာ့စီးပွားရေးမှာ ဝ.၁၅ ရာခိုင်နှုန်းလောက် ကျဆင်းပြီး ငွေကြေးဖောင်းပွမှုနှုန်း ဝ.၄ ရာခိုင်နှုန်းလောက် တိုးလာနိုင်တယ်လို့လည်း IMF က ခန့်မှန်းထားတာပါ။

ကိုဗစ်ကပ်ရောဂါနဲ့ ယူကရိန်းအပေါ် ရုရှားကျုးကျော်မှု အပါအဝင် ပြီးခဲ့တဲ့ ရိုက်ခတ်မှုတွေကြောင့် လွန်ခဲ့တဲ့ ၃ နှစ်အတွင်း ကမ္ဘာ့စီးပွားရေးဟာ ၃.၇ ထီလီယံဒေါ်လာ ဆုံးရှူံးခဲ့ရတယ်လို့လည်း IMF ရဲ့ အစီရင်ခံစာသစ်က ဖော်ပြထားပါတယ်။

Your browser doesn’t support HTML5

"ပဋိပက္ခတွေကြောင့် ကမ္ဘာ့စီးပွားတိုးတက်မှုနှေးကွေးနိုင်" - IMF